နိုင်ငံကယ်တင်မည်ဟုဆိုကာ RCSS နောင်ချိုတွင် လူသစ်စုဆောင်း

နိုင်ငံကယ်တင်မည်ဟုဆိုကာ RCSS နောင်ချိုတွင် လူသစ်စုဆောင်း
Photo:  RCSS/SSA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

ဧပြီ ၁၄

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ ကုလားကွဲအုပ်စု၊ ဒိုးပင်အုပ်စု၊ ဟိုခိုအုပ်စုထဲမှာ ကျူအင်း၊ ဟိုခဲ၊ ကုန်းကြီး၊ ကုန်းမြောင်း၊ ရေဦး၊ ညောင်ဝိုင်း၊ ချောင်းသာ၊ မဟိန်း ကျေးရွာတွေကနေ RCSS တောင်းခံတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသူတစ်ဦးကပြောပါတယ်။

သူ့မိသားစုဝင်တစ်ဦးလည်း အခုလိုမျိုး တပ်သားစုတဲ့အထဲမှာ ပါသွားတယ်လို့သူကပြောပါတယ်။ အတင်းအကျပ် ရိုက်နှက်ပြီး ဝင်ခိုင်းတာမျိုးမဟုတ်ပေမယ့်၊ ရွာထဲမှာ အစည်းအဝေးပြုလုပ်ပြီးတော့ ရွာသူကြီးတွေကို တစ်ရွာဘယ်နှစ်ယောက် ပေးရမယ်လို့ တောင်းတယ်လို့သူက ရှင်းပြပါတယ်။

"အခုက နိုင်ငံက အခြေအနေအရမ်းအခက်အခဲဖြစ်နေတယ်။ နိုင်ငံကို ကယ်ရမယ်လို့ပြောပြီးတော့ တောင်းတာ။ အခုချိန်မှာ ငါတို့ ရှမ်းတွေက အင်အားတောင့်ရမယ်၊ အင်အားလိုတယ်၊ နိုင်အောင် တိုက်ရမယ်ဆိုပြီးတော့ ရွာသူကြီးတွေကို တောင်းတာပါ။"

RCSS/ SSA အဖွဲ့ လူသစ်စုဆောင်းတဲ့ကျေးရွာတွေက ရှမ်းရွာတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ကျေးရွာမှာ ရှိတဲ့ အပျို၊ လူပျိုအရေအတွက်ကို ရွာသူကြီးက တင်ပြရပြီးတော့၊ ပေးနိုင်တဲ့ ပမာဏကို စာရင်းပေးရပါတယ်။

"အိမ်မှာ ယောက်ျားလေးနှစ်ယောက်ရှိရင် တစ်ယောက်ပေးရတယ်။ ၁၈ နှစ်အထက်၊ ၄၅ နှစ်အောက်ပေါ့။ တစ်ယောက်တည်းရှိရင်တော့ အတင်းအကျပ်မတောင်းဘူး။ လွတ်ပါတယ်။"

လူစုဆောင်းတဲ့အခါ ကျန်တိုင်းရင်းသားတွေဖြစ်တဲ့ ပလောင်နဲ့ ဗမာတိုင်းရင်းသားတွေကိုတော့ မခေါ်ပါဘူး။ ဒါပေမဲ့ တရုတ်နဲ့ ဂေါ်ရခါး တချို့ကိုလည်း စုဆောင်းတယ်လို့ သူကဆိုပါတယ်။

လူသစ်စုဆောင်းမှုကို အဲဒီရွာတွေမှာ မတ်လကတည်းက စတင်တာဖြစ်ပြီး၊ တစ်ရွာဝင် တစ်ရွာထွက် အစည်းအဝေးလုပ်နေတာဖြစ်ပါတယ်။ အထက်ဖော်ပြပါ ကျေးရွာအုပ်စုကြီး သုံးခုက လူ ၂၀၀ နီးပါးကို စုဆောင်းတယ်လို့ သူက ပြောပါတယ်။
တပ်သားဖိအားပေးစုဆောင်းမှုနဲ့ပတ်သတ်ပြီးတော့ RCSS/ SSA တပ်ဖွဲ့က ဗိုလ်မှူး ခမ်းစံ ကို ဆက်သွယ်မေးမြန်းတဲ့အခါ ငြင်းဆိုခြင်းမရှိသလို၊ အတည်ပြုပေးခြင်းလည်း မရှိပါဘူး။

" မြေပြင်အခြေအနေ မသိရသေးဘူး ခင်များ။" လို့  RCSS က ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံ ကပြောပါတယ်။

လတ်တလောမှာ အမျိုးသမီးတွေကို တပ်သားအဖြစ်စုဆောင်းတာမရှိပေမယ့်၊ လာမယ့်ကာလတွေမှာ လိုအပ်ရင် ကျန်းမာရေးကောင်းတဲ့ မိန်းကလေးတွေကိုလည်း စစ်မှုထမ်းခိုင်းဖို့ရှိတယ်လို့ RCSS စစ်သားတွေက ပြောခဲ့ပါတယ်။
"ပညာတွေသင်ပေးမယ်၊ ၅ နှစ်စာအတွက် ခေါ်တာလို့ တခါတည်းပြောသွားတယ်။"

ရွာခံတွေကတော့ အခုလိုစစ်သားစုဆောင်းတာကို မလိုလားပေမယ့် ရွာသားတွေနဲ့ ရွာလူကြီးတွေက လွန်ဆန်နိုင်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

"မနေ့တုန်းက (ဧပြီ ၁၂) စုဆောင်းခြင်းခံရတဲ့ မိသားစုဝင်တချို့ ဆို ရွာမှာ ငိုယိုပြီးကျန်နေခဲ့ကြတာပါ။ တရွာလုံး ဆူညံပွတ်လောရိုက်နေပါတယ်။"  

RCSS ရဲ့ လူသစ်စုဆောင်းမှုကို စိုးရိမ်တဲ့အတွက် အထက်ဖော်ပြပါ ကျေးရွာအုပ်စုနားက ကျေးရွာထဲက လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။   

RCSS တပ်ဖွဲ့ဟာ စစ်ကောင်စီ အာဏာသိမ်းမှုကို လက်မခံဘူးလို့ တရားဝင် ထုတ်ပြန်ပြောဆိုထားပြီး၊ ထွက်ပြေးတိမ်းရှောင်သူများကို လက်ခံမယ်လို့ ပြောဆိုထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ CRPH အဖွဲ့က ထုတ်ပြန်ကြေညာထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေညာချက်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သတိထားကြိုဆိုရမယ့်လို့လည်း ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly