စစ်အာဏာရှင်ရဲ့စရိုက်အတိုင်း ဥပေဒေမဲ့ ဖျက်ဆီးဝင်ရောက်ရှာဖွေမှုတွေ လုပ်နေတာမဖြစ်သင့်ဟုအိမ်ဖျက်ဆီးခြင်းခံရသူတစ်ဦးကပြော

စစ်အာဏာရှင်ရဲ့စရိုက်အတိုင်း ဥပေဒေမဲ့ ဖျက်ဆီးဝင်ရောက်ရှာဖွေမှုတွေ လုပ်နေတာမဖြစ်သင့်ဟုအိမ်ဖျက်ဆီးခြင်းခံရသူတစ်ဦးကပြော

ဧပြီ ၂၀ 

ပုသိမ်မြို့မှာ ဧပြီလ (၁၉)ရက်နေ့ညက ရဲကား၊စစ်တပ်ကား၊ဆိုင်ကယ်များ၊ရဲမေများ၊အရပ်ဝတ်များနှင့် စစ်အုပ်စုလက်အောက်ခံများက မြို့အနှံ့လှည့်လည်ပြီး လူတွေအိပ်ချိန်မှာ အင်အားသုံးဖျက်ဆီးဝင်ရောက်ရှာဖွေမှုတွေပြုလုပ်နေကြပါတယ်။

ည ဆယ်နာရီခွဲလောက်က အမှတ်(၃)ရပ်ကွက် ဈေးလေး အနီးမှာရှိတဲ့ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းနိုင်ရဲ့နေအိမ်ကို တံခါးတွေဖျက်ဆီးဝင်ရောက်ပြီး အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုမွှေနှောက်ရှာဖွေပြီး သန်းကောင်စာရင်းတွေနဲ့ စာရွက်စာတန်းတချို့ယူဆောင်သွားတယ်လို့ ကိုဝင်းနိုင်ကပြောပါတယ်။

"စစ်သားတွေအများကြီးနဲ့ တံခါးတွေကိုဖျက်ဆီးဝင်သွားတာ အိမ်မှာက အမျိုးသမီးပဲနေတော့တာ သူကလဲခရီးသွားနေတယ် ဘယ်သူမှမရှိပဲ ဖျက်ဝင်တာ တရားဥပဒေနဲ့လဲမညီဘူး စစ်အာဏာရှင်ရဲ့စရိုက်အတိုင်းပေါ့ ဥပေဒေဆိုတာမရှိတော့ဘူးလေ 
မတရားလုပ်သွားတာပါ လုံးဝမဖြစ်သင့်ပါဘူး"ဟု အိမ်ဖျက်ဆီးခြင်းခံရသူကိုဝင်းနိုင်ကဆက်လက်ပြောပါတယ်။

ည (၁၀)နာရီခွဲက အဲ့ဒီလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေပြီး ည (၁၁)လောက်မှာ မြက်တိုအနီးကအိမ်တွေနဲ့ တခြားရက်ကွက်က လူနေအိမ်တွေကို လူတွေအိပ်တဲ့အချိန်တွေမှာ ဥပဒေမဲ့ အကြမ်းဖက်ဖျက်ဆီးဝင်ရောက်ရှာဖွေမှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ပုသိမ်မြို့မှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ CDM Support ပြုလုပ်သူတွေနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာဦးဆောင်တဲ့ သပိတ်ခေါင်းဆောင်တွေအကုန်လုံးက ပုသိမ်မြို့ပေါ်က ရှောင်ရှားနေကြပြီး စစ်အုပ်စု
လက်အောက်ခံတွေကတော့ ဒလန်သတင်းပေးတဲ့အိမ်တွေနဲ့ သူတို့ကိုဆန့်ကျင်တဲ့အဖွဲ့အစည်းကလူတွေနေတဲ့အိမ်တွေကို ညအချိန်မှာ ဥပဒေမဲ့ ဆက်လက်ရှာဖွေနေကြတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly