NUG ဝန်ကြီး တိုင်းရင်းသားတွေနဲ့ရိုဟင်ဂျာတွေကို တောင်းပန် 

NUG ဝန်ကြီး တိုင်းရင်းသားတွေနဲ့ရိုဟင်ဂျာတွေကို တောင်းပန် 

ဧပြီ ၂၂

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် (NUG) အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ၀န်ကြီး နော်စူစန်နာ လှလှစိုးက ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် လူ့အခွင့်ရေးချိုးဖောက်ခံရတဲ့ တိုင်းရင်းသားဒေသနှင့်ရိုဟင်ဂျာများအပေါ်  အထူးစိတ်မကောင်းဖြစ်မိပါတယ်လို့ ပြောကြားလိုက်ပါတယ်။ 

ဧပြီ ၂၂ ရက်နေ့အရှေ့တောင်အာရှလူထုထိပ်သီးအစည်းအဝေးလို့ အဓိပ္ပာယ်ရတဲ့ " Southeast Asia People's Summit on Myanmar " အစည်းဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကို  မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ အဖွဲ့ဝင် Marzuki Darusman နဲ့ ရိုဟင်ဂျာလူ့အခွင့်ရေးလှုပ်ရှားသူတွေလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဒါဟာ NLD အဖွဲ့ဝင်တစ်ဦးအနေနဲ့သော်လည်းကောင်း၊ NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအနေနဲ့သော်လည်း လူသိရှင်ကြား ပထမဆုံးထုတ်ဖော် ပြောကြားလာတာဖြစ်ပါတယ်။ 

" ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သတ်ပြီးတော့ သိပ်ကောင်းကောင်းမလုပ်နိုင်ခဲ့သလို၊ တိုင်းရင်းသားဒေသက အသံတွေပျောက်ဆုံးနေတာနဲ့ပတ်သတ်ပြီး ကျမ ဝန်ခံပါတယ်။ အဲဒီအတွက် ကျမ တစ်ဦးတည်းဆန္ဒအရတောင်းပန်ချင်ပါတယ်။" 

NLD အစိုးရလက်ထက်မှာ ပြည်ထောင်စုလွှတ်တော်အမတ်တစ်ယောက်အဖြစ် နော်လှလှစိုးကိုယ်တိုင်လည်း ၅ နှစ်သက်တမ်းတာဝန်ထမ်းဆောင်ခဲ့ပေမယ့်၊ တိုင်းရင်းသားညီအကိုမောင်နှမတွေနဲ့ ရိုဟင်ဂျာတွေရဲ့ အသံကို မြင့်တင်နိုင်ခြင်းမရှိတာကြောင့် "တကယ် စိတ်မကောင်းဖြစ်မိပါတယ် " လို့ သူက ပြောခဲ့ပါတယ်။  

အစိုးရသစ်သက်တမ်းမှာတော့ သူတို့အနေနဲ့ခွဲခြားဆက်ဆံမှုမရှိတဲ့ လူ့အသိုင်းအဝိုင်းနဲ့ စည်းလုံးညီညွတ်ပြီးတော့ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ နိုင်ငံအဖြစ်တည်ထောင်ချင်တယ်လို့ သူက ဆိုပါတယ်။ 

"ဒါက ကျမတို့ လာမယ့်အနာဂတ်ကာလမှာ လုပ်ဆောင်ချင်တဲ့ အရာဖြစ်ပါတယ်။ ကျမတို့ အတိတ်မှာ မှားခဲ့တယ်။ အဲဒီအတွက် အနာဂတ်သစ်မှာ စာမျက်နှာအသစ်တစ်ခုဖွင့်ချင်ပါတယ်။"
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly