နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ ဧပြီ ၂၀၂၁)
(Photos: : AFP - ဧပြီလ (၁၆)ရက်၊ မန္တလေးမြို့တွင် စစ်အာဏာရှင်ကျရှုံးရေး သင်္ကြန်အတတ်နေ့ တော်လှန်ရေး သပိတ်စစ်ကြောင်း)

ရန်ကုန်တိုင်းဒေသကြီး

• ရွှေပြည်သာတွင် တော်လှန်သင်္ကြန် ပြုလုပ်ကာ ဒေသခံလူငယ်များက လမ်းများပေါ်တွင် "စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း" တော်လှန်သော စာများ ပါရှိသည့် စာရွက်များကို လမ်းမများပေါ် ကြဲ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

• လှိုင်သာယာတွင် စစ်အာဏာရှင် ဇာတ်သိမ်းရေး တော်လှန်သင်္ကြန် အတက်နေ့အဖြစ် မု့န်လုံးရေပေါ် သပိတ် ပြုလုပ်ခဲ့သည်။

• လှိုင်တွင် လူငယ်အချို့က အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် နွေဦးတော်လှန်ရေး အာဇာနည်များကို ဂုဏ်ပြုသည့်အနေဖြင့် အနက်ရောင်အိင်္ကျီများ ဆင်တူဝတ်ကာ အသံတိတ် Silent Strike ပြုလုပ်ခဲ့သည်။

• တာမွေတွင်လည်း လူငယ်အချို့စုပေါင်းကာ ဝမ်းနည်းဂုဏ်ပြုခြင်း Silent Strike ပြုလုပ်ခဲ့သည်။

• ပျောက်ကြား သပိတ်များ ပြန်လည်ပြုလုပ်လာသည့် သာကေတမြို့နယ်၊ ထူပါရုံ (၁) ရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင် စီဘက်က နေအိမ်များအတွင်း ဝင်ရောက်ကာ အမာခံဆန္ဒပြသမားများ ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရှာဖွေစစ်ဆေးမှုကို ယနေ့ နေ့လယ်ပိုင်းနှင့် ယမန်နေ့ ညပိုင်းများက ပြုလုပ်ခဲ့သည်။

• မရမ်းကုန်း၊ သမိုင်းတွင် လူငယ်များက တော်လှန်သင်္ကြန် အတက်နေ့တွင် ရပ်ကွက်တွင်း မုန့်လက်ဆောင်းများ လိုက်လံ အလှူဒါနပြု၍ "မြန်မာပြည်အးချမ်းဖို့ မုန့်လက်ဆောင်းသပိတ် ဆင်နွှဲစို့" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ သပိတ်ပြုလုပ်ခဲ့သည်။

• သုဝဏ္ဏတွင် လူငယ်အချို့က အနက်ရောင်အိင်္ကျီ ဆင်တူဝတ်ဆင်ကာ Silent Strike လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

• ဒဂုံတောင်တွင် ကျောင်းသားနှင့် အလုပ်သမား သမဂ္ဂများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှု ပြုလုပ် ခဲ့သည်။

• ရန်ကင်းတွင် လူငယ်များ စုပေါင်းကာ တော်လှန်သင်္ကြန် အတက်နေ့တွင် Silent Strike ပြုလုပ်ဆင်နွှဲခဲ့သည်။

• ကျောက်တံတားနှင့် ဗိုလ်တထောင်တွင်လည်း လူငယ်များက အိင်္ကျီအနက်ရောင်များ ဆင်တူဝတ်ဆင်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် Silent Strike လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

• ကြည့်မြင်တိုင်တွင် လူငယ်များက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော အသံတိတ် အလှူသပိတ် အမည်ဖြင့် မုန့်လုံးရေ ပေါ်များ လှူဒါန်းခဲ့သည်။

• အလုံမြို့နယ်တွင် ယနေ့ညနေပိုင်းက သင်္ကြန်ကာလ စတုဒီသာအလှူပြုလုပ်နေသည့်နေရာအား အကြမ်းဖက်စစ်တပ် လုံခြုံရေး အဖွဲ့များက ဝင်ရောက်ဖျက်ဆီးကာ ဒေသခံအချို့အား ဖမ်းဆီးသွားသည်။

မန္တလေးတိုင်းဒေသကြီး

• မန္တလေးတွင် အကြမ်းဖက်စစ်တပ်က လက်နက်သုံး ဖြိုခွင်းနေသော်လည်း ယနေ့နံနက်ပိုင်းက သပိတ်တပ်ပေါင်းစုဖြင့်  "စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း" ဆန္ဒထုတ်ဖော်ခဲ့သည်။ အဆိုပါ သပိတ်တပ်ပေါင်းစုတွင် ဘုရားကြီး ငြိမ်းချမ်းရေး၊ ဗကသ၊ ဒေါင်းစစ်သည်၊ မန်းတကသနှင့် ပညာရေးမိသားစု သပိတ်စစ်ကြောင်းများ ပါဝင်သည်။ ယမန်နေ့ ညပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီဘက်က မစိုးရိမ်တိုက်ဟောင်းနှင့် ဝိသုဒ္ဓါရုံ ပရိယတ္တိစာသင်တိုက်တို့အား ကားအစီး ၁၀ စီးကျော်၊ အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ မစိုးရိမ်တိုက်ဟောင်းမှ ဝေယျာဝစ္စပြုလုပ်သည့် ကပ္ပိယနှစ်ဦးကို ဖမ်းဆီးသွား ခဲ့သည်။

• မန်း၊ အမရပူရတွင် လူငယ်များက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် သံချပ်သပိတ်ပြုလုပ်ကာ ဆန့်ကျင်ခဲ့ကြသည်။

• မြင်းခြံတွင် ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ာထားသည့် အချိန်တွင် အကြမ်းဖက်စစ်တပ်ဘက်က ခြောက်လှန့်ပစ် ခတ်မှုအချို့ ရှိခဲ့ကာ ဒေသခံနှစ်ဦး သေဆုံးခဲ့သည်ဟု သိရပြီး မည်သည့်အတွက်ကြောင့် သေဆုံးသည်ကိုမူ သီးခြား အတည်ပြု၍ မရသေးပေ။ မြင်းခြံတွင် စစ်တပ်ဘက်က အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၀ ကျော်နေပြီ ဖြစ်သည်။

• မိတ္ထီလာတွင် ပညာရေးဝန်ထမ်းနှင့် ဒေသခံအင်အား ရာနှင့်ချီ စုပေါင်းကာ အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

• ကြံ့ခင်းတွင် ဝမ်းနည်းခြင်းသပိတ်ကို လူငယ်အချို့က ပြုလုပ်ခဲ့သည်။

• မိုးကုတ် အနောက်ပိုင်းတွင် "လုံးဝအုပ်ချုပ်၍ မရစေရ" ဆိုင်ဘုတ်းများကိုင်ဆောင်ကာ လူငယ်များက အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အထိုင်သပိတ် ပြုလုပ်ခဲ့သည်။

• သာစည်တွင် ဒေသခံများက ရပ်ကွက်တွင်းနှင့် လမ်းမကြီးများပေါ်တွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး လူထုသပိတ် ဆင်နွှဲခဲ့သည်။

• မန္တလေး၊ စိန်ပန်းရပ်ကွက်အတွင်း ယနေ့ နေ့လယ်ပိုင်းကအကြမ်းဖက်လက်နက်ကိုင် စစ်တပ်ဘက်က ရပ်ကွက်နေပြည်သူများ ပြုလုပ်ထားသည့် လုံခြုံရေးအတားအဆီးများကို ဘူဒိုဇာများ အသုံးပြု၍ ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူးအနောက်ခြမ်း ပြည်မြို့တွင် ပျောက်ကြားသပိတ်အချို့သာ ရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ်ဘက်က လမ်းသွားလမ်းလာနှင့် အိမ်စီးကား၊ ဆိုင်ကယ်များကို တားဆီးစစ်ဆေးနေသည့်အပြင် "NLD နှင့် CRPH သည် အဖျက်အမှောင့်လုပ် ငန်းများ လုပ်ဆောင်ကာ လိမ်လည်နေသည်" ဟူသည့် တန်ပြန်ဝါဒဖြန့် လက်ကမ်းစာစောင်များကို ဖြန့်ဝေလျက် ရှိသည်။

• ပဲခူးတွင် သင်္ကြန်အတက်နေ့ နွေဦးတော်လှန်ရေး ပင်မသပိတ်စစ်ကြောင်းကို ချင်စုအထက်သားစက်ရုံလမ်းတွင် အကြမ်း ဖက်လက်နက်ကိုင် စစ်တပ်ဘက်က အိမ်စီးကားများဖြင့် ဝင်တိုက်၍ အကြမ်းဖက်ဖြိုခွဲခဲ့သည်ဟု သိရသည်။ ထိခိုက်မှု ရှိ၊ မရှိကိုမူ ဆက်လက်စုံစမ်းဆဲ ဖြစ်ပြီး အခြားသူများက တော်လှန်ရေးအလံများထောင်ကာ ဆိုင်ကယ်များဖြင့် ပျောက်ကြားသ ပိတ် ဆက်လက်ဆင်နွှဲခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• စစ်ကိုင်း၊ ကနီမြို့အနီး မိုင်တိုင် ၁၂ တွင် ယမန်နေ့ ညနေပိုင်းကစ၍ လုံခြုံရေးယူနေသည့် ဒေသခံများကို လက်နက်ကိုင် အကြမ်းဖက်စစ်တပ်ဘက်က အင်အား ၂၀၀ ကျော်ဖြင့် ဝင်ရောက်ပစ်ခတ်သဖြင့် ထမ်းစင်၊ လည်ရှည်နှင့် သမင်ရပ်ကျေးရွာမှ တစ်ဦးစီ၊ မိုးကောင်းကျေးရွာမှ သုံးဦး၊ စုစုပေါင်း ပြည်သူခြောက်ဦး ကျဆုံးခဲ့သည်။

• စစ်ကိုင်းတွင် လူငယ်အချို့က တော်လှန်သင်္ကြန်အတက်နေ့ ဝမ်းနည်းခြင်းသပိတ် ပြုလုပ်ကြရန်အတွက် ယနေ့ နံနက်အစောပိုင်းက လိုက်လံနှိုးဆော်ခဲ့ ကြသည်။

• ကလေးမြို့တွင် အကြမ်းဖက်စစ်တပ်ဘက်က လုံခြုံရေးအချို့ ချထားဆဲဖြစ်သော်လည်း ရာနှင့်ချီသည့် ပြည်သူများက မြို့တွင်းလမ်းများပေါ်လှည့်လည်ကာ လူသတ်အကြမ်းဖက် စစ်တပ် အလိုမရှိကြောင်း နေ့စဉ်မပြတ် ဆန္ဒထုတ်ဖော်လျက် ရှိသည်။
• မုံရွာတွင် သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင်ကို ကားဖြင့် တိုက်ကာ ဖမ်းဆီးခဲ့သော်လည်း သပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက လမ်းပေါ် ပြန်တက်လာခဲ့ကာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ဆိုင်ကယ်သပိတ် ထပ်မံပြုလုပ်ခဲ့သည်။
• ခင်ဦးမြို့နယ်တွင် "စစ်အာဏာရှင် အဆုံးသတ်ရေး" ကျေးရွာဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ဒီပဲယင်း၊ အင်ပင်ကျေးရွာတွင် ဒေသခံအင်အား ရာနှင့်ချီက "အာဏာရှင်စနစ် အပြီးတိုင် ဇာတ်သိမ်းရေး" ဆန္ဒဖော်ထုတ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

• စလင်းတွင် NLD ပါတီဝင်များ နေအိမ်များသို့ အကြမ်းဖက်စစ်အုပ်စုဘက်က ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်လျက် ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်း၊ သရက်နှစ်ခွတွင် အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အသံမဲ့ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ထားဝယ်တွင် ဒေသခံလူထု ရာနဲ့ချီ စုဝေး၍ အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ရေဖြူ၊ ကံပေါက်တွင် "သွေးသင်္ကြန် ခွေးသင်္ကြန် ကလေးမကျန် တော်လှန်စို့" စာတန်းများ ကိုင်ဆောင်ကာ ဒေသခံလူငယ်များက ဆန္ဒထုတ်ဖော်ခဲ့ရာ ဆန္ဒပြမှုအပြီးတွင် အကြမ်းဖက်စ်စစ်တပ်ဘက် လာရောက်ဖြိုခွင်းခဲ့ရာ ခြောက်လှန့်ပစ်ခတ်မှုအချို့ ရှိခဲ့သော် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ပေ။

• လောင်းလုံ၊ ကဘူးရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်းနှင့်ဖမ်းဆီးခံများ လွတ်ပေးရေး စာများ ရေးသားကာ သစ်ပင်များပေါ်၌ ချိတ်ဆွဲကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် ပညစ်ရွာတွင်လည်း ဒေသခံအင်အား ရာနှင့်ချီ၍ စစ်အာဏာရှင် စနစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ဖျာပုံတွင် ဒေသခံများက တော်လှန်ရေးအလံများ လွှင့်ထူ၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားဆိုင်ကယ် သပိတ် ပြုလုပ်ခဲ့သည်။

• ပုသိမ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်းဘုတ်များ စိုက်ထူကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• မအူပင်တွင် "အမေပြန်လာမှ သင်္ကြန်ဆော့မယ်"၊ "ငါတို့ နိုင်မှာ" စသည့် တော်လှန်ရေးစာသားများကို မုန့်လုံးရေပေါ်များတွင် စိုက်ထူကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• အကြမ်းဖက်စစ်တပ်အား စုပေါင်းတော်လှန်ရန်အတွက် ဧရာဝတီဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်

• မုဒုံတွင် စစ်အာဏာရှင် ဆန့်ကျင်သော သင်္ကြန် အတက်နေ့ တော်လှန်မှုအဖြစ် မုန့်လုံးရေပေါ် သပိတ်နှင့် လူမဲ့သပိတ်များ ပြုလုပ်ခဲ့ကြသည်။

ကယားပြည်နယ်

• လွိုင်ကော်တွင် ဘာဒိုနှင့်ထေးငှားလျားကျေးရွာ ပူးပေါင်းကာ လူအင်အား ၂၀၀ ခန့်ဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ကြောင်း မုန့်လုံးရေပေါ်သပိတ် ပြုလုပ်ခဲ့သည်။ ယနေ့ နံနက်ပိုင်းကလည်း ထေးငှားလျားရွာအဝင်တွင် ပြည်သူများဘက်က တည်ဆောက်ထားသည့် လုံခြုံရေးအတားအဆီးများက အကြမ်းဖက်စစ်တပ်ဘက်က အင်အားအများအပြားဖြင့် လာရောက မီးရှို့ ဖျက်ဆီးခဲ့သည်။

• လွိုင်ကော်မြို့နယ်တွင်းရှိ နိုးကိုးမကျေးရွာတွင်လည်း ဒေသခံအင်အား ရာနှင့်ချီက အနက်ရောင်အိင်္ကျီများ ဝတ်စုံကာ ထော်လဂျီ၊ ဆိုင်ကယ်များဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

ကရင်ပြည်နယ်

• ဘားအံ၊ သံလွင်အနောက်ခြမ်းတွင် ဒေသခံလူငယ်များက ကရင်အလံများကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်မှု လူထုသပိတ် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်

• ပူတာအိုခရိုင်တွင် အာဏာရှင်စနစ် တော်လှန်သည့် သပိတ်များတွင် ပါဝင်မှုဖြင့် ဒေသခံ ၄၀ ကို ဖမ်းဝရမ်းထုတ်ထားသည်။ ပူတာအိုခရိုင်တွင် ပူတာအို၊ နောင်မွန်း၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူးနှင့် မချမ်းဘောမြို့နယ်တို့ ရှိသည်။

• ဗန်းမော်တွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း လှုပ်ရှားမှုအဖြစ် အိမ်ရှင်မများက မုန့်ဖက်ထုပ်များပေါ်တွင် "စနစ်ဆိုးက ရုန်းထွက်ကြစို့"၊ “We Support CRPH” စသည့် စာများရေးကာ လိုက်လံဝေငှမှုများ ပြုလုပ်ခဲ့သည်။

• မိုးကောင်းတွင် ပညာရေးမိသားစုအပါအဝင် ဒေသခံအင်အား ၁၀၀ ကျော်က တော်လှန်ရေးအလံများ လွှင့်ထူကာ လမ်းမ ကြီးများပေါ်၌ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဟိုပင်၊ သဲဂုဏ်ကျေးရွာတွင် ဒေသခံများက စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ဖားကန့်၊ အေးမြသာယာတွင် ဒေသခံအင်အား ရာနှင့်ချီပါဝင်သော ပင်မသပိတ်စစ်ကြောင်းဖြင့် "အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း" နှင့် "အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပေးနေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ကို ကျေးဇူးတင် ကြောင်း" စာတန်းများ ကိုင်ဆောင်ကာ သပိတ်တိုက်ပွဲ ဆက်လက်ဆင်နွှဲခဲ့သည်။

• နမ္မတီးတွင် ရာနှင့်ချီ ပါဝင်သော ပင်မသပိတ်စစ်ကြောင်းက အနက်ရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ အာဏာရှင် ဆန့်ကျင်မှု Black Strike ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်

• ဟားခါးမြို့ပေါ် ရပ်ကွက်များတွင် ဒေသခံများက တော်လှန်သင်္ကြန် အတက်နေ့တွင် လုံးဝ လမ်းပေါ်မထွက်ဘဲ Silent Strike ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်

• သီပေါတွင် အင်အား ၂၀၀ ကျော် ပါဝင်သည့် သပိတ်စစ်ကြောင်းက အိင်္ကျီအနက်ရောင်များ ဝတ်ဆင်ကာ "စစ်အာဏာရှင် စနစ် အဆုံးသတ်ရေး" လူထုတိုက်ပွဲ ဆက်လက်ဆင်နွှဲခဲ့သည်။

• နမ့်ခမ်းတွင် လူငယ် ၁၀၀ ကျော်က "သင်္ကြန်ရေမဆော့သပိတ်" ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည်။

• တာချီလိတ်တွင် ဒေသခံများက ရှမ်းရိုးရာ သဲပုံစေတီသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

နေပြည်တော်

• အကြမ်းဖက်စစ်ခေါင်းဆောင်များ ရှိနေသည့် နေပြည်တော်၊ ပျဉ်းမနားတွင် မြို့ခံလူငယ်များက "စစ်အုပ်စု ဆန့်ကျင်ကြောင်း" ဆိုင်ကယ်သပိတ်ကို ဆိုင်ကယ်စီးရေ ၅၀ ကျော်ဖြင့် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

• နေပြည်တော်တွင် ဧည့်စာရင်းမတိုင်ဘူး၊ မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ် စသည့် တော်လှန်သော စာသားများကို အဆောက်အဦနံရံများတွင် ကပ်လျက် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ဧပြီ ၁၆ သုံးသပ်ချက်

• တော်လှန်သင်္ကြန် အတက်နေ့မှာ ရန်ကုန်က မြို့နယ်တိုင်းမှာ ပုံစံမျိုးစုံနဲ့ လူထုသပိတ်တွေ အားကောင်းခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က မြို့နယ်အချို့မှာတော့ သပိတ်မှာ ပါဝင်သူတွေကို ဖမ်းဆီးတာတွေ လုပ်လာနေပါတယ်။ သင်္ကြန်ကာလ ဖြစ်တာကြောင့်လည်း စစ်တပ်ဘက်က လုံခြုံရေးစစ်ဆေးမှုတွေက လွဲရင် ထူးခြားတဲ့လုပ်ဆောင်မှုတွေ မရှိပေမယ့် ညပိုင်းတွေမှာတော့ မြို့နယ်/ရပ်ကွက်ရုံးတို့တွင် အဝင်အထွက် ခပ်စိတ်စိတ် ပြုလုပ်လျက် ရှိသည်။

• တော်လှန်သော မြို့လို့ ကင်ပွန်းတပ်ရမည့် မန္တလေးတွင် သပိတ်ကြီးများ အားကောင်းလာသည့်အပြင် မန္တလေးတိုင်းအတွင်း ရှိ မြို့ငယ်များတွင်လည်း သပိတ်များ ပိုမိုအားကောင်းလာလျက် ရှိသည်။ အကြမ်းဖက်စစ်ကောင်စီဘက်က အကာအရံ၊ အတားအဆီးများ ရှိနေသေးသည့် နေရာများအား ဖယ်ရှားမှုများကိုမူ ဆက်တိုက်လုပ်နေပြီး လမ်းများ ပြန်ပွင့်ရန်ကို အာရုံထားလျက် ရှိသည်။

• တိုင်းရင်းသားဒေသနှင့် နယ်မြို့ကြီးများတွင် စစ်အာဏာရှင် ဆန့်ကျင်မှုသပိတ်များ အားကောင်းကောင်းဖြင့် ဆက်လက်ရှိနေပြီး ဖြိုခွင်းမှုအချို့ ရှိသည့်တိုင် နေ့စဉ် ရာနှင့်ချီ ပြည်သူများ လမ်းပေါ်တက် ဆန္ဒဖော်ထုတ်မြဲ ဖြစ်သည်။

• အကြမ်းဖက်စစ်ကောင်စီအနေဖြင့် မြို့ကြီးများရှိ သပိတ်ငယ်များကို ဖြိုခွင်းရန်ထက် သပိတ်ခေါင်းဆောင်ပိုင်းနှင့် နိုင်ငံရေး လှုပ်ရှားမှုဦးဆောင်သူများကို ဖမ်းဆီးနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိပြီး နယ်မြို့များတွင် သွားလာရန် အခက်အခဲဖြစ်စေ သည့် အပိတ်အဆို့ ဖယ်ရှားရေးကို အဓိကထားလျက် ရှိသည်။ အရှုံးပြနေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ရင်ဆိုင် တိုက်ပွဲများတွင် စိတ်ဓာတ်ရေးရာ အသာစီးပြန်ရရန်အတွက် တိုက်လေယာဉ်များအထိ သုံးစွဲတိုက်ခိုက်မှုကို ပိုမိုအားထားနေပြီး ယင်းနောက်မှသာ မြေပြင်ထိုးစစ်များ ပိုမိုလုပ်ဆောင်လာနိုင်ဖွယ် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly