ဧပြီ ၂၁
လာမည့် ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၌ ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျကာတာသို့ သွားရောက်မည်လားဟု မေးမြန်းခဲ့ရာတွင် “သူ သေချာပေါက် သွားလိမ့်မယ်” ဟု ပြောရေးဆိုခွင့်ရှိသူက Nikkei Asia ကို ပြောခဲ့သည်ဟု သိရသည်။
ထို့ပြင် ရာထူးကြီး စစ်ဘက်အရာရှိကြီး ၁၁ ဦး နေအိမ်အကျယ်ချုပ်အောက် ကျရောက်နေသည် ဆိုသည့် ဆိုရှယ်မီဒီယာ သတင်းများကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပယ်ချသွားခဲ့ပြီး ယင်းတို့သည် ကောလာဟလများဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်ဟု သိရသည်။
“အရာရှိကြီးတွေက နေပြည်တော်မှာ သူတို့တာ၀န်တွေကို ဆောင်ရွက်ရင်း အလုပ်များနေကြပါတယ်” ဟု ၎င်းက ပြောခဲ့သည်ဟု ဆိုသည်။
အလားတူ စနေနေ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဟီရှမ်မူဒင် ဟူစိန်က ပြောခဲ့ကြောင်း ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။