ဧပြီ ၂၁
မြန်မာနိုင်ငံ ပုံမှန်နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိရေးအတွက် စောင့်ကြည့်၊ ကူညီပေးမည့် အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များကို မြန်မာအနေဖြင့် လက်ခံလိမ့်မည်ဟု မျှော်လင့်မိကြောင်း မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ဧပြီ ၂၀ ရက်တွင် ပြောသည်။
“ဂျကာတာမှာ မကြာမီ ဆွေးနွေးမှုတွေ လုပ်ကြပါမယ်၊ အဲဒီအခါကျရင် မြန်မာနိုင်ငံ ပုံမှန်နဂို အခြေအနေ ပြန်လည်ရောက်ရှိအောင် ကူညီစောင့်ကြည့်ဖို့အတွက် အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်း ဒါမှမဟုတ် ဂျကာတာက အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ်တွေကို လက်ခံဖို့ မြန်မာအနေနဲ့ သဘောတူလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဟီရှမ်မူဒင် ဟူစိန်က သတင်းထောက်များကို ပြောခဲ့သည်။
မြန်မာနိုင်ငံက အဖွဲ့၀င်တစ်နိုင်ငံအဖြစ် ပါ၀င်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ခေါင်းဆောင်များသည် လာမည့် စနေနေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၌ မြန်မာ့အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားသည်။
ထိုအစည်းအဝေးသို့ မလေးရှား၀န်ကြီးချုပ် မူယစ်ဒင် ယက်ဆင် တက်ရောက်လိမ့်မည်ဖြစ်ကြောင်း ဟီရှမ်မူဒင်က ပြောခဲ့သည်။