အာဏာသိမ်းစစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၂ သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာခဲ့ရဟု ကုလ သံတမန် ပြော

အာဏာသိမ်းစစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၂ သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာခဲ့ရဟု ကုလ သံတမန် ပြော

ဧပြီ ၂၁

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအပေါ် အာဏာသိမ်းစစ်အုပ်စု၏ ဖြိုခွင်းနှိမ်နင်းမှုများကြောင့် လူပေါင်း နှစ်သိန်းခွဲနီးပါးခန့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးသံတမန်တစ်ဦးက ဧပြီ ၂၁ ရက်တွင် ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် လူထုဆန္ဒပြမှုများအပေါ် နှိမ်နင်းရန် အသက်သေစေသည်အထိ အင်အားသုံးဖြိုခွင်းမှုများကို တိုးမြှင့်လုပ်ဆောင်ထားခဲ့သည်။

စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့၀င်များ၏ ဖြိုခွင်းနှိမ်နင်းပစ်ခတ်မှုများကြောင့် လူပေါင်း ၇၃၈ ဦးထက်မနည်း သေဆုံးခဲ့ရသလို လူပေါင်း ၃,၃၀၀ ခန့်သည်လည်း အကျဥ်းထောင်များအတွင်း နိုင်ငံရေးအကျဥ်းသားများအဖြစ် ထိန်းသိမ်းခံထားရလျက် ရှိကြောင်း ပြည်တွင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ပြောသည်။

“သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အာဏာသိမ်းစစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်သူ နှစ်သိန်းခွဲနီးပါးလောက် နေရပ်စွန့်ခွာထားကြရတယ်ဆိုတာကို ထိတ်လန့်ဖွယ် သိရှိထားခဲ့ရပါတယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူ တွန် အန်ဒရူးစ်က ဧပြီ ၂၁ ရက်တွင် တွစ်တာကနေတဆင့် ထုတ်ဖော်ခဲ့သည်။

“ကမ္ဘာကြီးအနေနဲ့ ဒီ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းဖို့ ချက်ချင်း ဆောင်ရွက်ရပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

လအစောပိုင်းက စစ်တပ်၏ မြေပြင်နှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ်မြောက်ပိုင်းတွင် လူပေါင်း ၂၄,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာခဲ့ကြရကြောင်း ပြီးခဲ့သည့်အပတ်က Free Burma Rangers အဖွဲ့က ခန့်မှန်းပြောဆိုသည်။

ကရင်တိုင်းရင်းသား ၂,၀၀၀ ကျော်ခန့်သည် ယခုအခါ မြန်မာနယ်စပ်ကို ဖြတ်ကာ ထိုင်းနိုင်ငံထဲ ၀င်ရောက်ထားခဲ့ကြကြောင်းနှင့် လူပေါင်းထောင်နှင့်ချီတို့သည် ပြည်တွင်းနေရပ်စွန့်ခွာသူများဖြစ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) မှ ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းမန်းကလည်း ဧပြီ ၂၁ ရက်တွင် ပြောခဲသည်။

“သူတို့အားလုံးဟာ သူတို့တွေရဲ့ ရွာတွေအနားက တောအုပ်တွေထဲမှာ ပုန်းအောင်နေကြရပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အကြမ်းဖက်မှုများ မြင့်တက်နေစဥ် အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး၀န်ကြီးများသည် ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ မြန်မာ့အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးသွားကြရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required