နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ ဧပြီ ၂၀၂၁)
(Photos: : AFP - ဧပြီလ (၁၄)ရက် ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်တွင် စစ်အာဏာရှင်ကျရှုံးရေး “သွေးမတိတ်တဲ့ဆေးသပိတ်”ဖြင့် ဆန္ဒပြလှုပ်ရှားမှုပြုလုပ်သည့် မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• လှိုင်သာယာ၊ စစ်တပ်ထိပ်တွင် နံနက် ၈ နာရီခွဲကလည်း ရဲဝတ်စုံဝတ် အကြမ်းဖက်စစ်တပ် လုံခြုံရေးများက ဖြတ်သန်းသွား လာသည့် ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စစ်ဆေးလျက် ရှိသည်။

• နယ်မြို့များရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel ရုံးများ၌ ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘာအေးဘုရားလမ်း၊ ဦးထောင်ဘိုအဝိုင်းအနီးရှိ Mytel ရုံးချုပ်ရှေ့တွင် စစ်တပ်ဘက်က လုံခြုံရေးယူထားပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များကို နံနက် ၁၀ နာရီခွဲအချိန်အထိ စစ်ဆေးလျက် ရှိသည်။

• သာကေတတွင် ယနေ့ နံနက်ပိုင်းက လူငယ်များ စုပေါင်းကာ "သွေးမတိတ်တဲ့ ဆေးသပိတ်" ပြုလုပ်ကာ အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• သန်လျင်တွင် အာဏာရှင်ဆန့်ကျင်ကြောင်း တော်လှန်သင်္ကြန်ကို လူငယ်အချို့က အနက်ရောင်ဝတ်စုံများဝတ်ကာ အာဏာရှင် ဆန့်ကျင်ကြောင်း စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အပြင် မြို့တွင်းစျေး အချို့တွင်လည်း လူငယ်အချို့က ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ကြည့်မြင်တိုင်၊ ကမ်းနားတွင် ဆေးအနီများပတ်ဖြန်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းများ ချိတ်ဆွဲ၍ အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ဗဟန်းတွင် "ပျော်စရာ သင်္ကြန်မဟုတ်တဲ့ - တော်လှန်သင်္ကြန်" အဖြစ် စစ်အုပ်စု အပြီးတိုင်ဇာတ်သိမ်းရေး လူမဲ့အတာအိုးသ ပိတ် ပြုလုပ်ခဲ့သည်။

• လှိုင်တွင် လူငယ် ၅၀ ခန့်က ယနေ့ နေ့လယ်ပိုင်းတွင် လမ်းမများပေါ်တက်၍ အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ကြောင်းစာ များကို ဆေးနီများဖြင့် ရေး၍ လူမဲ့အတာအိုးသပိတ် ပြုလုပ်ခဲ့သည်။

• ရွှေပြည်သာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး မုန့်လုံးရေပါ်သပိတ် ပြုလုပ်ခဲ့သည်။

• အရှေ့ဒဂုံမြို့နယ်တွင် သင်္ကြန်အကျနေ့ဖြစ်သော်လည်း တော်လှန်သော "သွေးမတိတ် ဆေးသပိတ်" ကို လမ်းမကြီးများနှင့် ကားမှတ်တိုင်များတွင် ဆေးနီများ ပတ်ဖြန်း၍ ဆန္ဒပြခဲ့ကြသည်။

• အင်းစိန်တွင် "လူထုတိုက်ပွဲနှင့် ပြည်သူ့ကျိန်စာ" “အုပ်ချုပ်လို့ မရစေရ" စာသားများအား အနီရောင်စက္ကူများတွင် ရေးကာ လမ်းမများပေါ်သို့လည်း ဆေးအနီများ ပတ်ဖြန်း၍ လူမဲ့ "သွေးသပိတ်" ပြုလုပ်ခဲ့သည်။

• အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်တွင် အကြမ်းဖက်ဖြိုခွင်းမှု ပစ်သတ်ခဲ့မှုကြောင့် ပထမဆုံး ကျဆုံးခဲ့သည့် ညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် လှည်းတန်းလမ်းမပေါ်ရှိ အထက (၅) ကျောင်းရှေ့တွင် လူငယ်အချို့က ယနေ့နံနက်ပိုင်းတွင် ဆေးနီများဖြင့် "လုံးဝ အုပ်ချုပ်၍ မရစေရ" အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ရေးသားကာ ဆန္ဒပြခဲ့ကြသည်။

• တာမွေ၊ ကျောက်မြောင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့သပိတ်တိုက်ပွဲကို အတာအိုးများကိုင်ဆောင်ကာ ရပ်ကွက်တွင်းလမ်းများ၌ လှည့်လည်၍ ပြုလုပ်ခဲ့သည်။ ကျောက်မြောင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က နေ့ညမပျက် လုံခြုံရေးချထားကာ လိုက်လံဖမ်းဆီးမှုများ အဆက်မပြတ် ပြုလုပ်ခံနေရသည့် နေရာလည်း ဖြစ်သည်။

• စမ်းချောင်းတွင် စစ်အုပ်စုဆန့်ကျင်ရေး လူငယ်များက မြို့နယ်တွင်း လမ်းမကြီးများပေါ်တက်ကာ "သွေးမတိတ် ဆေးသပိတ်" တိုက်ပွဲ ဆင်နွှဲခဲ့သည်။

• မြောက်ဒဂုံတွင် လမ်းများပေါ်၌ ယနေ့ နေ့လယ်ပိုင်းက ပြည်သူများ ရေကစားထားဟန် ထင်မြင်စေရန်အတွက် စည်ပင်ရေကားများဖြင့် လမ်းမကြီးများ လိုက်လံပတ်ဖြန်းလျက်ရှိပြီး ရန်ကုန်မြို့တစ်မြို့လုံးတွင် စစ်အာဏာရှင်လက်အောက်တွင် သင်္ကြန်ရေပတ်ခြင်း မပြုလုပ်ဘဲ ဆန့်ကျင်တော်လှန်ကြသည့်အတွက် လူစည်ကားသည့်နေရာများတွင်ပင် အသွားအလာ နည်းပါးလျက် ရှိသည်။

• တောင်ဒဂုံတွင်လည်း ရေကစားခြင်းများ မပြုလုပ်ကြဘဲ နည်းပေါင်းစုံဖြင့် တော်လှန်သင်္ကြန် သပိတ်များ ပြုလုပ်ခဲ့သည်။

• ယမန်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သည့် စမ်းချောင်း၊ ပဒုမ္မာပန်းခြံအနီးရှိ အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားသည့်နေရာရှေ့တွင် ယနေ့ ညနေ ၅ နာရီခန့်က ဖြတ်သန်းသွားလာနေသည့် အိမ်စီးယာဉ်များ တားဆီးစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

မန္တလေးတိုင်းဒေသကြီး 

• ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ၃၂ လမ်း (၈၆ x ၈၇ ကြား) တွင် လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုက အသက် ၃၀ ခန့်အရွယ် အလောင်းတစ်လောင်းအား လာရောက်စွန့်ပစ်ထားခဲ့ပြီး ၉ နာရီခန့်တွင် နာရေးကူညီမှုအသင်းတစ်ခုက လာရောက် သယ်ဆောင်သွားသည်ဟု သိရသည်။

• နေ့စဉ် စစ်ကြောင်းထွက်နေသည့် သံဃသမဂ္ဂကလည်း စစ်အာဏရှင် ကျဆုံရေးနှင့် CRPH ထောက်ခံကြောင်းကို မြို့ပေါ် လမ်းများပေါ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• မန်းတွင် အကြမ်းဖက်စစ်အုပ်စုက ဖြိုခွင်းမှုများရှိသော်လည်း ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက "သွေးမတိတ်" သပိတ်စစ်ကြောင်းဖြင့် လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်း၊ ချမ်းမြသာစည်တွင် ရတနာပုံတက္ကသိုလ်ကျောင်းသားကျောင်းသူများ စုပေါင်း၍ အကြမ်းစစ်အုပ်စု ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့သည်။

• မန္တလေး နန်းရှေ့ဘက်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးလျှော့ချထားပြီး ယနေ့ နံနက်ပိုင်းတွင် သပိတ်များ ငြိမ်သက်နေရာမှ ပျောက်ကြားဆိုင်ကယ်သပိတ်များ ပြန်လည်ထွက်လာခဲ့သည်။ လမ်းအချို့တွင် အတားအဆီးများ ဆက်လက် ရှိနေဆဲဖြစ်ကာ လမ်းသွားလမ်းလာ ဆိုင်ကယ်စစ်ဆေးမှုများလည်း နည်းပါးလျက် ရှိသည်ဟု နန်းရှေ့ဘက်တွင် နေထိုင်သူ မြိုခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြဝတီဘဏ်ရှေ့တွင်မူ လက်နက်ကိုင်လုံခြုံရေး ငါးဦးခန့် ယနေ့ နေ့လယ်ပိုင်းအထိ လုံခြုံရေးယူထားဆဲ ဖြစ်သည်ဟုလည်း သိရသည်။

• မန္တလေး၊ ဒုဋ္ဌဝတီမြစ်ကမ်းဘေးတွင် ကျန်းမာရေးမိသားစုများ စုပေါင်း၍ အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• အောင်မြေသာစံတွင် ပညာရေးမိသားစု ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းဖြင့် စစ်အုပ်စု ကျဆုံရေး ဆန္ဒပြခဲ့ကြသည်။

• မန္တလေး၊ နွားထိုးကြီးတွင် ကျေးရွာများ စုပေါင်း၍ စစ်အုပ်စု ကျဆုံရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• မြင်းခြံတွင် စစ်အာဏာရှင် ကျဆုံရေးလူထုသပိတ်ကို သင်္ကြန်အကျနေ့ နံနက်ပိုင်းက လူအင်အား ၅၀ ကျော်ဖြင့် ဆက်လက် ပြုလုပ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• ပုဂံညောင်ဦးဒေသတွင် ဒေသခံအင်အား ၁၀၀ ကျော်က သင်္ကြန်ကျရောက်ပြီဖြစ်သော်လည်း ရေကစားခြင်း မပြုလုပ်ဘဲ လမ်းမကြီးများပေါ်တက်ကာ စစ်အုပ်စု ကျဆုံရေး တော်လှန်သင်္ကြန်အဖြစ် သပိတ်ပြုလုပ်ဆင်နွှဲခဲ့သည်။

• မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံတွင် "လုံးဝအုပ်ချုပ်ခွင့် မရစေရ" ဆိုင်းဘုတ်များအား လမ်းမများတွင် ချိတ်ဆွဲ၍ လမ်းများပေါ် ဆေးနီများ ဖြန်းကာ "သွေးမတိတ် ဆေးသပိတ်" ပြုလုပ်ခဲ့သည်။

• မိုးကုတ်တွင် ရာနှင့်ချီသော မြို့ခံများက "CRPH ထောက်ခံကြောင်း" ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင် အလို မရှိကြောင်း လမ်းမကြီးများပေါ်၌ ဆန္ဒထုတ်ဖော်ခဲ့သည့်အပြင် ရိုးရာ မုန့်လုံးရေပါ်သပိတ်ကိုလည်း ဆင်နွှဲခဲ့သည်။
• ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းတွင် မြို့အဝင်ဆိုင်းဘုတ်နှင့် လမ်းမကြီးများပေါ်တွင် "သွေးမတိတ် ဆေးသပိတ်" ပြုလုပ်ခဲ့သည်။

• မြစ်ငယ်မြို့တွင် ယနေ့နံနက်ပိုင်းတွင် စစ်တပ်ဘက်က စစ်သားအပြည့် ကားကြီး လေးစီး၊ Double Cab လေးစီး၊ ဘူဒိုဇာများဖြင့် အင်အားဖြည့်က ၎င်းတို့ ဝင်ရောက်စီးနင်းထားခဲ့သည့် ဘုန်းတော်ကြီးကျောင်း၊ မြို့လယ်ရဲစခန်းနှင့် လမ်းဆုံလမ်းခွများတွင် နေရာယူထားကာ ညနေပိုင်းတွင် ပစ်ခတ်မှုများ ဆက်လုပ်လာခြင်း ဖြစ်သည်။ ညနေ ၄ နာရီတိုင်ခင်ကတည်းက အကြမ်းဖက်စစ်အုပ်ဘက်က ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ထိမှန် ဒဏ်ရာရထားပြီး ဆက်လက်ပစ်ခတ်နေမှုများကြောင့် ကုသမှုပေးရန် သွားရောက် မခေါ်ယူနိုင်သေးကြောင်း ဒေသခံများထံက သိရသည်။

• မန္တလေးတွင် ဗကသ၊ ဒေါင်းစစ်သည်၊ တကသနှင့် ပညာရေးမိသားစု စုပေါင်းသပိတ်စစ်ကြောင်းက လူအင်အား ရာနှင့်ချီ စုပေါင်းကာ စစ်အုပ်စု ပြုတ်ကျရေး လူထုသပိတ် ဆက်လက်ဆင်နွှဲခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူး ရွှေသာလျောင်းဘုရားဝန်းအတွင်းရှိစျေးဆိုင်ခန်းအချို့တွင် အသွားအလာကန့်သတ်ထားသည့် နံနက် ၃ နာရီခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးသတ်ကား ခုနစ်စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး လက်နက်ကိုင် အကြမ်းဖက်စစ်တပ်က ရဲနှင့် စစ်ကားနှစ်စီးဖြင့် လာရောက်ခဲ့သည်။

• ပဲခူးမြို့တွင် လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်မှုကြောင့် လူ ဆယ်နှင့်ချီ သေဆုံးခဲ့သည့်အတွက် သပိတ်စစ် ကြောင်းကြီးများ မရှိသော်လည်း ယနေ့ သင်္ကြန်အကျနေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မုန့်လုံးရေပါ် သပိတ်များ ကို မြို့ပေါ်ရပ်ကွက်အချို့တွင် ပြုလုပ်ခဲ့သည်။

• ဒိုက်ဦးတွင်လည်း စစ်အုပ်စု အပြီးတိုင် ပျက်သုန်းရေးအတွက် ရည်ရွယ်၍ တော်လှန်သင်္ကြန် မုန့်လုံးရေပါ်သပိတ် ဆင်နွှဲခဲ့သည်။

• ပေါင်းတည်တွင် ကားလမ်းမနှင့် လယ်ကွင်းများတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်းဘုတ်ငယ်များ ထောင်၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာတွင် ယနေ့နံနက်ပိုင်းနှင့် ယမန်နေ့ညပိုင်းများက ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ခဲ့သည်။ ယမန်နေ့ညပိုင်း ၆ နာရီကျော်ခန့်က ဗိုလ်ချုပ်လမ်း မြန်မာ့စီးပွားရေးဘဏ်အနီးတွင် တစ်ကြိမ်၊ နန္ဒဝန်ရပ် အေးရိပ်သာလမ်းတွင် တစ်ကြိမ်နှင့် မုံရွာတက္ကသိုလ်ရှေ့တွင် တစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် ကျောက္ကာလမ်း ဆုံဆည်းရာလက်ဖက်ရည်ဆိုင် အနိး မိုးကောင်းဘုရားရှေ့ လမ်းဘေးတွင်တစ်ကြိမ်နှင့် မုံရွာ-မန္တလေးကားလမ်း မြို့အဝင်ဂိတ်အနီးတစ်ကြိမ် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ မြို့အဝင်ဂိတ်အနီး ပေါက်ကွဲရာတွင် အကြမ်းဖက်စစ်တပ်ဘက်က လုံခြုံရေးတစ်ဦး ထိခိုက်မှု ရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများအား အကာအရံများပြုလုပ်၍ လုံခြုံရေးယူထားကြသည်။

• မုံရွာ ပင်မသပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းကလည်း လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် မုံရွာအနီး ကျေးရွာပေါင်းစုံရှိ ဒေသခံ ရာနှင့်ချီကလည်း  "သွေးမတိတ် ဆေးသပိတ်" တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။

• စစ်ကိုင်းတွင် သင်္ကြန်မပြုလုပ်ဘဲ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးဆိုင်ကယ်သပိတ်ကို ဆိုင်ကယ်စီးရေ ၅၀ ကျော်ဖြင့် ဆန္ဒပြခဲ့ကြသည်။

• ရွှေဘိုမြို့တွင် လူငယ်များက ဘုရားနှင့် လမ်းမကြီးများပေါ်တွင် "သွေးမတိတ် ဆေးသပိတ်" ပြုလုပ်ကာ အာဏာရှင် စစ်အုပ်စုကိ တော်လှန်ခဲ့သည်။

• ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက လူငယ်အင်အား ၁၀၀ ခန့်ဖြင့် "သွေးမတိတ် ဆေးသပိတ်" အမည်ဖြင့် လမ်းများကြီးများပေါ်တွင် ဆေးအနီများ ပတ်ဖြန်းကာ အထိုင်သပိတ် ပြုလုပ်ခဲ့သည်။ ထူးခြားချက်အနေဖြင့် ကလေးမြို့ပေါ်ရပ်ကွက်အ ချို့တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်များဖြင့် အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးအဖွဲ့များက တားဆီးစစ်ဆေးမှုများ ပြုလုပ် လာခဲ့သည်။ ယမန်နေ့ ညပိုင်းက အသွားအလာကန့်သတ်ထားသည့် ည ၉ နာရီအချိန်တွင် မိခင်ဖြစ်သူအတွက် လိုအပ်သည့် အောက်ဆီဂျင်ဘူးသွားယူသူ လူငယ်တစ်ဦးက စစ်တပ်ဘက်က ပစ်ခတ်သဖြင့် ဒဏ်ရာရခဲ့သည်ဟု သိရပြီး ယင်းပစ်ခတ်မှု မဖြစ်ခင်ကလည်း နှစ်ကြိမ်ခန့် ခြောက်လှန့်ပစ်ခတ်မှုများ ရှိခဲ့သည်။

• ကသာတွင် အကြမ်းဖက်စစ်ကောင်စီဘက်က လုံခြုံရေးချထားသော်လည်း ဆိုင်ကယ်စီးရေ အမြောက်အမြားဖြင့် စစ်အုပ်စု အဆုံးသတ်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နေ့စဉ်သပိတ်ပြုလုပ်လျက်ရှိပြီး သင်္ကြန်အကျနေ့ဖြစ်သည့် ယနေ့တွင်လည်း ပညာရေးမိသားစုနှင့် လူငယ်အင်အား ရာနှင့်ချီ၍ လမ်းလျှောက်သပိတ်နှင့် အတာအိုးသပိတ်များ ဆက်လက်ပြုလုပ် ဆင်နွှဲခဲ့သည်။

• သရက်ချောင်း၊ ပိန်းတောကျေးရွာတွင် "တော်လှန်သင်္ကြန် ပိန်းတောသပိတ်စစ်ကြောင်း" ဖြင့် ဒေသခံပြည်သူ ရာနှင့်ချီ၍ အာဏာရှင်စနစ် ပျက်သုန်းရေးသပိတ် ပြုလုပ်ခဲ့ကာ အိင်္ကျီအဖြူဝတ်ထားသည့် လူငယ်များကလည်း ခန္ဓာကိုယ်ပေါ်တွင် ဆေးအနီများ ပတ်ဖြန်း၍ ရွာတွင်းလမ်းများပေါ်၌ ဆန္ဒပြခဲ့ကြသည်။ ညောင်ဇင်ရွာတွင်လည်း အတာအိုး အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ရေဖြူ၊ ကံပေါက်တွင် "CRPH ထောက်ခံကြောင်း" ဆိုင်းဘုတ်များ လွှင့်ထူကာ ရာနှင့်ချီသော ဒေသခံများက စစ်အုပ်စု အလျင်အမြန် ဇာတ်သိမ်းရေး သပိတ် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• လပွတ္တာတွင် မြို့ခံများက စစ်အာဏာရှင်စနစ် ပျက်သုန်းရေး "သွေးမတိတ် ဆေးသပိတ်" ကို ယနေ့နံနက် အစောပိုင်းက ပြုလုပ်ဆန္ဒဖော်ထုတ်ခဲ့သည်။

• ပုသိမ်တွင် သင်္ကြန်အကျနေ့ဖြစ်သည့် ယနေ့တွင် မြို့ခံများက လမ်းမများထက်တွင် ဆေးအနီများ ပတ်ဖြန်းခြင်း၊ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာသားများအား ဓာတ်တိုင်နှင့် လူမြင်ကွင်းနေရာများတွင် ချိတ်ဆွဲခြင်းတို့ ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုမျး ပြုလုပ်ခဲ့သည်။

• ကြံ့ခင်းရှိ CDM ဝင် ရဲဝန်ထမ်း ညီအစ်ကိုနှစ်ဦးအား ထောင်ဒဏ် တစ်နှစ်စီချမှတ်လိုက်ပြီး ထောင်တွင်းဆန့်ကျင်ဆန္ဒပြမှုဖြင့် တိုက်ပိတ်ခံထားရသည်။

• ကျုံပျော်တွင် မုန့်နှစ်များဖြင့် စ်စ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသားကာ မုန့်လုံးရေပါ်သပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• ရေးမြို့နယ်တွင် "စစ်အာဏာရှင် အမြန်ကျဆုံးပါစေ"၊ "ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး" စသည့် စာတန်းပါဆိုင်း ဘုတ်များ ထောင်ထားသည့် အတာအိုးလူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

• ဖရူဆိုတွင် လူအင်အား ၃၀၀ ခန့်က စစ်အုပ်စု အလိုမရှိကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ဒီးမော့ဆိုမြို့နယ် မြို့မစျေးတွင် စျေးသူစျေးသားများက "စျေးမရောင်းခြင်း Silent သပိတ်" ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• လွိုင်ကော်၊ ထေးငှားလျားနှင့် ဘာဒိုကျေးရွာတို့ ပူးပေါင်း၍ ဒေသခံ ၁၀၀ ကျော်က ပန်းများကိုင်ဆောင်ကာ စစ်အုပ်စု အပြီး တိုင်ပျက်သုန်းရေး လူထုသပိတ် ဆင်နွှဲခဲ့သည်။

ကရင်ပြည်နယ်

• ထိုင်း-မြန်မာ နယ်စပ် မြဝတီတွင် အကြမ်းဖက်စစ်အုပ်စုက မဏ္ဍပ်ပြုလုပ် ရေကစားရန် ခွင့်ပြုသော်လည်း ကလေးငယ်တချို့က လွဲ၍ တစ်မြို့နယ်လုံးတွင် ရေကစားခြင်းမပြုဘဲ တော်လှန်သင်္ကြန် ပြုလုပ်လျက် ရှိသည်။

• ဘားအံတွင် လူငယ်အချို့က မြို့တွင်းသို့ လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်တွင် စစ်အာဏာရှင် ကျဆုံးရေး လူငယ်ပေါင်းစုံသပိတ်ကို တိုင်းရင်းသားအလံများ လွှင့်ထူကာ ရိုးရာဝတ်စုံများ ဝတ်ဆင်၍ လူအင်အား ၁၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်

• နမ္မတီးတွင် ယနေ့နံနက် ၅ နာရီခွဲက ရာနှင့်ချီသည့် ဒေသခံများက လမ်းမကြီးများပေါ်တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• မိုးညှင်းခရိုင်၊ မိုးကောင်းတွင် ပညာရေးမိသားစုများ ဦးဆောင်သော စုပေါင်းသပိတ်ကြောင်းက လူအင်အား ရာနှင့်ချီ စုဝေးကာ မြန်မာဝတ်စုံများဝတ်ဆင်၍ ပန်းများကိုင်ဆောင်ကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ဖားကန့်၊ အေးမြသာယာတွင် "ကြောက်ရင် မထွက်နဲ့...ထွက်ရင် မကြောက်နဲ့" စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဒေသခံ ၃၀၀ ကျော်ဖြင့် စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တာမခန်တွင်လည်း ဒေသခံအင်အား ရာနှင့်ချီက အတာအိုးများ ကိုင်ဆောင်ကာ စစ်အုပ်စု အဆုံးသတ်ရေး လူထုသပိတ် ဆင်နွှဲခဲ့သည်။

• မြစ်ကြီးနား အထွေထွေသပိတ်စစ်ကြောင်းက "မိစ္ဆာဖျက်တဲ့ သင်္ကြန်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လူအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ရွှေကူတွင် ကျေးရွာလေးရွာပေါင်း လူအင်အား ၁၀၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စုပေါင်းသပိတ် ပြုလုပ်ခဲ့သည်။

• ယနေ့ နံနက်ပိုင်းက မြစ်ကြီးနား-ဖားကန့်လမ်းရှိ နမ့်ယားကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များ တိုက်ပွဲငယ်အချို့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ယမန်နေ့ကလည်း KIA တပ်စွဲထားသည့် အလောဘွမ်စခန်းသို့ မိုးမောက်အခြေစိုက် ခမရ ၃၂၀ က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ သော်လည်း အကျ အဆုံးများစွာဖြင့် တပ်ပြန်ဆုတ်သွားကြောင်းနှင့် အသက်ရှင်သူ အနည်းငယ်သာ ကျန်ခဲ့ကြောင်း သိရသည်။

• ဝိုင်းမော်တွင် ရောင်စုံလူငယ်များအဖွဲ့က နွေဦးတော်လှန်ရေး ပန်းချီပြိုင်ပွဲ ပြုလုပ်ကာ စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ချင်းပြည်နယ်

• ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် လုံခြုံရေးရဲကားနှင့် အိမ်စီးကား တိုက်မှုကြောင့် ဖမ်းခံထားရသူ ယာဉ်မောင်းကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု သိရသည်။ ယမန်နေ့ ညပိုင်းက မြို့သစ်ရပ်ကွက်၊ အောင် ဆီဆိုင်အနီး မတော်တဆ တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကားကိုလည်း ဖျက်ဆီးခဲ့သည့်အပြင် ကားပေါ်ပါ ငွေ ၁၃ သိန်းလည်း ပျောက် ဆုံးသွားသည်ဟု သိရသည်။

ရှမ်းပြည်နယ်

• ကျောက်မဲတွင် မဟာသင်္ကြန်အကျနေ့ တော်လှန်မှုအဖြစ် "ဘယ်လောက်နှစ်နှစ် ရအောင် အပေါ်ပြန်တက်မယ်"  နှင့် "မုန့်လုံးရေပေါ်စား၍ ဆက်လက်တိုက်ပွဲဝင်ပေးရန်" တိုက်တွန်းစာများ ရေးသားစိုက်ထူ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း မုန့်လုံးရေပေါ်သပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် အစီးရေ ၁၀၀ ကျော်ဖြင့် ဆိုင်ကယ်သပိတ်နှင့် တရုတ်ဆန့်ကျင်ရေး ဖရဲသီးသပိတ်တို့လည်း ပြုလုပ်ခဲ့ကြသည်။

• သီပေါတွင် ရာနှင့်ချီသော ဒေသခံများက လမ်းမကြီးများပေါ် ဆေးနီများ ပတ်ဖြန်း၍ စစ်အုပ်စု ပြုတ်ကျရေး တန်ခူးတော်လှန်ရေး ပြုလုပ်ခဲ့သည်။

• တောင်ကြီးတွင် လူငယ်အချို့က အာဏာရှင်ဆန့်ကျင်ကြောင်း စတော်ဘယ်ရီဖျော်ရည်သပိတ် ပြုလုပ်ကာ အာဏာရှင်စစ် အုပ်စုအား ဆန့်ကျင်ခဲ့သည်။ ထို့ပြင် မြို့ပေါ်လမ်းအချို့တွင်လည်း စစ်တပ်ကို ထောက်ခံနေသည့် တရုတ်နိုင်ငံကို ကန့်ကွက် သည့်အနေဖြင့် တရုတ်နိုင်ငံအလံ မီးရှို့မှုများလည်း ပြုလုပ်ခဲ့သည်။

• မူဆယ်တွင် လူငယ်များ စုပေါင်း၍ မူဆယ်ခရိုင်တရားရုံးဆိုင်းဘုတ်များ ဆေးအနီများဖြင့် ပတ်ခြင်း၊ လမ်းမများပေါ်တွင် ပတ်ဖြန်းခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး "သွေးမတိတ် ဆေးသပိတ်" ပြုလုပ်ဆင်နွှဲခဲ့သည်။

• လက်နက်ကိုင် အကြမ်းဖက် စစ်အုပ်စု အလိုမရှိကြောင်းကို "နောင်ချို လူထုသပိတ်စစ်ကြောင်း" ဖြင့် လမ်းမများပေါ်တက် ဆန္ဒပြခဲ့ကြသည်။

• စစ်တပ်အများအပြား ရှိရာ ပြင်ဦးလွင်တွင်လည်း "စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာ မရှိဘူး"၊ "စစ်မှန်သော ဒီမိုကရေစီ ရရှိရေး CDM တွင် ပါဝင်ပေး" စသည့် စာတန်းများကိုင်ဆောင်ကာ လူငယ် ၂၀ ကျော်ခန့်က ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• မုဒုံတွင် အပျော်မဟုတ်တဲ့ တော်လှန်သင်္ကြန်အဖြစ် "သွေးမတိတ် ဆေးသပိတ်" ဖြင့် လမ်းမကြီးပေါ် ဆေးနီများဖြန်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ကျိုက်ထိုတွင် နွေဦးတော်လှန်ရေး စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့်အနေဖြင့် လက်ဝါးများပေါ်တွင် တော်လှန်သော စကားရပ်များ ရေးသားကာ သပိတ်ပြုလုပ်ခဲ့သည်။

• မော်လမြိုင်တွင် အင်တာနက်ဖြတ်တောက်ခံထားရသော်လည်း နွေဦးတော်လှန်ရေး သတင်းအချက်အလက်များ အဆက်မပြတ်သိရှိနိုင်စေရန်အတွက် လူငယ်အချို့က မွန်-မြန်မာ နှစ်ဘာသာဖြင့် "လဂွန်းအိမ်" စာစောင် ထုတ်ဝေဖြန့်ချိခဲ့ သည်။

 • ပေါင်မြို့နယ်တွင်လည်း လူသတ်စစ်အုပ်စု အလိုမရှိကြောင်း စာရွက်များကို မြို့ပေါ်အနှံ့တွင် ကပ်ခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။

နေပြည်တော်

• နေပြည်တော်တွင် လူငယ်အချို့က "နေပြည်တော် နွေဦးတော်လှန်ရေး" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ်အလိုမရှိကြောင်း "သွေးမတိတ် ဆေးသပိတ်" ကို မြို့ပေါ်လမ်းများကြီးများပေါ်၌ ပြုလုပ်ခဲ့သည်။

ဧပြီ ၁၄ သုံးသပ်ချက်

• ရန်ကုန်မြို့အနှံ့အပြားတွင် သင်္ကြန်မပြုလုပ်ကြဘဲ တော်လှန်သင်္ကြန်ကို "သွေးမတိတ် ဆေးသပိတ်"၊  "မုန့်လုံးရေပေါ်သပိတ်"၊ "အတာအိုးသပိတ်" စသည်ဖြင့် သပိတ်မျိုးစုံဖြင့် အာဏာရှင်ကို တော်လှန်လျက်ရှိပြီး နေ့၊ ည လုံခြုံရေးတင်းကြပ် နေသည့် မြို့နယ်များတွင်ပင် လူငယ်များ လမ်းပေါ်ပြန်တက်လာကြသည်။ အကြမ်းဖက် စစ်တပ်ဘက်မှ ည လှည့်ကင်းများ အပြင် နေ့လှည့်ကင်းပုံစံ ပြောင်းလဲကျင့်သုံးလျက်ရှိပြီး ရှောင်တခင် စစ်ဆေးမှုများကိုလည်း နေရာအတော်များများ၌ ပြုလုပ်လျက် ရှိသည်။

• သင်္ကြန်မြို့တော် မန္တလေးတွင် အတာသင်္ကြန်အစား တော်လှန်သင်္ကြန်နှင့် သပိတ်များ အားကောင်းကောင်းဖြင့် ရှိနေဆဲဖြစ်ပြီး မြစ်ငယ်မြို့တွင်မူ အကြမ်းဖက်စစ်အုပ်စုဘက်က သင်္ကြန်ကာလအတွင်းတွင်ပင် ပစ်ခတ်မှုများ ပြုလုပ်၍ ပြည်သူများ ဘက်က အကျအဆုံးများ ရှိနေခဲ့သည်။ မြစ်ငယ်မြို့မှာ CDM ဝင် မီးရထားဝန်ထမ်းများ များပြားသည့်မြို့ ဖြစ်ပြီး စစ်အုပ်စုဘက်က ပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် အဓိကကျသည့် မြို့လည်း ဖြစ်သည့်အတွက် အင်အားသုံး ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

• နယ်မြို့ကြီးများနှင့် တိုင်းရင်းသားဒေသ မြို့ကြီးများတွင် သင်္ကြန်ကျင်းပခြင်း မပြုလုပ်ဘဲ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်းပြသသည့် တော်လှန်သင်္ကြန်နှင့် ဆန္ဒထုတ်ဖော်ပွဲများ အဆက်မပြတ် ရှိနေဆဲဖြစ်ပြီး ဖြိုခွင်းမှုကြောင့် ပင်မသပိတ် ကြီးများ ငြိမ်သက်နေသည့် မြို့များတွင်ပင် နေရာပြောင်း၍ သပိတ်ကြီးများဖြစ်နိုင်သည်အထိ အားကောင်းလျက် ရှိသည်။ ထို့အတူ ယင်းမြို့နယ်များတွင်လည်း ပြည်သူများဘက်က လုံခြုံရေးသတိရှိကြရန်နှင့် သတင်းစီးဆင်းမှု မပြတ်တောက်ရန် အတွက် ကြိုတင်ပြင်ဆင်ထားကြရန်လည်း လိုအပ်လျက် ရှိသည်။

• အကြမ်းဖက်စစ်တပ်ဘက်က CRPH နှင့် ထိတွေ့ဆက်ဆံမှုရှိသည့် တိုင်းရင်းသားလက်နက် ကိုင်များ တပ်စွဲထားသော နေရာများတွင် အင်အားသုံးတိုက်ခိုက်မှု များ ရှိသော်လည်း ၎င်းတို့ဘက်မှ ရဲကင်းနှင့် တပ်စခန်းများသာ လက်လွှတ်နေရပြီး အထိ အခိုက်၊ အကျအဆုံးများလျက် ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly