အမေရိကန်မှ အာရှသား မုန်းတီးရေးဝါဒကို ဆန့်ကျင်ပြီး ချီတက်ဆန္ဒပြ 

အမေရိကန်မှ အာရှသား မုန်းတီးရေးဝါဒကို ဆန့်ကျင်ပြီး ချီတက်ဆန္ဒပြ 
Photo - AFP

မတ် ၂၂

အမေရိကန်နိုင်ငံမှာ အာရှသားတွေအပေါ် မုန်းတီးမှုဝါဒကို ဆန့်ကျင်ရှုတ်ချကြပြီး တနင်္ဂနွေနေ့မှာ လူစုရုံးချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဂျော်ဂျီယာပြည်နယ်မှာ အာရှတိုက်သားတွေ ပိုင်ဆိုင်တဲ့ အနှိပ်ခန်းတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူအစုလိုက် ပစ်ခတ်မှုဖြစ်ပွားတာကြောင့်ပဲ ဖြစ်ပါတယ်။ 

ပစ်ခတ်မှုဖြစ်တဲ့ အတ္တလန္တာမြို့၊ နယူးယောက်၊ ဝါရှင်တန်တို့အပါအဝင် မြို့ကြီးတွေမှာ ခုလို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားတာဖြစ်ပြီး ကနေဒါက မွန်ထရီရယ်မြို့မှာလည်း ဆန္ဒပြကြပါတယ်။ 

ပစ်ခတ်မှုဟာ လူမျိုးရေးခွဲခြားရာက စေ့ဆော်တဲ့ ပစ်ခတ်မှုဆိုပြီး အတ္တလန္တာမြို့ ရဲဌာနက ခုထိ မပြောသေးတဲ့အတွက် အတော် ဒေါသထွက်ရတယ်လို့ အာရှ-အမေရိကန် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရှင်ဟွားက ပြောပါတယ်။ 

“အဲဒီ ပစ်ခတ်မှုမှာ အာရှအမျိုးသီး ခြောက်ဦး သေဆုံးခဲ့ရတာ ဖြစ်တယ်”လို့ အသက် ၃၇ နှစ်အရွယ် ရှင်ဟွားက ဝါရှင်တန်မှာ အေအက်ဖ်ပီကို ပြောပါတယ်။ ဝါရှင်တန်မှာလည်း စုရုံးဆန္ဒပြတဲ့ အင်အားဟာ ရာပေါင်းများစွာ ရှိနေပါတယ်။ 

အတ္တလန္တာမြို့နဲ့ မြို့ဆင်ခြေဖုံးရပ်တွေက အာရှသားတွေပိုင် အနှိပ်ခန်းသုံးခုကို ဝင်ရောက်ပစ်ခတ်တဲ့ ရောဘတ်အာရွန်လောင်းကို အင်္ဂါနေ့မှာ ဖမ်းဆီးပြီး လူသတ်မှုနဲ့ စွဲဆိုထားပါတယ်။ 

ဒါပေမယ့် စစ်ဆေးမေးမြန်းမှုမှာ ရောဘတ်အာရွန်လောင်းက လူမျိုးရေးအမုန်းကြောင့် ခုလို ပစ်ခတ်တာ မဟုတ်ကြောင်း ငြင်းပါတယ်။ သူဟာ လိင်စိတ်လွန်ကဲမှု ခံစားနေရတာကြောင့်ဖြစ်ပြီး ဒီလို လိင်ဆွဲဆောင်ရာနေရာကို ရှင်းလင်းပစ်ချင်စိတ် ဖြစ်လာခဲ့လို့ ပစ်ခတ်တာလို့ ပြောပါတယ်။ 

နယူးယောက်မှာ မြို့တော်ဝန် ကိုယ်စားလှယ်လောင်းဖြစ်ခဲ့ပြီး ဒီမိုကရက်တစ်သမ္မတလောင်း မျှော်လင့်ချက် ရှိခဲ့သူ အင်ဒရူးယန်းက ကိုဗစ်-၁၉ ကပ်ဘေး စဖြစ်ပြီးနောက် အာရှဆန့်ကျင်တဲ့ အမုန်းတရားတွေ မြင့်တက်လာတာ သိမြင်ရရင် အသံထွက်ပြောဆိုကြဖို့ ဆန္ဒပြသူတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ကို ‘တရုတ်ဗိုင်းရပ်စ်’လို့ ထပ်သလဲလဲ ပြောဆိုတာဟာ အာရှသားတွေကို ဆန့်ကျင်တဲ့ အမုန်းတရားကို ဆွပေးရာရောက်ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly