အင်ဒိုနီးရှားသမ္မတက မြန်မာ၌ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများ ရပ်တန့်ရေး တိုက်တွန်းပြီး အာဆီယံဆွေး‌နွေးပွဲလုပ်ရန် လိုလား

အင်ဒိုနီးရှားသမ္မတက မြန်မာ၌ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများ ရပ်တန့်ရေး တိုက်တွန်းပြီး အာဆီယံဆွေး‌နွေးပွဲလုပ်ရန် လိုလား

မတ် ၁၉

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် သွေးထွက်သံယိုဖြစ်မှုများ အဆုံးသတ်စေရေးအတွက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ဒိုဒိုက သောကြာနေ့တွင် တိုက်တွန်းလိုက်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အရှိန်မြင့်တက်လာနေသည့် လက်ရှိအခြေအနေကနေ ရုန်းထွက်နိုင်မည့် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာနိုင်ရန်အတွက် အာဆီယံခေါင်းဆောင်များအကြား အဆင့်မြင့်လယ်ဗယ်အစည်းအဝေးတစ်ရပ် ကျင်းပစေချင်ကြောင်းလည်း ၎င်းက ပြောသွားခဲ့သည်။

ယင်းကဲ့သို့ ပြောဆိုမှုသည် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းနေမှုများနှင့်ပတ်သက်ပြီး ဒေသတွင်းနိုင်ငံ့ခေါင်းဆောင်တစ်ဦးထံမှ အားအကောင်းဆုံး မှတ်ချက်စကားများ ဖြစ်သည်။

အင်ဒိုနီးရှားသမ္မတက ပြောကြားရာတွင် ၎င်းအနေဖြင့် အာဆီယံ လက်ရှိ ဥက္ကဋ္ဌ ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာဆန်နယ်လ် ဘိုကီးယားကို ချက်ချင်း တိုက်တွန်းသွားမည်ဖြစ်ပြီး အ‌ရေးကြီး အစည်းအဝေး ခေါ်ယူရေးအတွက် ၎င်းကို ဖိအားပေးသွားမည်ဟု ပြောသွားခဲ့သည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြိုခွင်းမှုနည်းလမ်း အသုံးပြုမှုကို ချက်ချင်း ရပ်ဆိုင်းဖို့ အင်ဒိုနီးရှားအနေနဲ့ တောင်းဆိုတိုက်တွန်းပါတယ်၊ အဲဒီလိုဆိုရင် ထိခိုက်သေဆုံးမှုတွေ ရှိတော့မှာ မဟုတ်ပါဘူး” ဟု ဂျိုကိုဝီက ပြောသွားခဲ့သည်။

“ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကောင်းကျိုးချမ်းသာ ရရှိ‌ရေးကပဲ အဓိက ဦးစားပေးဖြစ်ရပါလိမ့်မယ်၊ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ အင်ဒိုနီးရှားအနေနဲ့ တိုက်တွန်းပါတယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့၊ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ နဲ့ တည်ငြိမ်မှု ပြန်ရဖို့ အတွက် အမျိုးသားရင်ကြားစေ့ရေးကို ချက်ချင်း လုပ်ရပါမယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအတွက် နည်းလမ်းတစ်ခု ရှာဖွေရန် မြန်မာ့ အိမ်နီးချင်းများထဲတွင် အင်ဒိုနီးရှားသည် ကြိုးပမ်းအားထုတ်မှုများကို ဦးဆောင်လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly