ယင်းမာပင်မှာ ပြည်သူ ၁၀ ယောက်ထက်မနည်းကျဆုံးပြီး ဒဏ်ရာရသူတွေမရည်တွက်နိုင်သေး

ယင်းမာပင်မှာ ပြည်သူ ၁၀ ယောက်ထက်မနည်းကျဆုံးပြီး ဒဏ်ရာရသူတွေမရည်တွက်နိုင်သေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့မှာ အကြမ်းဖက်စစ်တပ်က စစ်ကား ၂၁ စီးထက်မနည်းဝင်ရောက်ပြီး ပစ်ခတ်တာကြောင့် ပြည်သူတွေက ရရာလက်နက်စွဲကိုင်ပြီး ခုခံခဲ့ကြပါတယ်၊

“ ကျွန်တော်တို့တစ်ခါမှမကြုံဖူးတဲ့ လက်နက်ကြီးတွေနဲ့ပစ်တော့ အထိအခိုက်ကများတာပေါ့ဗျာ။ သူတို့က ဒရုန်းတွေနဲ့ကြည့်တယ်။ ပြီးတော့ လက်နက်ကြီးပစ်တယ်။ ကျွန်တော့်ရှေ့မှာရောထိကြတယ်။ မထိလို့ ပြန်ထလာတဲ့သူတွေကို စက်သေနတ်တွေနဲ့ တရစပ်ပစ်ကြတယ်။ မနိုင်မှန်းသိပေမယ့် ခုခံခဲ့ကြတယ်။ အဲ့တော့အနည်းဆုံး ၁၀ ယောက်ကျတယ်။ တိုက်ပွဲဝင်တဲ့ပြည်သူဆိုတာ ဘာစစ်ရေးသင်တန်းမှမတတ်ထားတဲ့သူတွေဖြစ်တယ်။ တကယ်တန်း စစ်ရေးနဲ့ပက်သက်လို့ ဘာမှမသိဘဲ အမိမြန်မာနိုင်ငံအတွက်ဆိုပြီး ခုခံကြတာ။ ထိခိုက်တဲ့သူတွေက မရည်တွက်နိုင်ဘူး။ ၃ ယောက်လောက်ပဲ ကယ်လိုက်နိုင်တယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့သူတွေကို သူတို့ဖမ်းသွားတယ်။ ခန့်မှန်းရမယ်ဆိုရင် ၁၀ ယောက်လောက်၊ အင်း.. မဟုတ်ဘူး။ မပြောတတ်တော့ဘူး။ နောက်နေ့ပြန်ရည်တွက်ရင် ၂၀ ၊ ၃၀ လည်းဖြစ်နိုင်တယ်ဗျာ။ အခုတော့ စရင်းအတည်ပြုလို့မရသေးဘူး” လို့ တိုက်ပွဲဝင်ပြည်သူတစ်ယောက်ကပြောပါတယ်။

သစ်ရာပင်ကျေးရွာနဲ့ ကပိုင်သီးကုန်းကျေးရွာကြား ကျစ်ချောင်းအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။ 

နောက်ဆက်တွဲအနေနဲ့ အဲ့ဒီ့ရွာတွေရဲ့ အနီးဝန်းကျင်က ကျေးရွာ ၄ ရွာလောက်ကလူတွေ ရွာလုံးကျွတ်တိန်းရှောင်နေကြရပြီး ၅ မိုင်ပတ်လည်လောက်က ရွာ ပေါင်း ၂၀ ဝန်းကျင်ကလည်း ညဘက်မီးမထွန်းရဲလောက်အောင် ကြောက်လန့်တိတ်ဆိတ်နေကြတယ်လို့ဆိုပါတယ်။

အဲ့မတိုင်ခင်ကလည်း ကနီမြို့နယ်ထဲကို စစ်အင်အား ၇၀၀ ကျော်နဲ့ဝင်ရောက်စီးနင်းလို့ ရွာပေါင်း ၁၈ ရွာလောက်ကလူတွေ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly