တရုတ် GAC ကားကုမ္ပဏီက မြန်မာကားစက်ရုံ အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်မည်

တရုတ် GAC ကားကုမ္ပဏီက မြန်မာကားစက်ရုံ အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်မည်

ဧပြီ ၂၂

တရုတ်အခြေစိုက် Guangzhou Automobile Group (GAC) ကားကုမ္ပဏီသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကားများ စတင်ထုတ်လုပ်မည့် အစီအစဉ်များကို ရှေ့ဆက် လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် အဆိုပါ တရုတ်နိုင်ငံပိုင် ကားလုပ်ငန်းအုပ်စု၏ နိုင်ငံတကာပြုမှု အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ ရန်ကုန် စက်ရုံက တည်ဆောက်မှု ကနဦးအဆင့်မှာ ရှိနေပါတယ်၊ လက်ရှိအခြေအနေတွေကြောင့် ထိခိုက်မှု မဖြစ်ထားပါဘူး” ဟု တရုတ်ကားလုပ်ငန်းစု၏ GAC Motor လုပ်ငန်းမှ အာရှဆိုင်ရာ အထွေထွေ မန်နေဂျာ ဘန်ချန်းက Nikkei Asia နှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

ယင်းနှင့် ဆန့်ကျင်လျက်ဖြင့် ဂျပန်နှင့် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူအများအပြားသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြသူများအပေါ် အာဏာသိမ်းစစ်အုပ်စုဘက်က အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်ရှိနေစဉ်အတွင်း နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ရပ်ဆိုင်းခြင်း သို့မဟုတ် လုပ်ငန်းများမှ ပြန်လည်ဆုတ်ခွာခြင်းတို့ကို လုပ်ဆောင်ထားခဲ့ကြသည်။

အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့၀င်များ၏ လက်ချက်ကြောင့် အရပ်သား ၇၃၉ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောသည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာတွင် အထူးသဖြင့် အထည်ချုပ်စက်ရုံများ အပါအ၀င် တရုတ်စက်ရုံ ဒါဇင်နှင့်ချီတို့ တိုက်ခိုက်ခံရခြင်း သို့မဟုတ် မီးလောင်ကျွမ်းခြင်းတို့ဖြစ်ခဲ့ရာ ပစ္စည်း ဥစ္စာ ဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာ ၃၇ သန်းအထိ ရှိထားခဲ့ကြောင်း တရုတ်သံရုံးက ပြောသည်။

ပေကျင်းသည် အာဏာသိမ်းမြန်မာစစ်တပ်ကို အရေးပါသည့် ထောက်ပံ့မှု ပံ့ပိုးပေးနေသည်ဟု ဆန္ဒပြသူတစ်ချို့က ယုံကြည်ကြသည်။

Toyota Motor သည် ဒေါ်လာ ၅၂ သန်း ကုန်ကျသည့် စက်ရုံသစ်တစ်ရုံ ဖွင့်လှစ်ရန် စီစဉ်ထားခဲ့သော်လည်း ယင်းစက်ရုံဖွင့်လှစ်မှုကို နောက်ဆုတ်ရွှေ့ဆိုင်းထားခဲ့သည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင် ကားသစ်စီးရေ ၁၇,၇၀၇ စီး ရောင်းချခဲ့ရပြီး စီးရေ ၁၀,၇၅၃ စီး ထုတ်လုပ်ခဲ့ကြောင်း အာဆီယံ မော်တော်ကားဖက်ဒရေးရှင်း၏ ဒေတာအချက်အလက်များအရ သိရသည်။

ယင်းသည် ၂၀၁၉ ခုနှစ်က ရောင်းအားနှင့် ထုတ်လုပ်မှု လယ်ဗယ်များနှင့် ယှဥ်ပါက ၁၉ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၃၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခြင်း ဖြစ်ကာ ယင်းသို့ ကျဆင်းမှုက ကိုဗစ်-၁၉ ကပ်‌ရောဂါ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထို ကိန်းဂဏန်းများသည် ယခုနှစ်တွင်လည်း လက်ရှိအခြေအနေများကြောင့် ထပ်မံ ကျဆင်းသွားရန် ရှိနေသည်။

မြန်မာ့စီးပွားရေးသည် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း ကျုံ့မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

GAC ၏ ကားစက်ရုံ မည်သည့်လတွင် ဖွင့်လှစ်မည်လဲဆိုသည်ကို ချန်းက ပြောဆိုခဲ့ခြင်းတော့ မရှိပေ။ ထိုကားစက်ရုံသည် LS Automotive နှင့်အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး LS Automotive သည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ GAC ကားများကို ဖြန့်ဖြူးရောင်းချပေးနေသည့် ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly