နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၅ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၅ ဧပြီ ၂၀၂၁)
(Photos: : AFP - ဧပြီလ (၁၅)ရက် ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန် အကြတ်နေ့ မိုးပျံပူဖောင်း သပိတ်ဖြင့် ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• ယနေ့ နံနက် ၇ နာရီခန့်က ကြည့်မြင်တိုင်စျေးကြီးလမ်းရှိ ညစျေးအပေါ်ထပ် စတားရုပ်ရှင်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ရာ မီးသတ်အပါအဝင် ရဲနှင့် စစ်သားများပါ လာရောက်ခဲ့သည်။

• ကမာရွတ်၊ လှည်းတန်းတွင် "သွေးမအေးဘူး...နောက်မဆုတ်ဘူး...အဆုံးထိတိုက်ကြမယ်" စသည့် တော်လှန်သော စာသား များကို အတာအိုးများတွင် စိုက်ထူ၍ အာရုဏ်ဦးလူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• လှိုင်တွင် အတာသင်္ကြန် အကြတ်နေ့က "မုန့်လုံးရေပေါ် တိုက်ပွဲ - တို့ပြည်သူရဲ့ အောင်ပွဲ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ "စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး" သပိတ် ပြုလုပ်ခဲ့သည်။

• မြောက်ဥက္ကလာပတွင် အောင်သပြေ လူမဲ့သပိတ်ပြုလုပ်ကာအကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• တာမွေ၊ အသောကစျေးတွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• သင်္ဃန်းကျွန်းတွင် လူငယ်များက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင် တော်လှန်သင်္ကြန် နွေဦးတိုက်ပွဲ မုန့်လုံးရေပါ် သပိတ် ပြုလုပ်ခဲ့သည်။

• ဗဟန်းတွင် လူငယ်များက ရောင်စုံစက္ကူဖြင့် ပြုလုပ်ထားသည့် လေယာဉ်ပျံများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသား များရေးသားကာ Airplane Strike ပြုလုပ်ခဲ့သည်။

• တောင်ဥက္ကလာပတွင် လူငယ်များက တော်လှန်ရေးသင်္ကြန် အကြတ်နေ့ ယောဂီသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြသည်။

• သာကေတ (၁) စျေးတွင် လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်မှု လှုပ်ရှားမှုအဖြစ် အနက်ရောင်မိုးပျံပူဖောင်းများ လွှတ်တင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• ဒေါပုံတွင်လည်း လူငယ် ၅၀ ကျော်က နေ့လယ် ၁၂ နာရီခန့်တွင် "တော်လှန်သင်္ကြန်"၊ "လုံးဝအုပ်ချုပ် မရစေရ"  ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ် အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။

• ကြည့်မြင်တိုင်တွင် ယနေ့ နေ့လယ်ပိုင်းက လူငယ်အချို့ စုပေါင်းကာ "CRPH ထောက်ခံကြောင်းနှင့် R2P ဝင်ရောက်ရေး"  ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ရွှေပြည်သာအခြေစိုက် အလုပ်သမားကူညီဆောင်ရွက်ပေးသူ သွေးစည်းညီညွတ်သောသမဂ္ဂအဖွဲ့ချုပ် - STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အကြမ်းဖက်စစ်တပ်က ယနေ့ နေ့ခင်းပိုင်းတွင် ဖမ်းဆီးသွားသည်။

• စမ်းချောင်း၊ မြေနီကုန်းတွင် အာဏာရှင်ကို ဆန့်ကျင်တော်လှန်သော အောင်ပွဲနှင့်ချီ နှစ်သစ်ဆီ မုန့်လုံးရေပေါ်သပိတ် ပြုလုပ်ခဲ့သည်။

• တောင်ဒဂုံ (၂၅) ရပ်ကွက်တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင် အကြမ်းဖက်စစ်တပ် လုံခြုံရေးအဖွဲ့များက အရပ်ဝတ်ဖြင့် ဝင်ရောက်ကာ ပုဒ်မ ၅၀၅ တပ်ထား၍ ဖမ်းဆီးသည်ဟုဆိုကာ ဖုန်းနှင့် iPad များလည်း သိမ်းယူသွားသည်ဟု ဒေသခံတစ် ဦးက အတည်ပြု ပြောဆိုသည်။

• အင်းစိန်၊ ကမ်းနားတွင် လူငယ်များက "အလံမလိတ် အသံမတိတ် - အင်းစိန်ကမ်းနား လူငယ်တို့ရဲ့ မုန့်လုံးရေပေါ်သပိတ်" ပြုလုပ်ခဲ့သည်။ အင်းစိန်၊ ကြို့ကုန်းတွင်လည်း လူငယ်များက အနက်ရောင်အိင်္ကျီများ ဝတ်ဆင်ကာ နွေဦးတော်လှန်ရေးအ တွင်း ကျဆုံးသွားသည့် ပြည်သူ့အာဇာနည်များကို ဂုဏ်ပြုသည့်အနေဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့ကြသည်။

• စစ်အုပ်စုကို ဆန့်ကျင်သည့်အတွက် ပုဒ်မ ၅၀၅ (က) တပ်ခံထားရသည့် အဆိုတော် ပိုပို (ဝတ်ရည်မိုး) ကို ၎င်း၏ နေအိမ်တွင် နေ့လယ် ၃ နာရီခန့်က အကြမ်းဖက် လက်နက်ကိုင်စစ်တပ်က လာရောက်ဖမ်းဆီးသွားသည်။ ထို့ပြင် ရုပ်ရှင်သရုပ် ဆောင် ဦးဇင်ဝိုင်းကိုလည်း လက်နက်ကိုင်အင်အား ၃၀ ခန့်ဖြင့် ၎င်း၏ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးသွားသည်ဟု သိရသည်။

• ရန်ကုန်မြို့ပေါ် အဓိကလမ်းမကြီးများတွင် လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုက အိမ်စီးကားနှင့် အငှားယာဉ်များ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ညနေ ၄ နာရီခွဲကလည်းလည်း တာမွေ၊ အဝိုင်းထိပ်မီးပွိုင့်ရှိ Ocean စူပါမားကတ်အနီး တွင် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• မန္တလေးတွင် ယမန်နေ့ ညနေပိုင်းက GenZ များ၏ သဘောထားထုတ်ပြန်ချက်ဟု ဆိုကာ ည ၈ နာရီ သံဗုံးမတီးကြရန်၊ ရေကစားကြရန်၊ ဒီမိုကရေစီအစိုးပေါ်ပေါက်ရေးအတွက် လုံခြုံစွာဖြင့် ဥပဒေဘောင်အတွင်းမှ တိုက်ပွဲဝင်ကြရန် စသော စာရွက်များကို ကားများတွင် လိုက်လံကပ်ထားသည်ဟု သိရပြီး ယင်းမှာ အကြမ်းဖက်စစ်တပ်ဘက်မှ တန်ပြန်လုပ်ဆောင် လာသည့် ဝါဒဖြန့်မှုသာဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။ အဆိုပါစာရွက်များ ကပ်ခြင်းကို သွားလာရန် ကန့်သတ်ထားသည့်အချိန်တွင် ပြုလုပ်ထားခြင်း ဖြစ်သည်။

• မန္တလေး သပိတ်စစ်ကြောင်းဖြစ်သည့် ဘုရားကြီး ငြိမ်းချမ်းရေး၊ ဗကသ၊ ဒေါင်းစစ်သည်၊ တမ္ပဝတီ၊ မန်းတကသနှင့် အထက (၇) ကျောင်းသား/သူဟောင်း စုပေါင်းသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လမ်းမကြီးများပေါ်၌ ဆန္ဒပြခဲ့ကြသည်။

• မန္တလေး၊ ပြည်ကြီးတံခွန်တွင် ဆိုင်ကယ်စီးရေ ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• မန္တလေးမြို့ပေါ်ရပ်ကွက်အချို့တွင် လူငယ်များက အတာသင်္ကြန် အကြတ်နေ့တွင် တော်လှန်သင်္ကြန် ဟွန်းသပိတ် ပြုလုပ်ခဲ့သည်။

• ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆေးမိသားစုသပိတ်ကို ရတနာပုံစျေးအနောက်ခြမ်း ရှမ်းညစျေးအနီးတွင် ပြုလုပ်စဉ် အကြမ်းဖက်စစ်တပ်ဘက်က အိမ်စီးများသုံးကာ အရပ်ဝတ်လက်နက်ကိုင်များ အသုံးပြု၍ ပစ်ခတ်ဖြိုခွင်းခဲ့ရာ ၂၀ ဦးကျော် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ ထို့ပြင် ဆေးမိသားစုများ ထွက်ပြေးရာသို့ လိုက်လံပစ်ခတ်ရာ မှ အစ္စလာမ်ဘာသာဝင်များ အလေးအမြတ်ထားသည့် မန္တလေး၊ ဆူးလေဗလီဝင်းအတွင်းထဲထိ  ဝင်ရောက်ပစ်ခတ်ရာ  ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယခုရက်သည် အစ္စလာမ်ဘာသာဝင်များ ဥပုသ်စောင့်တည်သည့် နေ့လည်း ဖြစ်သည်။

• မြို့သာမြို့တွင် ဒေသခံများက စစ်အုပ်စု ပြုတ်ကျရေး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• မြင်းခြံတွင် ယခင်နေ့များအတိုင်း "စစ်အာဏာရှင် ကျရှုံးရမည်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အင်အား ၅၀ ကျော်ဖြင့် လမ်းမကြီးများပေါ်တက် အကြမ်းဖက်စစ်အုပ်စုအား ဆန္ဒပြခဲ့သည်။ မြင်းခြံတွင် ယမန်နေ့က လူငယ်တစ်ဦးအား အကြမ်းဖက်စစ်ကောင်စီဘက်က ဖမ်းဆီးပစ်သတ်ခံရပြီး မတ်လ ၂၈ ရက်က စစ်တပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသူ တစ်ဦးလည်း ကျဆုံးခဲ့သည်။

• ယနေ့ နံနက်ပိုင်းက ကျန်းမာရေးမိသားစုက "စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း" ဆန္ဒဖော်ထုတ်စဉ် အကြမ်းဖက်စစ်တပ်က စစ်နှင့် ရဲဝတ်စုံဝတ်များအပြင် အရပ်ဝတ်လက်နက်ကိုင်များဖြင့် ဝင်ရောက်ဖြိုခွင်းခဲ့သည်။

• မိတ္ထီလာတွင် ပညာရေးမိသားစုနှင့် ဒေသခံပြည်သူ ရာနှင့်ချီကာ "စစ်အုပ်စု ကျဆုံရေး" ပြည်သူ့သံချပ်သပိတ် ပြုလုပ်ခဲ့သည်။

• မိုးကုတ်တွင် အရှေ့ပိုင်း၊ အနောက်ပိုင်းခွဲ၍ စစ်အာဏာရှင်သိမ်းမှု ဆန့်ကျင်ကြောင်းကို ဒေသခံ ရာနှင့်ချီ၍ ဆက်လက်ပြုလုပ်ခဲ့သည်။

• ညောင်ဦး၊ ပုဂံဒေသတွင် ဒေသခံအင်အား ၂၀၀ ကျော်က တော်လှန်သော စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆက်လက်ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့ပေါ်တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်ခဲ့သည်။

• ဒိုက်ဦးတွင် နေ့စဉ်နေ့တိုင်း စစ်အာဏာရှင်စနစ် အဆုံသတ်ရေး သပိတ်များ ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း မုန့်လုံးရေပေါ်သပိတ် ပြုလုပ်ခဲ့သည်။

• နတ္တလင်းတွင် တော်လှန်သင်္ကြန် အကြတ်နေ့အဖြစ် အသံမတိတ် တော်လှန်သပိတ် ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ကလေးမြို့တွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ဇာတ်သိမ်းရေးအတွက် အထိုင်နှင့် လမ်းလျှောက်သပိတ်များကို ယနေ့ နံနက်ပိုင်းက ဆက်လက်ပြုလုပ် ဆင်နွှဲခဲ့သည်။ ကလေးမြို့တွင် အကြမ်းဖက်စစ်တပ်ဘက်က လုံခြုံရေးချထားဆဲဖြစ်ပြီး နေ့လယ် ၃ နာရီခွဲခန့်အချိန်တွင်ပင် မြို့ပေါ် အဓိကလမ်းမကြီးများပေါ်၌ လူသွားလူလာ မရှိသလောက်ပင် ဖြစ်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

• ရွှေဘို စည်ပင်သာယာစျေးတွင် လူငယ်အချို့က "စစ်အာဏာရှင် ဆန့်ကျင်ကြောင်း" ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• စစ်ကိုင်း၊ ယင်းမာပင်၊ ရုံးလေးပင်ကျေးရွာတွင် ဒေသခံများက ကျေးရွာသပိတ်စစ်ကြောင်းထွက်ကာ "စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး" လူထုသပိတ် ပြုလုပ်ခဲ့သည်။

• အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနှင့် လက်နက်ကြီးသုံး ဖြိုခွင်းခဲ့သည့် တမူးမြို့တွင် ယနေ့နံနက်ပိုင်းကလည်း ရပ်ကွက်အချို့ရှိ နေအိမ်အချို့အား ဝင်ရောက်စီးနင်းရှာဖွေကာ တွေ့ရှိသည့် ငွေများအား အဓမ္မယူဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် သပိတ်တွင် ပါဝင်သည်ဟု ဆိုကာ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။

• မုံရွာ ပင်မသပိတ် စတင်ထွက်ခွာရာဖြစ်သည့် သာစည်လမ်း၊ ယင်းမာမြိုင်လမ်းထိပ်အနီးတွင် နေ့လယ် ၁ နာရီခန့်က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား အကြမ်းဖက်စစ်တပ်ဘက်က လူမဆန်စွာ အိမ်စီးကားဖြင့် ဝင်တိုက်၍ ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။ ကိုဝေမိုးနိုင် ဖမ်းဆီးခံရပြီးနောက် ၎င်းအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး သင့်တော်လုံလောက်သည့် ဆေးကုသမှုရရှိရန်နှင့် ဖမ်းဆီးခံရသူများ၏ လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ဆွီဒင်သံရုံးက အကြမ်းဖက်စစ်အုပ်စု အား တောင်းဆိုထားသည်။

မကွေးတိုင်းဒေသကြီး

• မကွေးမြို့တွင် သင်္ကြန်အကြတ်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင် ပြုတ်ကျရေး မုန့်လုံးရေပေါ်သပိတ် ပြုလုပ်ခဲ့သည်။

• စစ်ကိုင်း မြို့မစျေး၊ ပျံကျစျေးတန်းတွင် "အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း" စျေးဝယ်သပိတ် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တွင် ပညာရေးမိသားစု၊ ကျောင်းသားနှင့် ပြည်သူအင်အား ၁၀၀ ကျော်ဖြင့် စစ်အုပ်စု အလိုမရှိကြောင်း အာရုဏ်ဦး သပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် အတာအိုးများတွင် "လုံးဝအုပ်ချုပ်၍ မရစေရ" စာတန်းများ ကပ်ကာ လူမဲ့သပိတ်လည်း ပြု လုပ်ခဲ့ကြသည်။

• ရေဖြူ၊ ကံပေါက်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် CRPH ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့တွင်းလှည့်လည်၍ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ဖျာပုံတွင် ဒေသခံများက ဆိုင်ကယ်များဖြင့် လှည့်လည်၍ ဟွန်းများတီးကာ "အသံမတိတ်တဲ့ သင်္ကြန်သပိတ်" ကို ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• ပေါင်မြို့နယ်တွင် "ဖက်ဒရယ်တပ်မတော် ထောက်ခံကြောင်း" ဆိုင်းဘုတ်ကြီးများ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မုဒုံတွင် "ဒီမိုကရေစီရရှိရေးနှင့် ဖက်ဒရယ်တပ်မတော် ထောက်ခံကြောင်း" စာသားများ ကပ်ကာ အာဏာသိမ်းစစ်အုပ်စုကို တော်လှန်သည့် အရုပ်သပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

• ဒီးမော့ဆို ဒေါးငံခါးလမ်းဆုံတွင် တော်လှန်သင်္ကြန် အကြတ်နေ့ နံနက်ပိုင်းက တော်လှန်သင်္ကြန် ကားသပိတ် ပြုလုပ်ခဲ့သည်။

• ဖရူဆိုတွင် မြို့နယ်လုံးကျွတ် သပိတ်ဖြင့် "စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း" လူအင်အား ရာနှင့်ချီဖြင့် ဆင်နွှဲခဲ့သည်။

• လွိုင်ကော်၊ နာနတ်တောသပိတ်ကို ဖြိုခွင်းရန်အတွက် အကြမ်းဖက်စစ်အုပ်စုဘက်က အင်အား ၂၀၀ ခန့်ဖြင့် ဘာဒိုထေးငှားလျားဘက်မှ ချီတက်လာသည့်အတွက် သပိတ်ပြုလုပ်နေစဉ်အတွင်း လူစုခွဲခဲ့ရသည်။ ထို့ပြင် စစ်အုပ်စုဘက်က ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားသည်၊ NLDအစိုးရ မဲခိုးမဲလိမ်နေသည်ဟူသည့် အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များကို လွိုင်ကော်မြို့တွင်း မီးပွိုင့်များတွင်က လိုက်လံဝေငှနေကြသည်။

ရင်ပြည်နယ်

• ဘားအံ့မြို့ ဇွဲကပင်တောင်ထိပ်ပေါ်တွင် လူငယ်များက "စစ်အာဏာရှင် အလိုမရှိ" စာတန်းကို လွှင့်တင်ချထားခဲ့သည်။

ကချင်ပြည်နယ်

• မြစ်ကြီးနားအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်သုံးဦးက အကြမ်းဖက်စစ်တပ်က နေအိမ်များတွင် ဖမ်း ဆီးသွားခဲ့သည်။ ဖမ်းဆီးခံရသူများမှာ အဂျဲ၊ ခရစ္စတိုဖာနှင့် မျိုးမြတ်မြတ်ပန်တို့ ဖြစ်ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ စုံစမ်းနေကြဆဲ ဖြစ်သည်။

• ဖားကန့်၊ တာမခန်မြို့သစ်တွင် ဒေသခံအင်အား ၁၀၀ ကျော်က အနီရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ "ဟွေ့ဆိုင်းသွေးသပိတ်စစ်ကြောင်း" အမည်ဖြင့် တော်လှန်သင်္ကြန် "သွေးမတိတ် ဆေးသပိတ်" ပြုလုပ်ခဲ့သည်။ ထို့ပြင် အေးမြသာယာသပိတ်စစ်ကြောင်းလည်း ယနေ့တွင် လမ်းပေါ်ဆက်တက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

• မိုးကောင်းတွင်လည်း အနက်ရောင်အိင်္ကျီဆင်တူဝတ်ထားသည့် ဒေသခံအင်အား ရာနှင့်ချီက "မပျော်သင်္ကြန် မဟုတ်တဲ့ တော်လှန်ရေးသင်္ကြန်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အုပ်စု အဆုံးသတ်ရေး လူထုသပိတ် ဆင်နွှဲခဲ့သည်။

• နမ္မတီးတွင် လူငယ်များက "သွေးတွေရောတဲ့ ဒီနှစ်သင်္ကြန်ရေကို ငါတို့ မကစားဘူး" စာတန်းများ ကိုင်ဆောင်ကာ "ပျော်စရာ မဟုတ်တဲ့ တော်လှန်ရေးသင်္ကြန်" သပိတ် ပြုလုပ်ခဲ့သည်။

• မြစ်ကြီးနားတွင် ကျောင်းသားသမဂ္ဂနှင့် လူငယ်များ စုပေါင်း၍ "၈၂ ဒိုင်ယာရီ ပင်မသပိတ်" ဖြင့် "အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်

• မူဆယ်တွင် "စစ်အုပ်စု အလိုမရှိကြောင်း" ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• တောင်ကြီးတွင် ကျောင်းသားလူငယ်များက အုတ်နံရံများတွင် ရှမ်းဘာသာစကားဖြင့် "စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း" စာများ ရေးကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည့်အပြင် ကား၊ ဆိုင်ကယ်များ ဟွန်းတီး၍လည်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
• နမ့်ခမ်းမြို့ဂေါက်ကွင်းတွင် နံနက် ၈ နာရီခန့်က စစ်အာဏာရှင်ဆန့်ကျင်သော စာများ ရေးသားစိုက်ထူကာ စစ်အုပ်စု အပြီး တိုင်ပျက်သုန်းရေး ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။

• သီပေါတွင် ဒေသခံအင်အား ထောင်နှင့်ချီ၍ ဆိုင်ကယ်များဖြင့် မြို့တွင်းလှည့်လည်ကာ စစ်အုပ်စု ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• နန့်စန်တွင် အာဏာရှင်ဆန့်ကျင်မှု တော်လှန်သင်္ကြန်သပိတ်အဖြစ် လူသွားလူလာများသည့် လမ်းဆုံများတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်းဘုတ်များ ရေးဆွဲစိုက်ထားခဲ့ကြသည်။

နေပြည်တော်

• နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD မကောင်းကြောင်း ဝါဒဖြန့် စာစောင်များကို အကြမ်းဖက်စစ်တပ်ဘက်က လိုက်လံဝေငှလျက် ရှိသည်။

• ပျဉ်းမနားတွင် ဒေသခံများက ဆိုင်ကယ်အစီး ၅၀ ကျော်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အသံမတိတ် ဆိုင်ကယ်သပိတ်ကို ပြုလုပ်ခဲ့သည်။

ဧပြီ ၁၅ သုံးသပ်ချက်

• တော်လှန်သင်္ကြန် တတိယနေ့ သင်္ကြန်အကြတ်နေ့တွင် ကားနှင့် ဆိုင်ကယ် ဟွန်းတီးခြင်း၊ သံဗုံးတီးခြင်းများကို ရန်ကုန်တစ်မြို့လုံးနီးပါး၌ အခြားသော ပုံစံမျိုးစုံဖြင့်လည်း အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသည်။ လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုဘက်က ယခုရက်ပိုင်းအတွင်း လူသွားလူလာများသည့် လမ်းဆုံများနှင့် နေရာများတွင် တားမြစ်စစ်ဆေးခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး ၎င်းတို့ဘက်တွင် လုံခြုံရေးစိုးရိမ်ချက် ရှိနေကြောင်း ပေါ်လွင်လျက် ရှိသည်။

• မန္တလေးနှင့် နယ်မြို့များတွင် သပိတ်များ အားကောင်းကာ လုံခြုံရေးတင်းကြပ်သည့် နေရာများတွင်ပင် သပိတ်များ အားကောင်းလာလျက် ရှိသည်။ သပိတ်အင်အားကောင်းသည့် နေရာများတွင် စစ်တပ်ဘက်က အိမ်စီးကားများသုံးကာ လက်နက်တပ်ဆင် ထားသည့် အရပ်ဝတ်များဖြင့် ဖြိုခွင်းသည့်ပုံစံကို ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် လုံခြုံရေးသတိရှိကြရန် လိုအပ်သည်။

• အကြမ်းဖက်စစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များဘက်တွင် အသာစီးရကာ လူသစ်စု ဆောင်းမှုများ ပြုလုပ်လာကြပြီး စစ်တပ်ဘက်က ထိတွေ့မှုတိုင်းတွင် အကျအဆုံးနှင့် အထိအခိုက် များပြားလျက် ရှိသည်။ ထိတွေ့မှုဖြစ်ရာနေရာများတွင် ဒေသခံများအနေဖြင့် သတိရှိကြရန်နှင့် မြို့ပေါ်ရပ်ကွက်များတွင် အသွားအလာကန့်သတ် ထားချိန်များ၌ စစ်တပ်က ပေါ်တာဆွဲများ ပြုလုပ်လာနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required