မြန်မာအပေါ် ပြစ်တင်ရှုတ်ချရန် ANZ ၏ ပျက်ကွက်မှုက ပစ်မှတ်ထားအရေးယူမှုများ လိုအပ်မှုကို မီးမောင်းထိုးပြနေ

မြန်မာအပေါ် ပြစ်တင်ရှုတ်ချရန် ANZ ၏ ပျက်ကွက်မှုက ပစ်မှတ်ထားအရေးယူမှုများ လိုအပ်မှုကို မီးမောင်းထိုးပြနေ
A pedestrian walks past Australia and New Zealand Banking Group Limited (ANZ) automatic teller machines (ATMs) in Sydney, New South Wales, Australia, 16 December 2019. EPA-EFE/MICK TSIKAS AUSTRALIA AND NEW ZEALAND

ဧပြီ ၁၃

ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများကို တွေ့မြင်ရသော်ငြား သြစတြေးလျ၏ အကြီးဆုံးသော ဘဏ်ကြီးများအနက် တစ်ခုသည် မြန်မာအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လက်နက်မဲ့အရပ်သားများအပေါ် စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုကို ပြစ်တင်ရှုတ်ချရန်အတွက် ပြီးခဲ့သည့်အပတ်က ဆက်လက်ငြင်းဆန်မြဲ ငြင်းဆန်လျက်ဖြင့် ရှိနေခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံပြိုလဲမည့် အခြေအနေသို့ ဖြည်းဖြည်းချင်း ရွေ့နေပြီဟု International Crisis Group က သတိပေးခဲ့စဉ် သြစတြေးလျနှင့် နယူးဇီလန် ဘဏ်လုပ်ငန်းအုပ်စု (ANZ Bank) သည် ယင်း၏ “စောင့်ဆိုင်း၊ ကြည့်ရှု” မည် ဆိုသည့် ရပ်တည်ချက်ကိုသာ ဆက်လက် ထိန်းသိမ်းဆွဲကိုင်ထားခဲ့သည်။

မြန်မာနိုင်ငံ၌ အာဏာသိမ်းစစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ အရှိန်မြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး ANZ ၏ ‘စိုးရိမ်ပူပန်မှု’ က လုံလောက်မှု မရှိကြောင်း သြစတြေးလျ ကုန်သွယ်မှုသမဂ္ဂများ ကောင်စီ (ACTU) ဥက္ကဋ္ဌ မစ်ချယ် အိုနေးလ်က ပြောခဲ့သည်။

“ANZ အနေနဲ့ သူတို့ဟာ အာဏာသိမ်းမြန်မာစစ်အုပ်စုကို ဘယ်လို ဘဏ္ဍာရေး အထောက်အပံ့ကိုမှ ပေးနေခြင်း မရှိပါဘူးဆိုပြီး သေချာစေမယ့် ခိုင်မာတဲ့ လုပ်ဆောင်ချက်ကို လုပ်ရပါလိမ့်မယ်”

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့၀င်များ၏ သတ်ဖြတ်ခြင်းကို ခံရသူများနှင့် ထိန်းသိမ်းဖမ်းဆီးခံရသူများ အရေအတွက်ကို မှတ်တမ်းယူထားခဲ့သည်။ AAPP ၏ ဧပြီ ၁၁ ရက်နေ့အထိ စာရင်းများအရ လူပေါင်း ၇၀၆ ဦး သေဆုံးပြီး လူ ၃၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံ သို့မဟုတ် တရားစွဲခံထားရသည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် မတ်လ ၂၇ ရက်က စခဲ့သည့် မြန်မာစစ်တပ် လေကြောင်းတိုက်ခိုက်မှုများ၊ ကရင်ကျေးရွာများအပေါ် မြန်မာစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူ ၃၀ သေဆုံးပြီး ကရင်တိုင်းရင်းသားအရပ်သား ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ လူပေါင်း ၂၀,၀၀၀ အထိ နေရပ်စွန့်ခွာခဲ့ကြရသည်။ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည့် ရွာသားများသည် ယခုအခါ တောတွင်းကမ့်စခန်းများ၌ နေထိုင်နေကြရလျက် ရှိပြီး ၎င်းတို့သည် လူသားချင်းစာနာမှု အကူအညီများ မဖြစ်မနေ လိုအပ်နေသည်ဟု လူမှု အဖွဲ့အစည်းများက ပြောသည်။

အာဏာသိမ်းမှုကို စီစဥ်ခဲ့သော တူညီသော စစ်ဗိုလ်ချုပ်ကြီးများကို ရိုဟင်ဂျာ (မူရင်းဖော်ပြ) များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ တရားရုံးက စုံစမ်းစစ်ဆေးလျက် ရှိသည်။

“မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေဟာ ကျယ်ပြန့်တဲ့ စီးပွားရေး အကျိုးစီးပွားတွေ ရှိနေပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ နိုင်ငံစုံ အခြေစိုက် ကုမ္ပဏီတွေဟာ အာဏာသိမ်းမှုကို တရား၀င်ဖြစ်စေနိုင်မှုနဲ့ စစ်အစိုးရကို ငွေကြေးထောက်ပံ့နိုင်မှု အန္တရာယ် ရှိပါတယ်” ဟု အိုနေးလ်က ပြောသည်။

ANZ ၏ အဆင့်မြင့်အမှုဆောင်တစ်ဦးဖြစ်သည့် မာ့ခ် ၀ှီးလန်က မတ်လကုန်ပိုင်းတွင် Australian Financial Review ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ထိပ်သီးတွေ့ဆုံပွဲတွင် ပြောကြားရာတွင် “ကျွန်တော်တို့ရဲ့ ဦးစားပေးအချက်နှစ်ခုကတော့ ကျွန်တော်တို့ရဲ့ ၀န်ထမ်းတွေ ဘေးကင်းသလား ဆိုတာနဲ့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို သင့်လျော်စွာနဲ့ ၀န်ဆောင်မှုတွေ ဆက်လက် ပေးအပ်နိုင်သလား ဆိုတာပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။ ၀ှီးလန်၏ အဆိုအရ ANZ သည် ပြည်တွင်း၀န်ထမ်း ၂၀ မျှသာ ခန့်ထားကြောင်း သိရသည်။

ဗစ်တိုးရီးယားရှိ ANZ ၀န်ထမ်းများကို ကိုယ်စားပြုသည့် ဘဏ္ဍာရေးကဏ္ဍသမဂ္ဂ ပြည်နယ်အတွင်းရေးမှူး နီကိုးလ် မက်ဖာဆန်က ပြောကြားရာတွင် “သူ့၀န်ထမ်းတွေနဲ့ပတ်သက်လို့ ANZ ရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှ‌ဝေပေးတယ်ဆိုပေမယ့်လည်း ခုချိန်မှာ တိတ်တိတ်ဆိတ်ဆိတ်နေပြီး ဘာမှမလုပ်ဘဲ ဒီတိုင်းထားတာက မြန်မာနိုင်ငံမှာ ရှိတဲ့ တစ်ဦးတစ်ယောက်စီတိုင်း ဘေးကင်းစေလိမ့်မယ်လို့ ANZ ဘက်က ထင်နေမယ်ဆိုရင်တော့ မှားပါလိမ့်မယ်၊ ANZ အနေနဲ့ သူတို့ဟာ မြန်မာစစ်အစိုးရကို တရား၀င်ဖြစ်စေခြင်းမရှိဘူး၊ ငွေကြေးထောက်ပံ့ခြင်းမရှိဘူးဆိုတာကို သေချာစေဖို့အတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ လုပ်ရပါလိမ့်မယ်” ဟု နီးကိုးလ်က ပြောခဲ့သည်။

“အကယ်၍ ANZ ဘက်က လူ့အခွင့်အရေးကို ထိန်းသိမ်းဖို့နဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့အတွက် အမှန်တကယ် ဆုံးဖြတ်ထားတယ်ဆိုရင် သူတို့အတွက် ရပ်တည်ချက် ထုတ်ပြဖို့ အချိန်ကျပါပြီ”

ကာကွယ်စောင့်ရှောက်ရမည့် ၎င်းတို့၏ အဖွဲ့အစည်းဆိုင်ရာ တာ၀န်၀တ္တရားကို ထိန်းသိမ်းရန်အတွက် ၀ှီးလန် အပါအ၀င် ANZ ၏ ဆုံးဖြတ်ချက်ချမှတ်သူများအပေါ်တွင် ဖိအားများ တိုးမြင့်ပေါ်ပေါက်နေသည်။ ကာကွယ်စောင့်ရှောက်ရမည့် အဖွဲ့အစည်းဆိုင်ရာ တာ၀န်၀တ္တရားသည် မြန်မာ့စီးပွားရေးကဏ္ဍ တာ၀န်ယူမှုရှိရေး အထောက်အကူပြဌာန (MCRB ) ၏ ညွှန်းဆိုမှုအရ မြန်မာပြည်သူများနှင့်အတူ ရင်းနှီးမြှုပ်နှံသူများ အခြေချသည့် တူညီသော နေရာတွင် အခြေတည်သည့် တာ၀န်၀တ္တရားတစ်ရပ်ဖြစ်သည်။

Advocacy group တစ်ခုဖြစ်သည့် Justice for Myanmar (JfM) က “ANZ ဘဏ်အနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေး တာ၀န်၀တ္တရားတွေကို အလေးအနက် လုပ်ဆောင်ရပါလိမ့်မယ်” ဟု ပြောခဲ့သည်။

ANZ က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရာတွင် ယင်းအနေဖြင့် အရေးယူဒဏ်ခတ်မှုများ ခံရသည့် လူပုဂ္ဂိုလ်၊ အစုအဖွဲ့များကို ဘဏ်လုပ်ငန်း၀န်ဆောင်မှုများ ထောက်ပံ့ပေးခြင်း မရှိသလို ၎င်းတို့၏ ပရောဂျက်များအတွက်လည်း ငွေကြေးထောက်ပံ့ပေးခြင်း မရှိဟု ပြောခဲ့သည်။ သို့သော် စစ်တပ်ပိုင် သို့မဟုတ် စစ်တပ်နှင့်ဆက်စပ် စီးပွားရေးလုပ်ငန်းများနှင့်အကြား ပတ်သက်ဆက်စပ်မှု မရှိစေရေး သေချာစေရန်အလို့ငှာ ယင်းအနေဖြင့် လုပ်ရန် လိုအပ်ပြီး ရှုပ်ထွေးသော လေ့လာခွဲခြမ်း သုံးသပ်စိစစ်မှုကို မကြာသေးခင်က လုပ်ဆောင်ထားခဲ့သလား သို့မဟုတ် လက်ရှိအချိန်တွင် လုပ်ဆောင်နေသလား ဆိုသည်ကို ANZ က ထုတ်ဖော်ညွှန်ပြခဲ့ခြင်းမရှိပေ။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သို့မဟုတ် စစ်တပ်ပိုင် ကော်ပိုရေးရှင်းများကို ပစ်မှတ်ထားခြင်းမရှိသည့် အာဏာသိမ်းမှုမတိုင်မီ သြစတြေးလျ၏ အရေးယူဒဏ်ခတ်မှုကို ရည်ညွန်းသလား သို့မဟုတ် အာဏာသိမ်းမှုအလွန် လုပ်ဆောင်ခဲ့သော အမေရိကန်၊ ယူကေနှင့် အီးယူ၏ အရေးယူဒဏ်ခတ်မှုများကို ရည်ညွှန်းသလားဆိုသည်ကိုလည်း ယင်းက ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

မြန်မာစစ်တပ် ကျူးလွန်ထားခဲ့သည့် အကြမ်းဖက်မှု အတိုင်းအတာနှင့် လူမဆန်မှုတို့ ရှိနေခဲ့သလို အခြားတစ်ဘက်တွင်လည်း (CDM) အမိန့်မနာခံရေး အကြမ်းမဖက် လှုပ်ရှားမှု ဆက်ရှိနေမည်ဆိုသည့် စိတ်ပိုင်းဖြတ် သန္နိဋ္ဌာန်ချထားမှုတို့အရ မြန်မာနိုင်ငံ၏ အရေးကိစ္စတွင် အလွန်အရေးကြီးသော အခိုက်အတန့်တစ်ခုကို ဦးတည်ရောက်ရှိစေခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့သော အခိုက်အတန့်တွင် “ဆိတ်ဆိတ်နေခြင်းနှင့် အရေးယူရန် ပျက်ကွက်ခြင်းက နည်းလမ်းတစ်ခု မဟုတ်” ဟု JfM က ပြောသည်။

အလားတူ မြန်မာစစ်အုပ်စုအပေါ် သြစတြေးလျ အစိုးရဘက်မှ ပိုမိုအားကောင်းသည့် အရေးယူမှု လုပ်ဆောင်ရန် ပျက်ကွက်ခြင်းကိုလည်း ACTU ၏ မစ်ချယ် အိုနေးလ်က စိုးရိမ်ပူပန်လျက် ရှိသည်။ “ဘိုင်ဒင်အစိုးရဟာ မြန်မာအာဏာသိမ်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ရင်း ခိုင်မာအားကောင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ထားခဲ့တယ်၊ စစ်တပ် ကော်ပိုရေးရှင်းတွေကိုလည်း အမည်ပျက်စာရင်းသွင်းတာနဲ့ မြန်မာနဲ့ ကုန်သွယ်မှုသ‌ဘောတူညီချက်တွေ ရပ်ဆိုင်းတာတွေ လုပ်ရင်းနဲ့ စစ်အစိုးရကို ဖိအားပေးခဲ့တယ်၊ ဒီတော့ မော်ရစ်ဆင် အစိုးရအနေနဲ့လည်း အဲဒီအတိုင်း လိုက်လုပ်ဖို့ လိုပါတယ်” ဟု သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly