CDM ပူးပေါင်းမှုနဲ့ဖမ်းဆီးခံထားရတဲ့ ရဲအရာရှိ ဆေးကုသမှုခံယူခွင့်မရ

CDM ပူးပေါင်းမှုနဲ့ဖမ်းဆီးခံထားရတဲ့ ရဲအရာရှိ ဆေးကုသမှုခံယူခွင့်မရ

ဧပြီ-၂၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ် အမှတ် ၆ နယ်မြေရဲကင်းက CDM မှာပူးပေါင်းပါ ဝင်ထားတဲ့ ဒုရဲအုပ် ဂျော်နီ (ခ) သူရ ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ပြန်လည်ဖမ်းဆီးတာကိုခံထားရပြီး ညှင်းပန်းနှိပ်စက်မှုတွေလည်း ခံထားရပြီး လုံလောက်တဲ့ဆေးဝါးကုသခွင့်မရသေးဘူးလို့မိသားစုဝင်တစ်ဦးကပြောပါတယ်။

မတ်လ ၃ ရက်က  CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဒုရဲအုပ် ဂျော်နီ (ခ) သူရကို စစ်ကောင်စီဘက်က မတ်လ ၂၈ ရက်မှာ ပြန်လည်ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် အရင်ကတည်းကဖြစ်ပွားခဲ့တဲ့ ကျောက်ကပ်ရောဂါအတွက် ဆေးဝါးကုသမှုခံယူဖို့လိုအပ်နေပြီး မိသားစုဝင်များနဲ့လည်းဒီနေ့အထိတွေ့ဆုံခွင့်မရသေးပါဘူး။

"သူ့မှာနဂိုကတည်းက ကျောက်ကပ်မကောင်းတဲ့ ရောဂါကိုဆေးကုနေရတာ။ ဘူးသီးတောင်ဘက်ကို ၃ လ သွားရသေးတယ်။ အဲ့ဒီကပြန်လာပြီး ချက်ချင်းပဲ ဆန္ဒပြတဲ့ပြည်သူတွေကိုအကြမ်းဖက်ဖြိုခွင်းဖို့တာဝန်ပေးတဲ့အတွက်သူက CDM လုပ်ခဲ့တာပေါ့။

နောက်ပြန်အဖမ်းခံရတယ်။အပြင်းအထန်ရိုက်နှက်ခံခဲ့ရတယ်။အခုထိ ဆေးမကုရသေးဘူး။ မိသားစုတွေနဲ့လည်းမတွေ့ရသေးဘူး။ အချိန်မီဆေးကုသခွင့်မရရင် သူ့အတွက်စိုးရိမ်ရတဲ့အတွက်မိသားစုနဲ့တွေ့ခွင့်ရဖို့ လုံလောက်တဲ့ဆေးဝါးကုသခွင့်ရဖို့တောင်းဆိုလိုပါတယ်" လို့ ဒုရဲအုပ် ဂျော်နီ (ခ) သူရရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာ ဒုရဲအုပ် ဂျော်နီ (ခ) သူရကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တိုင်းအရံတပ်ခွဲမှာချုပ်နှောင်ထားပြီး တာဝန်ပြန်လည်ထမ်းဆောင်ဖို့အတင်းအကြပ်ဖိအားပေးနေသလို တာဝန်ပြန်လည်ထမ်းဆောင်တာမျိုးမလုပ်ခဲ့ရင် ဧပြီလကုန်ပိုင်းမှာ ရုံးတင်စစ်ဆေးပြီး ထောင်သွင်းအကျဉ်းချဖို့စီစဉ်နေတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly