မြန်မာစစ်တပ်ထိန်းချုပ်သည့် ကုမ္ပဏီ ၂ ခုကို အရေးယူပိတ်ဆို့ရန် အီးယူ သဘောတူ

မြန်မာစစ်တပ်ထိန်းချုပ်သည့် ကုမ္ပဏီ ၂ ခုကို အရေးယူပိတ်ဆို့ရန် အီးယူ သဘောတူ

ဧပြီ ၁၆

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနှင့် ဆက်နွယ်ပတ်သက်နေသည့် နောက်ထပ် လူပုဂ္ဂိုလ် ၁၀ ဦးအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ရန် ဥရောပသမဂ္ဂက သဘောတူခဲ့ကြောင်း သံတမန်နှစ်ဦးက ပြောသည်။ ထို့ပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်တပ် ထိန်းချုပ်သော စီးပွားရေးလုပ်ငန်းကုမ္ပဏီနှစ်ခုကိုလည်း ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန် အီးယူက သဘောတူခဲ့ကြောင်း သိရသည်။

ထိုအစီအမံများသည် လာမည့်အပတ်တွင် စတင်သက်ရောက်နိုင်ကြောင်း သံတမန်များက ပြောသည်။ ယင်းအရေးယူပိတ်ဆို့မှုများသည် မြန်မာအာဏာသိမ်းစစ်တပ်အတွက် ၀င်ငွေဖြစ်ထွန်းရရှိစေလျက်ရှိသော ကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားမည်ဖြစ်သည်။
အီးယူသည် မြန်မာအပေါ် လက်နက် ကုန်သွယ်မှု ပိတ်ပင်မိန့်တစ်ခု ရှိထားသလို ပြီးခဲ့သည့်လကလည်း စစ်တပ်၏ အဆင့်မြင့်အရာရှိ ၁၁ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားခဲ့သည်။ ယခုကဲ့သို့ ကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားရန် ဆုံးဖြတ်ချက်က မြန်မာအာဏာသိမ်းမှုနောက်ပိုင်း လက်ရှိအချိန်အထိ အီးယူအုပ်စု၏ သိသာထင်ရှားမှုအဖြစ်ဆုံး တုံ့ပြန်အရေးယူမှုလည်း ဖြစ်သည်။

“စာရင်းတစ်ခုနဲ့ပတ်သက်လို့ သဘောတူထုတ်‌ပြန်ပါလိမ့်မယ်၊ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ လုပ်ငန်းကုမ္ပဏီနှစ်ခုအတွက်တော့ သဘောတူထားပါပြီ၊ အာဏာသိမ်းစစ်အုပ်စုနှင့် ချိတ်ဆက်ပတ်သက်နေတဲ့ ဘယ်လုပ်ငန်းအဖွဲ့အစည်းတွေကို ထပ်ထည့်ရမလဲ ဆိုတာနဲ့ပတ်သက်လို့ ဆွေး‌နွေးမှု လုပ်ခဲ့ပြီး နှစ်ခုအတွက် သဘောတူညီခဲ့ပါတယ်” ဟု ဥရောပသံတမန်တစ်ဦးက ပြောသည်။

အီးယူ၏ သံအမတ် ၂၇ ဦးအကြား သဘောတူညီချက် ရခဲ့ကြောင်း ဒုတိယမြောက် ဥရောပသံတမန်တစ်ဦးကလည်း အတည်ပြုသည်။

မြန်မာစစ်တပ်ထိန်းချုပ်သော လုပ်ငန်းများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့ကို ပစ်မှတ်ထားမည်ဖြစ်ကြောင်းနှင့် အီးယူ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်များကို ယင်းတို့နှင့်အကြား စီးပွားရေးလုပ်ကိုင်မှုအပေါ် တားမြစ်မည်ဖြစ်ကြောင်းကို အီးယူ သံတမန်များက မတ်လအတွင်း ရိုက်တာကို ပြောခဲ့သည်။

ထို စစ်တပ်ပိုင်လုပ်ငန်းများအပေါ် အရေးယူပိတ်ဆို့ရေးအတွက် လူ့အခွင့်အရေးအုပ်စုများကလည်း တိုက်တွန်းမှုများ လုပ်ဆောင်ခဲ့သည်။

အရေးယူဒဏ်ခတ်မှုများကို ချမှတ်သွားမည်ဟု မျှော်လင့်ရပြီး ပစ်မှတ်ထားခံရသူများ၏ အမည်များကို လာမည့်အပတ်ထဲတွင် အများသို့ ထုတ်ဖော်သွားဖွယ် ရှိသည်။

အီးယူသည် မတ်လ ၂၂ ရက်ကလည်း မြန်မာအာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားလူပုဂ္ဂိုလ် ၁၀ ဦးအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly