နွေဦးတော်လှန်ရေး ဧပြီ ၁ ရက်၊ ၂၀၂၁ ခုနှစ်

နွေဦးတော်လှန်ရေး ဧပြီ ၁ ရက်၊ ၂၀၂၁ ခုနှစ်
ဓါတ်ပုံ။ (AFP) စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြစဉ်အတွင်းဒဏ်ရာရခဲ့သောဆန္ဒပြသူ  တစ်ဦး ဧပြီ ၁ရက်နေ့က မန္တလေးရှိကားတစ်စီးတွင်ဆေးကုသမှုခံယူနေစဉ်။

"ရန်ကုန်"

စစ်တပ်ပိုင်ကုန်တိုက်များဖြစ်သည့် Ruby Mart နှင့် Gandamar Whole Sale Shopping Center တို့ ဧပြီလ ၁ ရက် နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည်။ Ruby Mart မှာ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် တည်ရှိပြီး Gandamar Whole Sale ကတော့ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် ဂန္မာလမ်းထောင့်တွင် တည်ရှိသည်။ မီးလောင်သည့်အချိန်မှာ အသွားအလာကန့်သတ်ထားသည့် နံနက် ၂ နာရီခန့်အချိန်တွင် ဖြစ်ပြီး မီးငြိမ်းသတ်ရန် လာသူများကို စစ်တပ်ဘက်က ပစ်ခတ်မှုများ ရှိ၍ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများပင် ရှိသည်ဟု သိရသည်။ ယင်းနေ့ ညနေ ၄:၄၅ နာရီခန့်တွင် စစ်တပ်ပိုင်ကုန်တိုက်နှစ်ခု မီးလောင်မှုအား မီးသတ်အင်အား မည်မျှဖြင့် ငြိမ်းသတ်ခဲ့ရသည်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း မည်သည့်အတွက်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်သည်ကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

ရန်ကုန်တိုင်းအတွင်းရှိ စမ်းချောင်း၊ လှိုင်၊ သာကေတ၊ တာမွေ၊ အင်းစိန်မြို့နယ်တို့တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ပုံစံပေါင်းစုံဖြင့် ဆက်လက်လုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် အလုံမြို့နယ်၌လည်း ကလေးကစားစရာ စစ်သားရုပ်များကို အသုံးပြု၍ စစ်အာဏာရှင် တွန်းလှန်ရေး၊ ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေး စာများချိတ်ဆွဲ၍ စစ်သားသပိတ် ပြုလုပ်ခဲ့သည်။

ကမာရွတ်/လှည်းတန်းရှိ ဗဟိုလမ်းသပိတ်ကို ဧပြီလ ၁ ရက် နံနက် ၉ နာရီတွင် စတင်ခဲ့သော်လည်း နံနက် ၁၀:၃၀ နာရီကျော်ခန့်တွင် ရဲနှင့် စစ်သားများ ရောက်လာကာ ဖြိုခွင်းခဲ့ရာ ဆန္ဒပြသူ လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ရန်ကုန်တိုင်းရှိ အချို့သော မြို့နယ်အချို့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ -  CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပျက်သိမ်းကြောင်းကို မတ်လ ၃၁ ရက် ညပိုင်းက ကြေညာလိုက်သည့်အတွက် ခြေ/ဥ စာအုပ် မီးရှို့ခြင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ဧပြီလ ၁ ရက် နေ့လယ် ၁၂:၂၀ ခန့်က Mi 8 အမျိုးအစား စစ်ရဟတ်ယာဉ်တစ်စီး ပျံသန်းသွားကြောင်း မျက်မြင်တွေ့မြင်ခဲ့သူများက ဆိုသည်။ အဆိုပါ စစ်ရဟတ်ယာဉ်မှာ ခပ်နိမ့်နိမ့် ပျံသန်းခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့၌ စစ်ရဟတ်ယာဉ် ပျံသန်းမှုများ မကြာခဏဆိုသလို ပြုလုပ်လျက် ရှိသည်။

ရန်ကင်းမြို့နယ်အတွင်း အာဏာရှင်စနစ် အလိုမရှိကြောင်းကို လူငယ်များက လှည့်လည်ဆန္ဒဖော်ထုတ်ရာတွင်  Probox ကားဖြင့် အရပ်ဝတ် လက်နက်ကိုင်များက သေနတ်ပစ်ဖောက်၍ သပိတ်ကို ဖြိုခွင်းမှုကြောင့် လူစုခွဲခဲ့ရပြီး ထိခိုက်မှု တစုံတရာ မရှိခဲ့ဟု သိရသည်။

မန္တလေး

မန္တလေး မြို့ပေါ်ရပ်ကွက်တိုင်းလိုလိုတွင် နံနက်ပိုင်းကတည်းက ဆိုင်ကယ်သပိတ်၊ ရပ်ကွက်သပိတ်များကို ပြုလုပ်ကြပြီး  စိန်ပန်းနှင့် မြတောင်ဘက်တွင်မူ အရပ်ဝတ်လက်နက်ကိုင်များက လိုက်လံပစ်ခတ်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။

နေ့လယ် ၃:၃၀ မိနစ်အထိ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူများဘက်မှ ဒဏ်ရာရ၊ သေဆုံးမှုများ မသိရသေးကြာင်းလည်း ဆိုသည်။  ထို့ပြင် စိန်ပန်းနှင့် အောင်ပင်လယ်တို့တွင် ရပ်ကွက်များအတွင်း ကာရံထားသည့် အကာအရံများကို လုံခြုံရေးတပ်ဖွဲ့များဘက် လိုက်လံဖယ်ရှားမှုများ ရှိပြီး ဆန္ဒပြသူများဘက်မှလည်း တာယာကွင်းများ မီးရှို့၍ အကာအကွယ်များ ပြုလုပ်ထားကြသည်။ 

ထူးခြားချက်အနေဖြင့် မန္တလေးမြို့ နေရာအနှံ့အပြားတွင် ယခင်ရက်များထက် တပ်နှင့် ရဲဘက်မှ လုံခြုံရေးလျှော့ချထားမှုများ ရှိနေပြီး ၆၂ လမ်းရှိ အမှတ် (၁) ရဲစခန်းတွင် ယခင်က လက်နက်အပြည့်အစုံဖြင့် စစ်အင်အား ၂၀ ခန့် ပုံမှန်ထားလေ့ရှိပြီး ယနေ့ နံနက် ၁၁ နာရီကျော်အချိန်အထိ စစ်သားတစ်ဦးကိုသာ လုံခြုံရေးချထားသည်ဟု မျက်မြင်သွားရောက် ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည်။ ထို့ပြင် ယခင်က လမ်းဆုံများ၌ ပေါ်ပေါ်တင်တင် လုံခြုံရေးယူထားမှုများလည်း လျော့နည်းနေပြီး ကင်းပုန်းဝပ်အနေအထားဖြင့် အချို့နေရာများတွင်သာ နေရာယူထားကြောင်း သိရသည်။ ၆၂ လမ်းရှိ အမှတ် (၁) ရဲစခန်းတွင်လည်း ယခင်က နေ့စဉ် အင်အား ၂၀ ခန့်ဖြင့် စစ်တပ်များ ချထားခဲ့သော်လည်း ဧပြီလ ၁ ရက် ၁၁:၀၀ ခန့်အချိန်အထိ လက်နက်ပြည့်ဖြင့် စစ်သားတစ်ဦးသာ လုံခြုံရေးယူထားသည်ကို တွေ့ခဲ့ရသည်ဟု မြေပြင်အခြေအနေအား သွားရောက်ကြည့်ရှုခဲ့သည့် မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

မန္တလေး၊ ပြည်ကြီးတံခွန်၊ ရေနံသာရပ်ကွက်တွင် ယနေ့ နံနက် ၅ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး လူ ၁၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မီးလောင်ကျွမ်းမှုမှာ လျှပ်စစ်မီးခုံ အပူလွန်ကဲမှုကြောင့်ဟု စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားပြီး နေအိမ်များအပြင် စီးပွားရေးလုပ်ငန်းသုံး ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များလည်း မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရသည်။ မန္တလေး မြိုပေါ်ရပ်ကွက်အချို့တွင် ခြေ/ဥ ပျက်သိမ်းပြီဖြစ်ကြောင်း ခြေ/ဥစာအုပ် မီးရှို့လှုပ်ရှားမှုများလည်း ပြုလုပ်ခဲ့သည်။

ညနေပိုင်းတွင်မူ မန္တလေးမြို့၊ စိန်ပန်းရပ်တွင် ပစ်ခတ်မှုများ စဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လုံခြုံရေးအဖွဲ့များက သေနတ်များ၊ အကြီးစားသေနတ်များ၊ လက်ဗစ်ဗုံးများ သုံး၍ ဖြိုခွင်းမှုများ စလုပ်လာခဲ့ပြီး လူငယ်တစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ လက်နက်ကိုင် အရပ်ဝတ်များဘက်မှ စတင်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိကာ အရေအတွက်ကိုမူ အတည်ပြု၍ မရသေးဘဲ ညနေ ၅ နာရီကျော်အထိ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

မန္တလေးတိုင်း မြင်းခြံမြို့တွင် ဘဏ်နှင့် ပညာရေးဝန်ထမ်းများ ဖမ်းဝရမ်းထုတ်ခံထားရသူများ စုပေါင်း၍ နံနက် ၆ နာရီခန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး အာရုံဦး သပိတ် ပြုလုပ်ခဲ့သည်။ မြင်းခြံမြို့ ဆန္ဒဖော်ထုတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ များက ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ၂၁ ဦးအထိ သေဆုံးခဲ့ရပြီး သပိတ်ဦးဆောင်သူ ၁၆ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်။

ကရင်ပြည်နယ်

ဧပြီလ ၁ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ကို ဖြတ်၍ ဖာပွန်ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းများ ဖြစ်သန်းသွားသည်ဟု ဒေသခံများထံမှ သိရသည်။ ဖြတ်သန်းသွားသည့် ယာဉ်တန်းမှာ များပြားပြီး တိုက်ပွဲဖြစ်ရာ နေရာများသို့ အားဖြည့် ရန်အတွက် သွားရောက်သည်ဟု ယူဆရကြောင်းသည်ဟု မြဝတီမြို့ခံက ဆိုသည်။

ပဲခူး

ပဲခူးအနောက်ခြမ်း နတ္တလင်းမြို့နယ်တွင် စစ်အာဏာရှင်  ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လူမဲ့သပိတ်၊ ပျောက်ကြားသပိတ်ပုံစံမျိုးစုံများ ဆက်လက်ပြုလုပ်လျက် ရှိသည်။ ထို့ပြင် စစ်ကောင်စီက ပြုလုပ်နေသည့် သင်တန်းများသို့ တက်ရောက်နေသော ပညာရေးဝန်ထမ်းများကို ကန့်ကွက်သည့်အနေဖြင့် "စစ်ကောင်စီ၏ အဆင့်နိမ့်သင်တန်းတက်ရောက်မည့် ဆရာ/ဆရာမ ဆိုသူများ နွားဖားကြိုးယူဆောင်သွားပါရန်"၊ နွားဖားလိုချင် ဒီမှာယူ၊ နွားပွဲဈေးက နတ်တလင်း(အထက) မှာ" ဟူသည့် စာတန်းများကို လူအများ သွားလာသည့် နေရာများတွင် စိုက်ထူထားပြီး "နွားဖားကြိုးသပိတ်" ဟု ဒေသခံများက သုံးနှုန်းကြသည်။ ထို့ပြင် "နတ်တလင်း မြို့စောင့်နတ်၊ ရွာစောင့်နတ်အပေါင်းတို့အား တိုင်တည်၍ ဤကျိန်စာတိုက်သည်။ စစ်အာဏာရှင်နှင့် နောက်လိုက်များ သွေးအန်၍ သေပါစေသား" ဟူ၍ မြို့ဦးနတ်ကျိန်စာတိုက်ပွဲများလည်း ပြုလုပ်သည်။

ဧရာဝတီတိုင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဧပြီလ ၁ ရက် နံနက်ပိုင်းက နှင်းဆီနီ အရုဏ်ဦး လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ လူသွား လမ်းများပေါ်တွင် နှင်းဆီနီ ထိုးထားသည့် ပုလင်များတွင် "ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး"၊ "စစ်အာဏာရှင် အလိုမရှိ" စသဖြင့် စာတန်းများ ချိတ်ဆွဲ၍ လူမဲ့သပိတ်ပြုလုပ်ခြင်း ဖြစ်သည်။ထို့ပြင် မော်လမြိုင်ကျွန်း၊ ဖျာပုံတို့တွင်လည်း လူမဲ့သပိတ်များ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်

ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ တနိုင်းစသည့် မြို့နယ်များတွင် ပျောက်ကြားသပိတ်များ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။ ကချင်ပြည်နယ်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆန္ဒဖော်ထုတ်မှုများကြောင့် ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၁ ရက်အထိ ၂ လတာကာလအတွင်း ဖမ်းဆီးခံရသည့် ပြည်သူအရေအတွက်မှာ ရရှိထားသည့်စာရင်းများအရ ၁၁၀ ဦးကျော် ရှိနေပြီဖြစ်ကာ ယင်းပမာဏထက် များပြားနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများလည်း နေ့စဉ်ဆိုသလို ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ ကချင်ပြည်နယ် ဖားကန့်ရှိ ကန်စီး၊ မိုးကောင်းရှိ ကစုန်ကျေးရွာ၊ တနိုင်းရှိ လီဒို၊ ဝိုင်းမော်ရှိ တဘရံ/ကန်တော်ရံ/ဆံပိုင် စသည့် ကျေးရွာများဘက်တွင် ဖြစ်သည်။  ယခင်က အဆိုပါ နယ်မြေများဘက်တွင် နှစ်ဘက်တိုက်ပွဲများ ရှိခဲ့သော်လည်း KIA ဘက်မှ ခံစစ်ဖြင့်သာ ခုခံနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ KIA ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။ နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်း

လက်နက်ကြီးများ သုံးပြီး ဖြိုခွင်းခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဧပြီလ ၁ ရက် ညနေ ၄ နာရီခန့် အချိန်အထိ ဆန္ဒဖော်ထုတ်မှုများ ငြိမ်သက်နေခဲ့သော်လည်း နတ်ချောင်း၊ ငါးဖားရွာသစ်ဘက်တွင်မူ ကလေးမြို့ထိုင် တပ်မှ အင်အား ၁၀၀ ခန့်နှင့် ဒေသခံများအကြား အပြန်အလှန်တိုက်ခိုက်မှုများမှာ ဧပြီလ ၁ ရက် ညနေ ၄ နာရီခန့်အထိ ဖြစ်ပွားလျက် ရှိသည်။

မတ်လ ၃၀၊ ၃၁ ရက်က ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ဆန္ဒဖော်ထုတ်သူများကို လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွဲရာတွင် ပြန်လည်ခုခံများ ရှိခဲ့ပြီး ထိခိုက်၊ သေဆုံးမှုများ ဖြစ်ပွားခဲ့ရာ ဂန့်ဂေါမြို့ခံ တပ်များအား အင်အားဖြည့်ရန် လာရောက်စဉ် နတ်ချောင်းရွာနှင့် အနီးအနားရှိ ရွာများမှ ကလေးမြို့သို့ မဝင်ရောက်နိုင်စေရန် ဟန့်တားရာမှ  ယနေ့အထိ ၃ ရက်ဆက်တိုက် အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဧပြီလ ၁ ရက် နံနက်အစောပိုင်းကတည်းက ဖြစ်ပွားနေသည့် အပြန်အလှန်တိုက်ခိုက်မှုများကြောင့် အရပ်သားများ ဘက်မှ နှစ်ဦး ကျဆုံးခဲ့ဟု ကနဦးသတင်းများအရ သိရှိပြီး ထိခိုက်မှုမည်မျှ ရှိသည်ကိုမူ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်တွင် ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ဖြိုခွဲ ခဲ့သည့်အတွက် ဒဏ်ရာရသူ လေးဦး ရှိသည်။ ထို့ပြင် မုံရွာ ကျောက္ကာလမ်း၊ သီတာလမ်းနှင် သစ္စာလမ်းတို့တွင်လည်း လုံခြုံရေးစစ်အင်အား တိုးမြှင့်ထားကာ ရပ်ကွက်များအတွင်း ကာရံထားသည့် အတားအဆီးများကို ဖယ်ရှားခြင်း၊ ခြောက်လှန့်ပစ်ခတ်ခြင်းများ၊ ရပ်ကွက်အတွင်းထဲအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသား တစ်ဦး ဦးခေါင်းထိမှန်၍ သေဆုံးခဲ့ရပြီး နှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မုံရွာမြို့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပျက်သိမ်းကြောင်း ကို မတ်လ ၃၁ ရက်ညက ကြေညာခဲ့သည့်အတွက် ခြေ/ဥစာအုပ် မီးရှို့ခြင်းလှုပ်ရှားမှုများလည်း ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်

အာဏာသိမ်း နစကကောင်စီတွင် ပါဝင်သည် ချင်းတိုင်းရင်းသား လေးဦးကို ချင်းပြည်သူ့ သစ္စာဖောက် မဟာရန်သူအဖြစ် ချင်းလူငယ်အဖွဲ့က ထုတ်ပြန်လိုက်သည်။ သစ္စာဖောက် မဟာရန်သူဟု သတ်မှတ်ခံရသူ လေးဦးမှာ စစ်ကောင်စီအကြံပေး အမေရိကန်နိုင်ငံသား ဒေါက်တာငွန်ကျုံးလျန်၊ ကောင်စီအဖွဲ့ဝင် ဦးမောင်းဟာ၊ ချင်းပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် အဖွဲ့ဝင် ဦးကျာ်ငြိမ်းတို့ ဖြစ်သည်။ ၎င်းတို့လေးဦးသည် အာဏာရူးလက်ပါးစေများဖြစ်၍ ရာသက်ပန် ပစ်ပယ် ကန့်ကွက်ကြောင်းနှင့် အခြားသော ချင်းအသိုင်းအဝိုင်းများကလည်း မဟာရန်သူအဖြစ် သတ်မှတ်ပေးရန် ချင်းလူငယ် အဖွဲ့က တိုက်တွန်းထားသည်။

ကယားပြည်နယ်

ကယားပြည်နယ်၊ ဘောလခဲမြို့တွင်  CDM ပြုလုပ်မှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရသည့် ဝန်ထမ်းများအား ဝန်ထမ်း၂လစာချေးငွများ ပြန်လည်ပေးဆပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးများက စာပေးပို့ကြောင်း သိရသည်။ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး မျိုးသန့်ဆိုသူက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ CDM ဝင်ထားသူ နှစ်ဦးထံ မတ်လ ၃၀ ရက် နေ့စွဲဖြင့် ချေးငွေ ပြန်သွင်းရန် အကြောင်းကြားခြင်းဖြစ်ပြီး ဧပြီလ ၅ ရက်  ရုံးချိန်အတွင်း နောက်ဆုံးထား လာရောက်ပေးဆပ်ရန် ဝန်ထမ်း၂ဦးနာမည်ဖြင့် ပေးပို့ထားသည့် အကြောင်းကြားစာတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly