တရုတ်ကို 'အောက်ကျို့သည့် မူဝါဒ' အဆုံးသတ်ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို တိုက်တွန်း

တရုတ်ကို 'အောက်ကျို့သည့် မူဝါဒ' အဆုံးသတ်ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို တိုက်တွန်း

ဧပြီ ၂၁

ဖိလစ်ပိုင် သမ္မတ ဒူတာတေးအနေဖြင့် တရုတ်ကို 'အောက်ကျိုးသည့် မူဝါဒ' အား အဆုံးသတ်ရန် လွှတ်တော် အမတ်များနှင့် နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူများက တိုက်တွန်းလိုက်သည်။

တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောများ တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော သန္တာကျောက်တန်းအနီး စုစည်းရောက်ရှိနေချိန်တွင် ယခုတောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန် (EEZ) မှ တရုတ် ပြည်သူ့စစ်သင်္ဘောများက ဆုတ်ခွာရန်ငြင်းဆန်သည့်အချိန်တွင် သမ္မတ ဒူတာတေးက နှုတ်ဆိတ်နေခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ထိပ်တန်းသံတမန်နှင့် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ဖိလစ်ပိုင်အစိုးရအရာရှိများက တရုတ်၏ တမင်တကာရန်စသည့်အပြုအမှုကို ပွင့်ပွင့်လင်းလင်းကန့်ကွက်ခဲ့ကြသည်။

ဧပြီလ ၁၆ရက်ညက မိန့်ခွန်းပြောကြားရာတွင် သမ္မတ ဒူတာတေးက တောင်တရုတ်ပင်လယ်အကြောင်း မပြောကြားခဲ့ပေ။ 

သမ္မတအနေဖြင့် သံတမန်ရေးဆိုင်ရာ  အစီအစဉ်များအား သီးခြား လုပ်ဆောင်ခြင်းကို ပိုမိုလိုလားကြောင်း ၎င်း၏ ပြောခွင့်ရ အရာရှိက ပြောကြားသည်ဟု  Al Jazeera က သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်သင်္ဘောများ Whitsun Reef မှ ထွက်ခွာသွားရန် ဖိလစ်ပိုင်အစိုးရက ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း တရုတ်ရေယာဉ် အစင်း ၂၄၀ ထက် မနည်းသည် ယင်းဒေသနှင့် ပတ်ဝန်းကျင်ရှိ ရေပြင်ထဲတွင် ဧပြီလ ၁၄ ရက် အထိ တည်ရှိနေသေးကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ဧပြီလ ၁၅ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

အတိုက်အခံ အထက်လွှတ်တော်အမတ် လီလာဒေလီမာက သမ္မတ ဒူတာတေးနှင့် စစ်တပ်က တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပျက်ကွက်လျှင်  ဖိလစ်ပိုင်သည် တရုတ်၏အဆွယ်အပွား  နိုင်ငံတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။ 

အမေရိကန်က တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်၏ အနေအထားကို ထောက်ခံကြောင်း အတိအလင်းပြောကြားထားသော်လည်း သမ္မတဒူတာတေး၏ တရုတ်ကို အောက်ကျခံသည့် မူဝါဒသည် ဖိလစ်ပိုင်အချုပ်အခြာ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် လီလာဒေလီမာက ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် သမ္မတဒူတာတေး အာဏာရလာချိန်မှစ၍ ၎င်းက တရုတ်နှင့် ပိုမိုနီးကပ်သောဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီး အမေရိကန်အား မထီမဲ့မြင်ပြုခဲ့သလို အမေရိကန် - ဖိလစ်ပိုင် စစ်ရေးမဟာမိတ်ကို ရပ်တန့်မည် ဟုပင် ခြိမ်းခြောက်ခဲ့သည်။

အတိုက်အခံအထက်လွှတ်တော်အမတ် ရီဆာ ဟွန်တီဗာရော့စ်ကလည်း  ဗြောင်ကျကျလှည့်စားခြင်းများကြောင့် သူ၏ အကောင်းဆုံးမိတ်ဆွေ တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ရန် အချိန်တန်ပြီဟု ပြောကြားခဲ့သည်။

 “တရုတ်က အငြင်းပွားမှုတွေကိုဖြေရှင်းဖို့ ဘယ်သံတမန်ရေးနည်းလမ်းကိုမဆို ငြင်းဆန်လိုတဲ့ ဆန္ဒ တကယ်ရှိနေပါတယ်” ဟု သူမက ဆိုသည်။ 

အပြည်ပြည်ဆိုင်ရာဥပဒေကျွမ်းကျင်သူ အငြိမ်းစားတရားရုံးချုပ်တရားသူကြီးအန်တိုနီယို ကာပီအိုက ဒူတာတေးသည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကာကွယ်ပြောဆိုခြင်းမပြုပါက ဖိလစ်ပိုင်၏ အနေအထားကို တရုတ်က အလေးအနက်ထားမည် မဟုတ်ကြောင်းပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly