မြန်မာ့အကျပ်အတည်း ပိုမိုဆိုး၀ါးလာပြီး လူသန်းနှင့်ချီ အငတ်ဘေးကြုံနိုင်ဟု ကုလ ပြော

မြန်မာ့အကျပ်အတည်း ပိုမိုဆိုး၀ါးလာပြီး လူသန်းနှင့်ချီ အငတ်ဘေးကြုံနိုင်ဟု ကုလ ပြော

ဧပြီ ၂၂

စစ်အာဏာသိမ်းမှုနှင့်အတူ ဘဏ္ဍာရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မဖူလုံမှုက သိသိသာသာ မြင့်တက်နေပြီး လူပေါင်းသန်းနှင့်ချီတို့သည် ရှေ့လာမည့် လများတွင် အငတ်ဘေးနှင့် ကြုံရဖွယ် ရှိကြောင်း ကုလသမဂ္ဂက ဧပြီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းများတွင် အလုပ်အကိုင် ဆုံးရှုံးမှုများ များပြားလာခြင်း၊ စားသောက်ကုန် စျေးနှုန်းများ မြင့်တက်ခြင်းနှင့်အတူ လူပေါင်း ၃ ဒသမ ၄ သန်းကျော်ခန့်သည် နောက်လာမည့် သုံးလကနေ ခြောက်လအတွင်း အစားအစာ ၀ယ်ယူရရှိနိုင်ရေး ရုန်းကန်ရလိမ့်မည်ဖြစ်ပြီး မြို့ပြဧရိယာများသည် အဆိုး၀ါးဆုံး ခံရနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ စိစစ်တွေ့ရှိချက်က ပြသနေသည်။

“အလုပ်အကိုင်တွေ ဆုံးရှုံးရတာနဲ့ အစားအစာအတွက် ၀ယ်ယူနိုင်ခြင်း မရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေက တစ်နေ့တစ်ခြား တိုးလာနေခဲ့ပါတယ်” ဟု ဌာနေ ညွှန်ကြား‌ရေးမှူး စတီဖန် အန်ဒါဆန်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုသည်။

“စားနပ်ရိက္ခာ မဖူလုံမှုပိုင်းမှာ စိုးရိမ်ဖွယ်ရာ ယိုယွင်းဆိုးရွားလာမှုကို တားဆီးကာကွယ်ဖို့နဲ့ လောလောလတ်လတ် ချက်ချင်းလက်ငင်းကြုံရမယ့် ဆင်းရဲဒုက္ခတွေကို သက်သာရာရစေဖို့အတွက် လက်ရှိအချိန်မှာ စုပေါင်းအားထုတ်မှုတစ်ခု လိုအပ်နေပါတယ်”

ဆန်နှင့် ဟင်းချက်ဆီ ပေါက်စျေးက ဖေဖေါ်၀ါရီလကုန်နောက်ပိုင်း ၅ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်းစီဖြင့် အသီးသီး မြင့်တက်ထားခဲ့ကြောင်း နှင့် ရန်ကုန်မြို့ရှိ မိသားစုများမှာ အစားအသောက် လျှော့စားခြင်း၊ အာဟာရဖြစ်သည့် အစားအသောက်များ စားသုံးမှု နည်းပါးသွားခြင်းနှင့် အကြွေးတင်ခြင်း တို့ ရှိနေသည့် လက္ခဏာများ တွေ့နေရကြောင်း WFP က ပြောခဲ့သည်။

အေဂျင်စီအနေဖြင့် ယင်းက ကူညီပေးသော လူဦးရေ အရေအတွက်ကို ၃ ဒသမ ၃ သန်းအထိ သုံးဆတိုးရင်း ယင်း၏ လုပ်ငန်းများကို တိုးချဲ့ရန် စီစဥ်နေကြောင်းနှင့် ဒေါ်လာ ၁၀၆ သန်း တောင်းခံထားကြောင်း WFP က ပြောခဲ့သည်။

မြန်မာစစ်တပ်သည် နိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ရာ နိုင်ငံကို ၀ရုန်းသုန်းကား အခြေအနေသို့ ထိုးဆင်းကျစေခဲ့သည်။ ထို့ပြင် အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများနှင့် နိုင်ငံတ၀န်း CDM လုပ်ရှားမှု တို့အပေါ် လူမဆန်စွာ အင်အားသုံး ဖြိုခွင်းနှိမ်နင်းခဲ့ရာ လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုထံမှ သိရသည်။

အကျပ်အတည်းကြောင့် နိုင်ငံ၏ ဘဏ်စနစ် လုံး၀ဥဿုံရပ်တန့်မည့်အခြေအနေကို ဦးတည်စေခဲ့ပြီး ဘဏ်ခွဲအများအပြားလည်း ပိတ်ထားခဲ့ရရာ စီးပွားရေးလုပ်ငန်းများမှာ ငွေပေးချေမှုများ လုပ်ဆောင်နိုင်ခြင်းမရှိသလို ဖောက်သည် customers များသည်လည်း ငွေသားထုတ်နိုင်ခြင်းမရှိသည့် အခြေအနေများကို ဖြစ်စေခဲ့သည်။

လူအများအပြားသည် ပြည်ပရှိ ဆွေမျိုးများထံမှ လွှဲပို့ပေးသည့် ငွေများကို မှီခိုကြရသည်။ သွင်းကုန်နှင့် ပို့ကုန်အများစုသည်လည်း ရပ်ဆိုင်းထားခဲ့ရပြီး စက်ရုံအလုပ်ရုံများလည်း ပိတ်ထားခဲ့ရသည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၁ တွင် ၁၀ ရာခိုင်နှုန်း ကျုံ့မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly