ဖေဖေါ်၀ါရီလက ရုရှားထံမှ ဒေါ်လာ ၁၅ သန်းဖိုးရှိ ရေဒါပစ္စည်းကိရိယာများကို  အာဏာသိမ်းစစ်အုပ်စု ၀ယ်ယူတင်သွင်းခဲ့

ဖေဖေါ်၀ါရီလက ရုရှားထံမှ ဒေါ်လာ ၁၅ သန်းဖိုးရှိ ရေဒါပစ္စည်းကိရိယာများကို  အာဏာသိမ်းစစ်အုပ်စု ၀ယ်ယူတင်သွင်းခဲ့

ဧပြီ ၂၁

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ပြီးခဲ့သည့် ဖေဖေါ်၀ါရီလအတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၇သန်း တန်ဖိုးရှိ ရေဒါပစ္စည်းကိရိယာများကို တင်သွင်းထားခဲ့ကြောင်း ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရုရှားအကောက်ခွန် ဒေတာအချက်အလက်များက ပြသနေသည်။

ရုရှားကာကွယ်‌ရေး၀န်ကြီး ဆာဂေး ရွှိုင်ဂူသည် ဇန်န၀ါရီလက နေပြည်တော် ခရီးစဥ်အတွင်း Pantsir-S1 မြေပြင်မှ ‌ဝေဟင်ပစ်ဒုံးကျည်စနစ်များ၊ Orlan-10E ထောက်လှမ်းရေးဒရုန်းများနှင့် ရေဒါပစ္စည်းများကို မြန်မာထံ ‌ရောင်းချထောက်ပံ့ပေးရန် သဘောတူခဲ့သည်။ မြန်မာစစ်တပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦး၀င်းမြင့်ကို ထိန်းသိမ်းပြီး အာဏာသိမ်းခဲ့သည့် ဖြစ်စဥ် မတိုင်မီ တစ်ပတ်ခန့်က ထိုအရောင်းအ၀ယ်သဘောတူညီချက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဖေဖေါ်၀ါရီလတွင် မြန်မာအာဏာသိမ်းစစ်အုပ်စု တင်သွင်းခဲ့သည့် ရုရှားရေဒါပစ္စည်းကိရိယာများသည် ဇန်န၀ါရီ သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရ‌ပေ။ ရုရှား ဖက်ဒရယ် အကောက်ခွန်ဌာန (FCS) ကလည်း ယင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ပန်ကြားချက်ကို တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။

ပို၍ ပို၍ အထီးကျန်ပြီး သီးခြားရပ်တည်နေရသည့် အာဏာသိမ်းစစ်အစိုးရကို ရုရှားက ဆက်လက်ထောက်ပံ့ပေးထားခဲ့သည်။ မတ်လကုန်ပိုင်းက မြန်မာသို့ လာရောက်သည့် ခရီးစဥ်တစ်ခုအတွင်း ရုရှား ဒုကာကွယ်ရေး၀န်ကြီး အလက်ဇန်းဒါး ဖိုမင်းသည် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နက်ရှိုင်းစေမည်ဟု ပြောခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ့၏ ဒေတာများအရဆိုလျင် ရုရှားစစ်လက်နက်များ တင်သွင်းမှုအတွက် မြန်မာ၏ ငွေအသုံးစရိတ် သုံးစွဲမှုစုစုပေါင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း ခန့်မှန်းခြေ ကန်ဒေါ်လာ ၈၀၇ သန်းအထိ ရှိခဲ့ကြောင်း သိရပြီး ယင်းအတွက်ကြောင့် မြန်မာသို့ စစ်လက်နက် တင်ပို့မှုပိုင်းတွင် ရုရှားသည် တရုတ်၏နောက် နံပါတ်နှစ်နေရာတွင် ရှိနေကြောင်း သိရသည်။

ဒီဇင်ဘာလက ကုန်သွယ်မှု ‌ဒေတာအချက်အလက်များအရ ရုရှားသည် ယေဘုယျအားဖြင့် စစ်ဘက်ကာကွယ်ရေးနှင့် သက်ဆိုင်သည့် ထုတ်ကုန်များ ဖြစ်နေတတ်သည့် “လျှို့ဝှက်ဖုံးကွယ်ထားသည့်အရာများ” အဖြစ် အမျိုးအစားသတ်မှတ်ထားသော ကန်ဒေါ်လာ ၉၆ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့ခဲ့သည်။

ရုရှားနှင့် မြန်မာအကြား အလုံးစုံ ကုန်သွယ်မှုသည် ဆက်လက် နည်းပါးနေဆဲဖြစ်သော်လည်း မြန်မာ စစ်ခေါင်းဆောင်များသည် ရုရှားစီးပွားရေးလုပ်ငန်းများကို နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းထားခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမိုပြီး ရှောင်ဖယ်နေချိန် ၎င်းတို့၏ ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် မြန်မာနှင့်အကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရပ်ဆိုင်းခဲ့သလို မြန်မာရဲတပ်ဖွဲ့ထံ ဒရုန်းဖျက်လက်နက်ပစ္စည်းများ ရောင်းချသော ကုမ္ပဏီတစ်ခုအပါအ၀င် စင်ကာပူကုမ္ပဏီများသည်လည်း ယင်းတို့၏ သဘောတူညီချက်များကို ဖျက်သိမ်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly