လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်စေရန်  အမေရိကန်နှင့် ဂျပန်တို့၏ တောင်းဆိုမှုများကို တရုတ်ပြင်းထန်စွာ ကန့်ကွက်  

လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်စေရန်  အမေရိကန်နှင့် ဂျပန်တို့၏ တောင်းဆိုမှုများကို တရုတ်ပြင်းထန်စွာ ကန့်ကွက်  

ဧပြီ ၂၁

လွတ်လပ်ပွင့်လင်းသော အင်ဒို-ပဖိဖိတ်ဒေသဖြစ်ရန်နှင့် တရုတ်အစိုးရက ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်မှုများပြားလာကြောင်း အမေရိကန်နှင့် ဂျပန် နိုင်ငံတို့က ပြောကြားမှုများအပေါ် တရုတ်အစိုးရက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဧပြီ ၁၇ ရက်က  ကြေညာခဲ့သည်။ 

တည်ငြိမ်သော ထိုင်ဝမ်ရေလက်ကြား ဖြစ်စေရေးအတွက် အမေရိကန်နိုင်ငံနှင့် ဂျပန်တို့က တောင်းဆိုမှုကိုလည်း တရုတ်က ကန့်ကွက်လိုက်သည်။

အမေရိကန်ပြည်ထောင်စုရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ စွပ်စွဲချက်များသည် “ ပြည်တွင်းရေး” ကိစ္စအဖြစ် ကာကွယ်ပြောကြားခဲ့သည်။

"ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ ရှင်ကျန်းတို့က တရုတ်ပြည်တွင်းရေး ကိစ္စတွေပါ။ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့က တရုတ်ရဲ့ပိုင်နက်ဂုဏ်သိက္ခာ၊ ရေကြောင်းအခွင့်အရေးတွေ၊ အကျိုးစီးပွားတွေနဲ့ ပတ်သက်ပါတယ်” 

 “ဒီကိစ္စရပ်တွေက တရုတ်ရဲ့ အခြေခံအကျိုးစီးပွားနဲ့ သက်ဆိုင်ပြီး ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး” ဟု သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

"ပူးတွဲကြေညာချက်မှာ ပြောကြားထားတဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က အလွန်စိုးရိမ်ပူပန်ပြီး၊ အတိအလင်း ကန့်ကွက်ပါတယ်။ တရုတ်ရဲ့ နိုင်ငံတော် အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအကျိုးစီးပွားတွေကို ခိုင်ခိုင်မာမာ ကာကွယ်ပေးရပါလိမ့်မယ်” ဟု သံရုံးပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

တရုတ်အနေဖြင့် မိမိတို့၏ အမျိုးသားအချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအကျိုးစီးပွားများကို ခိုင်ခိုင်မာမာ ကာကွယ်ပေးလိမ့်မည်ဖြစ်ကြောင်းနှင့် ပူးတွဲကြေညာချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို ဘောင်ကျော်လွန် သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သံရုံးက အမေရိကန်နှင့် ဂျပန်တို့သည် တတိယပါတီ၏ အကျိုးစီးပွားများ၊ ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု၊ အာရှ - ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ဖြစ်စေ သည်ဟု ထပ်မံပြောဆိုခဲ့သည်။

Kyodo News ၏ ဖော်ပြချက်အရ နှစ်နိုင်ငံခေါင်းဆောင်များဖြစ်သော အမေရိကန်သမ္မတဂျိုးဘိုင်ဒင် နှင့် ဂျပန် ဝန်ကြီးချုပ် ယိုရှီဟိုက်ဆူဂါတို့သည် ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံကြစဉ် ထိုင်ဝမ် ရေလက်ကြားတွင် တည်ငြိမ်အေးချမ်းရေး အရေးကြီးပုံကို အလေးအနက်ထားပြောကြားခဲ့ခြင်းကြောင့်  ကိုယ်ပိုင်အုပ်ချုပ်ရေးကျွန်းဖြစ်သော ထိုင်ဝမ်ကို ထိလွယ်ရှလွယ်အဖြစ်ဆုံး နယ်မြေပြဿနာအဖြစ် ရှုမြင်ထားသည့် တရုတ်က မခံမရပ်နိုင်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်နှင့် ဂျပန်တို့က ထိုင်ဝမ်နှင့် ပတ်သက်၍ ၁၉၆၉ခုနှစ်တွင် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးအပြီးတွင် ပူးတွဲ ကြေညာချက်တစ်ရပ်ကို နောက်ဆုံး ထုတ်ပြန်ခဲ့ကြောင်း Kyodo News မှ ဖော်ပြခဲ့သည်။

အိမ်ဖြူတော် ဝက်ဘ်ဆိုဒ်တွင် တင်ထားသည့် ပူးတွဲခေါင်းဆောင်များ၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် တရုတ် တို့၏ လုပ်ဆောင်ချက်များကြောင့် အင်ဒို - ပစိဖိတ်ဒေသနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုအပေါ် သက်ရောက်မှုများကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး စီးပွားရေးနှင့် အခြားသော အတင်းအကျပ်ဖိအားပေးမှုများအပါအဝင် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသော တရုတ်၏ လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသော ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ဆွေးနွေးခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly