နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ ဧပြီ ၂၀၂၁)
(Photos: : EPA - ဧပြီလ (၁၈)ရက်၊ မြန်မာနှစ်ဆန်းနှစ်ရက်၊ မန္တလေးမြို့ရှိ လူငယ်များမှ အကြမ်းဖက်စစ်အာဏာရှင်အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်လှုပ်ရှားသည့် မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်ရုံးတွင် ပြည်သူများအား အသွားအလာကန့်သတ်ထားသည့် နံနက် ၂ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်ကားများ ရောက်မလာခင်ပင် ပြာကျ ပျက်စီးသွားသည်ဟု ဒေသခံများက ဆိုသည်။

• ရန်ကုန်မြို့ပေါ်ရှိ စျေးဝယ်စင်တာနှင့် စူပါမားကတ်ကြီးများ ယနေ့နံနက်ပိုင်းတွင် အချိန်အကန့်အသတ်ထား၍ ပြန်လည်ဖွင့် လှစ်လာပြီ ဖြစ်သည်။

• ရန်ကင်းတွင် ယမန်နေ့က ရပ်ကွက်ရုံး ပေါက်ကွဲကာ လုံခြုံရေးယူထားသူ နှစ်ဦး ထိခိုက်ပြီးနောက် အဆိုပါရုံးတွင် တပ်မ ၇၇ မှ လက်နက်ကိုင်များ ပြောင်းလဲလုံခြုံရေးယူထားကာ အမှတ် (၃) နှင့် (၄) ရပ်ကွက်တို့တွင် ဖမ်းဆီးမှုများကို ယနေ့နံနက်မှစကာ ဆက်တိုက်ပြုလုပ်လာသည့်အပြင် ယမန်နေ့ညကလည်း ဧည့်စာရင်းအကြောင်းပြ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ကာ ဖမ်းဆီးမှုများ ရှိခဲ့သည့်အတွက် ယနေ့ နေ့လယ်ပိုင်းအထိ အနည်းဆုံး လူငယ် ၃၀ ဝန်းကျင်ခန့် ဖမ်းဆီးခံထားရသည်။

• တောင်ဒဂုံတွင် ကျောင်းသားသမဂ္ဂနှင့် လူငယ်များ စုပေါင်းကာ စစ်အာဏာရှင် အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• လှိုင်သာယာတွင် လူငယ်များက စစ်အုပ်စု အလိုမရှိကြောင်း ပြသသည့်အနေဖြင့် ဖိနပ်များတွင် အကြမ်းဖက်စစ်အုပ်စုခေါင်း ဆောင်ပုံများကပ်ကာ ဆန္ဒဖော်ထုတ်ပြသခဲ့ကြသည်။

• တာမွေ၊ ကျောက်မြောင်းတွင် မိုးရွာသွန်းနေသည့်ကြားကပင် လူငယ်များက ဖယ်ဒရယ်အလံများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည်။

• တောင်ဒဂုံတွင်လည်း လူငယ်များက စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ တောင်ဒဂုံ မြို့နယ်တွင်းရှိ မြို့နယ်ထွေအုပ်ရုံ၊ စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးရုံးနှင့် လုံခြုံရေးတပ်ဖွဲ့များ တပ်စွဲထားသည့် ကျောင်းများ ရှေ့တွင် သဲအိတ်များချကာ အကာအရံများ ပြုလုပ်ထားသည့်အပြင် ၎င်းအဆောက်အဦများရှေ့ရှိလမ်းများ ပေါ်တွင် လည်း စစ်ဆေးရေးအတားအဆီးမျာ ချထားလျက်ရှိသည်ဟု (၂၅) ရပ်ကွက်နေ မြို့ခံတစ်ဦးက ညနေ ၄ နာရီခွဲတွင် အတည်ပြု ပြောဆိုသည်။

• အင်းစိန်တွင် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ယမန်နေ့က အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်း၏ မိသားစုပိုင်ဆိုင်သည့် အောင်သစ္စာဦး အာမခံရှေ့တွင် လက်လုပ်မိုင်း တစ်ခု ပေါက်ကွဲခဲ့သည်ဟု စစ်အုပ်စုသြဇာခံ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

• စမ်းချောင်းတွင် ယနေ့ နေ့လယ်ပိုင်းက လူငယ်များ ဦးဆောင်ပြုလုပ်သည့် ပျောက်ကြားသပိတ်ကို အကြမ်းဖက်စစ်တပ်၏ စစ်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့်က ဝင်ရောက်ဖြိုခွဲရန် ကြိုးစားခဲ့သော်လည်း သပိတ်ကို အောင်မြင်စွာ ပြုလုပ်၍ လူစုခွဲနိုင်ခဲ့သည့် အတွက် ဖမ်းဆီးခံမှု တစုံတရာ မရှိခဲ့ပေ။ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်း၊ Happy Zone ကလေးကစားကွင်းရှေ့ရှိ အမှတ် (၂၄) ရဲစခန်းရှေ့တွင်လည်း လုံခြုံရေးရဲအဖွဲ့များက စခန်းရှေ့သဲအိတ်များဖြင့် အကာအရံများ ပြုလုပ်နေပြီး ရှေ့ရှိ လမ်းပေါ်တွင်လည်း စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အကာအရံများ ချထားလျက် ရှိသည်။

• စမ်းချောင်း၊ မြောင်းမြလမ်းအနီး ကျွန်းတောလမ်းပေါ်တွင် ရပ်ထားသည့် ကားတစ်စီးမှာ ညနေ ၃ နာရီကျော်က ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါကားမှာ အကြမ်းဖက်စစ်တပ် ထောက်ခံသူ အဆိုတော် ယုန်လေး၏ ကားဖြစ်ကြောင်းလည်း သိရသည်။
• ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်နေ လူငယ်များ စုပေါင်းကာ မိုးရွာသွန်းသည့်ကြားကပင် မြို့လယ်လမ်းများ ပေါ်တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• သာကေတွင် လူငယ်အချို့က "လုံးဝအုပ်ချုပ်ခွင့် မရစေရ" ဆိုင်းဘုတ်အား မြို့နယ်အဝင်ဆိုင်းဘုတ်တွင် ချိတ်ဆွဲကာ စစ်အာ ဏာရှင်အား တော်လှန်ခဲ့ကြသည်။

• ဗဟန်းတွင်လည်း လူငယ်အချို့ စုပေါင်းကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရပ်ကွက်၊ ညောင်ကန်အေးကွင်းကျောင်းထဲတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲထားသည်ဟု သိရကာ အင်အားများကြောင်းလည်း ဒေသခံများထံက သိရသည်။

မန္တလေးတိုင်းဒေသကြီး

• ပြည်ကြီးတံခွန်တွင် စက်မှုစုပေါင်းသပိတ်စစ်ကြောင်းက NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း လူအင်အားရာနှင့်ချီ စုဝေးကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

• အောင်မြေသာစံတွင် ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း NUG ထောက်ခံကြောင်းနှင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒပြခဲ့ကြသည်။

• မန္တလေးမြို့ပေါ် ရပ်ကွက်အချို့တွင် လူငယ်များက ဒေါက်တာဆာဆာ မျက်နှာဖုံးများ ဝတ်ဆင်ကာ အောင်သပြေများ ကိုင် ဆောင်လျက် ပျောက်ကြားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့သည်။

• မန္တလေး၊ ချမ်းမြသာစည်တွင် ကျဆုံးခဲ့ည့် နွေဦးအာဇာနည်များအား လေးစားဂုဏ်ပြုကြောင်းနှင့် NUG အစိုးရအား ထောက် ခံကြောင်း စာတန်းများအား လမ်းမများပေါ်တွင် စိုက်ထူကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• မြင်းခြံတွင် ယနေ့ နံနက်ပိုင်းက NUG ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း နေ့စဉ်မပြတ် ဆန္ဒဖော် ထုတ်လျက် ရှိသည်။ မြင်းခြံမြို့လယ်ခေါင် စျေးအနီးတွင် အမှတ် (၈) ရပ်ကွက်တွင် ယနေ့ နံနက် ၁၀ နာရီကျော်ခန့်က လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်တပ်ဘက်က ဆင်တိုင်းယဉ်စတိုးဆိုင်ထောင့်မှနေ၍ ဆန္ဒပြမှုများမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ယင်းနေရာနှင့် ကိုက် ၂၀၀ ခန့်အဝေးတွင် ရှိသည့် ဘူးကိုင်းသောင်းပွဲရုံမှ ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက သိသည်။ ယင်းပစ်ခတ်မှုအပြီးတွင် နံနက် ၁၁ နာရီခန့်မှစ၍ နေ့လယ်ပိုင်းအထိ လူစည်ကားရာ မြို့လယ်တဝိုက်တွင် အသွားအ လာကင်းမဲ့ကာ တိတ်ဆိတ်လျက်ရှိသည်ဟု မြင်းခြံမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။

• မိတ္ထီလာတွင် စစ်အာဏာရှင် ကျဆုံးရေး အောင်သပြေသပိတ်ကို လမ်းလျှောက်သပိတ်နှင့် ဆိုင်ကယ်သပိတ်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• မိုးကုတ်တွင် ယမန်နေ့က အကြမ်းဖက်စစ်အုပ်စုက ဒေသခံနှစ်ဦးကို သေသည်အထိ ပစ်သတ်ခဲ့သော်လည်း ယနေ့တွင် ဒေသခံအင်အား ရာနှင့်ချီက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆက်လက်ဆန္ဒ ဖော်ထုတ်ခဲ့သည်။ လက်ရှိတွင် အကြမ်းဖက်စစ်တပ်က မိုးကုတ်၊ အောင်ချမ်းသာကျောင်းဝန်းအတွင်း တပ်စွဲထားကာ အဆိုပါနေရာမှာ အဓိကကျသည့် သပိတ်ခံတပ်များရှိရာ ရပ်ကွက်အတွင်းတွင် တည်ရှိသည်။ နေ့လယ် ၁၂ နာရီကလည်း ဒေသခံအချို့က ပျောက်ကြားသပိတ် ထပ်မံပြုလုပ်ခဲ့ရာ ယင်းရပ်ကွက်အရောက်တွင် ဖြိုခွဲခံခဲ့ရကာ ရပ်ကွက်တွင်း ပြည်သူများ ပြုလုပ်ထား သည့် အတားအဆီးများကိုလည်း လိုက်လံဖယ်ရှားလျက် ရှိသည်။

• ရှေးဟောင်းပုဂံဒေသရှိရာ ညောင်ဦးပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ၍ လမ်းပေါ်တက်ခဲ့ကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူး၊ ရွှေမော်ဓေါဘုရားလမ်းရှိ လွတ်လပ်ရးကျောက်တိုင်နေရာတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ပဲခူး၊ မှော်ကန် (၉) လမ်းရှိ ဆယ်တန်းကျောင်းသားတစ်ဦးအား သပိတ် Defense Team တွင် ပါဝင်သည်ဟုဆိုကာ ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က လာရောက်ဖမ်းဆီးသွားသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ကလေးမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြမှုကို လူငယ်အင်အား ရာနှင့်ချီ စုပေါင်း၍ သပိတ်ပြုလုပ် ဆင်နွှဲခဲ့သည်။ ကလေးမြို့အသွား ယာကြီးလမ်း ဘက်တွင်မူ အကြမ်းဖက်စစ်တပ်နှင့် ဒေသခံများအကြား ထိပ်တိုက်တွေ့မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ကလေးဝ အခြေစိုက် စစ်စခန်းများမှ အင်အားအနည်းငယ်ကိုလည်း ယာကြီးဘက်သို့ ရွေ့ပြောင်းမှုများ ရှိနေသည်ဟုလည်း ကလေးမြိ့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။

• ကသာတွင် အကြမ်းဖက် စစ်နှင့် ရဲတပ်ဖွဲ့များက တားဆီးပိတ်ဆို့မှုများ ပြုလုပ်နေသည့်ကြားကပင် စစ်အာဏာရှင်အလိုမရှိ ကြောင်း ဆိုင်ကယ်သပိတ်ကို ဒေသခံများက ပြုလုပ်ခဲ့သည်။ ထို့ပြင် နံနက်အစောပိုင်းကလည်း ငါးချဉ်ထုပ်များတွင် အာဏာရှင် ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်ငယ်များ စိုက်ထူကာ လူမဲ့ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သေးသည်။

• မုံရွာ ပင်မသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် NUG အစိုးရကို ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆက်လက်ဆန္ဒဖော်ထုတ်လျက် ရှိသည်။ ထို့ပြင် လူငယ်အချို့ကလည်း စာအုပ်လူမဲ့သပိတ် များ ပြုလုပ်ခဲ့ကြသေးသည်။

• ရေဦးတွင် ဆိုင်ကယ်စီးရေ ၁၀၀ ကျော်ဖြင့် ဒေသခံများက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆိုင်ကယ်သပိတ် ပြုလုပ်ဆင်နွှဲခဲ့သည်။

• ရွှေဘိုတွင် သံဃာတော်များပါ ပါဝင်သည့် ရွှေဘိုပင်မသပိတ်စစ်ကြောင်းက လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြသခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

• ပခုက္ကူတွင် မြို့ခံအင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းကို လမ်းပေါ်တက် ဆန္ဒပြခဲ့ကြသည်။

• ပေါက်မြို့နယ်တွင်လည်း ညောင်ဝန်းစု တောင်/မြောက်၊ ဝက်မြီးနှင့် ရွာသာအေး လေးရွာပေါင်း စုပေါင်းသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်၊ ကံပေါက်တွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း သပိတ်ကို နေ့စဉ် ပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း မိုးရွာ သွန်းနေသည့်ကြားကပင် ဆန္ဒထုတ်ဖော်မှုများ ဆက်လုပ်ပြုခဲ့ကာ ဖမ်းဆီးခံ ခေါင်းဆောင်များ လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။

• ထားဝယ်တွင် ပညာရေးမိသားစု၊ ထားဝယ်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်၊ ကရင်တိုင်ရင်းသား သပိတ်စစ်ကြောင်းနှင့် LGBT သပိတ်စစ်ကြောင်းများ ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းနှင့် ဒေဝီ၊ ထိန်တွင်း၊ ကမြောကင်းကျေး ရွာတို့မှ သပိတ်စစ်ကြောင်းများ စုပေါင်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ယနေ့ နေ့လယ်ပိုင်းတွင် ထားဝယ် အင်ဂျင်နီယာနှင့် ပညာရေး ပူးပေါင်းစစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်ကြောင်း သပိတ်ပြုလုပ်ရာ လူစုမခွဲခင်ပင် အကြမ်းဖက်စစ်တပ်က ကျည်အစစ်သုံးကာ ပစ်ခတ်ဖြိုခွင်းမှု ပြုလုပ်ခဲ့ရာ မြောင်းပုလဲရပ်ကွက် ဘုန်းကြီးကျောင်းအတွင်း ဝင်ပြေးသူများကို လိုက်လံဖမ်းဆီးခဲ့သဖြင့် ဆန္ဒပြသူတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

• လောင်းလုံ၊ အောက်ရေဖြူကျေးရွာတွင် ဒေသခံသပိတ်စစ်ကြောင်းက လူအင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာသိမ်းမှု ဆန့် ကျင်ကြောင်း သပိတ်ပြုလုပ်ခဲ့သည်။ ထို့ပြင် မဲဇော်ရွာတွင်လည်း ဆိုင်ကယ်သပိတ် ဆင်နွှဲခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ကြံ့ခင်းတွင် ယောဂီများ စုပေါင်း၍ ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် NUG အစိုးရထောက်ခံကြောင်း ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

မွန်ပြည်နယ်

• ပေါင်မြို့နယ်တွင် လူငယ်အချို့က ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်ပေးရေး၊ "အာဏာရှင်တွေရဲ့ နောက်ဆုံးလမ်းက သေခြင်းပဲ" စသည့် စာများကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်။

ချင်းပြည်နယ်

• ဖလမ်းမြို့တွင် လက်လုပ်သေနတ်များနှင့် လူကို သေစေနိုင်သည့်လက်နက်များ လာရောက်အပ်နှံရန်နှင့် လက်နက်အမျိုးအစားအလိုက် စွဲဆိုမည့် ဥပဒေပုဒ်မနှင့် ပြစ်ဒဏ်များပါ ဖော်ပြထားသည့် ဗီနိုင်းများကို လူသွားလူလာများသည့် နေရာများ တွင် အကြမ်းဖက်စစ်တပ်က လိုက်လံကပ်ထားလျက် ရှိသည်။

ကယားပြည်နယ်

• လွိုင်ကော်၊ မင်္ဂလာရပ်ကွက်တွင် ရပ်ကွက်နေပြည်သူများက နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သည့် အာဇာနည်များကို ဂုဏ်ပြုသည့်အနေဖြင့် ဆုတောင်းသပိတ် ပြုလုပ်ခဲ့သည်။

• လွိုင်ကော်၊ ထေးငှားလျားနှင့် ဘာဒိုကျေးရွာတို့ ပူးပေါင်းကာ အင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း "တရော်ကင်ပွန်းသပိတ်" ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်

• ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ တပ်မဟာ ၆ ရှိသည့် ဒူးပလာယာခရိုင် နို့တကော်မြို့တွင် KNU ကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်းဘုတ်များ စိုက်ထူကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး မြို့တော် ဘားအံမြို့ပေါ်တွင်လည်း ပြီးခဲ့သည့် နှစ်ရက်ခန့်ကတည်းကစ၍ အကြမ်းဖက်စစ်တပ် လုံခြုံရေးအဖွဲ့များက အိမ်စီးကားများ စစ်ဆေးမှုကို ရပ်တန့်ထားသည်ဟု ဘားအံမြို့ခံတစ်ဦးက နေ့လယ် ၂ နာရီခန့်တွင် အတည်ပြု ပြောဆိုသည်။ ရန်ကုန်ဘက်သွားသည့် ခရီးသည်တင်ကားများကိုမူ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေပြီး အမျိုးသမီးများထက် အမျိုး သားများကို ဦးတည်ချက်ထားကာ မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်သည်။

ကချင်ပြည်နယ်

• မိုးကောင်းတွင် ရာနှင့်ချီပါဝင်သည့် ပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှုပ်ရှားမှုအဖြစ် လမ်းများပေါ်တက်ကာ ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် NUG အစိုးရအား ထောက်ခံကြောင်းနှင့် တိုင်းရင်းသားပေါင်းစုံ ညီညွတ်ချစ်ကြည်ရေး အတွက် ကြိုးကြာငှက်များအား ရောင်စုံစက္ကူများဖြင့် ပြုလုပ်၍ လမ်းမကြီးများပေါ်တွင် ချိတ်ဆွဲခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

• မြစ်ကြီးနား ပင်မသပိတ်စစ်ကြောင်းလည်း ယနေ့နံနက်ပိုင်းက လမ်းပေါ်တက်ခဲ့ပြီး "ပြည်သူ့နှစ်သစ် အစိုးရသစ်နဲ့ နွေဦး ခေတ်သစ် ဒို့ ထုဆစ်မယ်" စာသားများကိုင်ဆောင်ကာ NUG ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး အမြစ်ပြုတ်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ဖားကန့်၊ ဆိုင်းတောင်ရွာတွင် ဒေသခံအင်အား ရာနဲ့ချီ၍ ကုလသမဂ္ဂနှင့် တော်လှန်ရေးအလံများ လွှင့်ထူကာ ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် အေးမြသာယာရပ်ကွက်တွင်လည်း ဒေသခံအင်အား ရာနှင့်ချီကလည်း ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ဌာနချုပ်ရှိရာ မြန်မာ-တရုတ်နယ်စပ် လိုင်ဇာမြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက် က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့်အတွက် ပြည်သူများ သတိရှိကြရန် KIA ဘက်က လိုက်လံသတိပေးမှု များ ပြုလုပ်ထားသည်။ လတ်တလောတွင် KIA တပ်များနှင့် အကြမ်းဖက်စစ်တပ်တို့အကြား ကချင်ပြည်နယ်အနှံ့၌ တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်ဘက်မှ စခန်းနှင့် ရဲကင်းများ ဆုံးရှုံးခဲ့ရခြင်း၊ တပ်သားအများအပြား ကျဆုံးခဲ့ရခြင်းတို့ကြောင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာလျက် ရှိသည်။

ရှမ်းပြည်နယ်

• ကျောက်မဲတွင် ယမန်နေ့ ည ၉ နာရီခန့် အသွားအလာကန့်သတ်ထားချိန်တွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်မှုကြောင့် လျှပ်စစ်ဌာနဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး အလောင်းကိုလည်း သိမ်းသွားသည်ဟု သိရသည်။

• တာချီလိတ်တွင် ယနေ့ နံနက်အစောပိုင်းက လူငယ်များ စုပေါင်းကာ အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံမှုပေးနေသည့် တရုတ်နိုင်ငံအား ကန့်ကွက်သည့်အနေဖြင့် တရုတ်အလံမီးရှို့ကာ ဆန္ဒထုတ်ဖော်ပြခဲ့ကြသည်။
• ဟိုပုံးတွင် NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူမဲ့ အရုပ်သပိတ် ပြုလုပ်ခဲ့သည်။

• NUG အစိုးရကို ထောက်ခံကြောင်းနှင့် အာဏာရှင်စနစ် အပြီးတတ်ချုပ်ငြိမ်းရေး လက်တွဲလုပ်ဆောင်ရန်အတွက် တအောင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ဧပြီ ၁၈ သုံးသပ်ချက်

• ရန်ကုန်တွင် ငြိမ်းချမ်းသည့် သပိတ်များ အားကောင်းလာသည်နှင့်အမျှ ပြန်လည်ခုခံမှုနှင့် တန်ပြန်တိုက်ခိုက်မှုများ ခပ်စိတ်စိတ် ဖြစ်ပေါ်နေသည့်အတွက် အကြမ်းဖက်စစ်အုပ်စုဘက်က အုပ်ချုပ်ရေးရယူနိုင်ရန်ထက် လုံခြုံရေးအစီအမံများ ထားရှိမှုကို ပိုမိုလုပ်ဆောင်လာနေရသည်။ တန်ပြန်တိုက်ခိုက်မှုများမှာ အကြမ်းဖက်စစ်တပ်နှင့် သက်ဆိုင်သည့်နေရာများအပြင် ၎င်းတို့အား ထောက်ခံနေသည့် ဒေါက်တိုင်များကိုပါ ပစ်မှတ်ထားခံနေရပြီး စစ်တပ်ဘက်က အဖမ်းအဆီးများ ခပ်စိတ်စိတ် ပြုလုပ်လာရုံသာမက ဧည့်စာရင်းစစ်ဆေးမှုများကို ပိုမိုလုပ်ကိုင်လာနိုင်ဖွယ် ရှိသည်။

• မန္တလေးမြို့ပေါ်တွင် သပိတ်များ ဆက်လက်အားကောင်းဆဲဖြစ်ကာ တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့ကြီးများတွင်လည်း NUG အစိုးရဖွဲ့စည်းပြီးနောက်ပိုင်း ကျေးရွာသပိတ်ကြောင်းများလည်း ထွက်ပေါ်လာခဲ့သည်။ အကြမ်းဖက်စစ်တပ်ဘက်က သပိတ် ငြိမ်နေသည့် မြို့ပေါ်ရပ်ကွက်အချို့တွင် သပိတ်များ ပြန်လည်မစနိုင်ရေးအတွက် ခြောက်လှန့်ပစ်ခတ်မှုများပြုလုပ်သည့် ပုံစံဖြင့် ဆက်လက်ဖိနှိပ်မှုများ လုပ်နေသော်လည်း တစ်ဖက်တွင်လည်း စစ်တပ်နှင့် သက်ဆိုင်သည့်နေရာများတွင် လုံခြုံရေးကို မပြတ်ထားရှိလျက် ရှိနေသည်။

• တိုင်းရင်းသားဒေသ မြို့ကြီးများတွင် လူထုသပိတ်စစ်ကြောင်းများအား အကြမ်းဖက်စစ်တပ်ဘက်က ဖြိုခွဲမှုများရှိသော်လည်း အားကောင်းနေဆဲ ဖြစ်သည်။ စစ်တပ်ဘက်က ယင်းဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် ထိပ်တိုက်မတွေ့ဆုံလိုသေးသည့်အတွက် အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုများ မလုပ်ဆောင်သေးဘဲ ၎င်းတို့ဘက်မှ အင်အားတောင့်တင်းမှသာလျှင် ဖြိုခွင်းမှုများအား ပိုမိုလုပ်လာနိုင်ဖွယ် ရှိသည်။

• အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ပြည်တွင်းသပိတ်များအား အင်အားသုံးဖြိုခွင်းခြင်းထက် ၎င်းတို့၏ လုံခြုံရေးကို ပိုမိုဂရုစိုက်နေပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားနေသည့် ရင်ဆိုင် တိုက်ပွဲများနှင့် နိုင်ငံတကာမျက်နှာစာရှိ NUG အစိုးရ၏ ထိုးနှက်မှုများကို အလျင်အမြန် ဖြေရှင်းနိုင်ရန်အတွက် ကြိုးစားနေရသည်။ လာမည့် ၂၄ ရက်တွင် အင်ဒိုနီးရှား၊ ဂျာကာတာတွင် ပြုလုပ်မည့် အာဆီယံအစည်းအဝေးမှာ နိုင်ငံရေးအရ စစ်အုပ်စုအတွက် ပိုမိုအရေးကြီးနေပြီး ဆက်တိုက်ဆို သလို ထုတ်ပြန်နေသည့် ကုလသမဂ္ဂနှင့် အမေရိကန်၏ ထုတ်ပြန်ချက်များကလည်း ၎င်းတို့အတွက် အကျပ်အတည်း ဖြစ်နေ စေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required