စစ်အုပ်စု၏ ပြစ်မှုကျူးလွန်သည့် အမိန့်ညွှန်ကြားချက် သက်သေအထောက်အထားများကို ရယူရန် ကုလစုံစမ်းစစ်ဆေးသူများ လုပ်ဆောင်

စစ်အုပ်စု၏ ပြစ်မှုကျူးလွန်သည့် အမိန့်ညွှန်ကြားချက် သက်သေအထောက်အထားများကို ရယူရန် ကုလစုံစမ်းစစ်ဆေးသူများ လုပ်ဆောင်

မတ် ၁၇

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က အမိန့်ပေးညွှန်ကြားခိုင်းစေခဲ့သည့် ပြစ်မှုများနှင့်ပတ်သက်သည့် ခိုင်လုံသော အထောက်အထားသက်သေများကို ပြည်သူများ စုဆောင်းထိန်းသိမ်းထားရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်‌‌ဆေးသူများအဖွဲ့တစ်ခုက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။

လာမည့် ရှေ့ကာလတွင် စစ်တပ်ခေါင်းဆောင်များအပေါ် အမှုများ တည်ဆောက်နိုင်ရန်အတွက် အထက်ပါ အထောက်အထားများကို စုဆောင်းထားရန်အတွက် ကုလစုံစမ်းစစ်ဆေးသူများက ပန်ကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့၀င်များက အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းခဲ့မှုများအတွင်း ဆန္ဒပြသူ ၁၈၀ ကျော် သေဆုံးထားခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

“အကြီးလေးဆုံးနဲ့ အပြင်းထန်ဆုံး  နိုင်ငံတကာ ပြစ်မှုတွေအတွက် တာ၀န်အရှိဆုံး ပုဂ္ဂိုလ်တွေက များသောအားဖြင့် ထိပ်ပိုင်းခေါင်းဆောင်ရာထူးတွေ ယူထားသူတွေဖြစ်ပါတယ်” ဟု ကုလအဖွဲ့၏ ဦးဆောင်သူ နီကိုးလက်စ် ကိုအမ်ဂျီအန်က ထုတ်ပြန်ပြောဆိုသည်။

“သူတို့တွေက ပြစ်မှုတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်သူတွေတော့ မဟုတ်ပါဘူး၊ ဒါ့အပြင် ပြစ်မှုတွေ ကျူးလွန်တဲ့ နေရာတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ရှိမနေတတ်ပါဘူး”

“သူတို့ရဲ့ တာဝန်ရှိမှုကို သက်သေပြဖို့အတွက် လက်ခံရရှိတဲ့ သတင်းအချက်အလက် သက်သေအထောက်အထားတွေ၊ အမိန့်ပေးခိုင်းစေတဲ့ ညွှန်ကြားချက်တွေနဲ့ မူဝါဒတွေ ဘယ်လိုဘယ်ပုံ ချမှတ်ခဲ့သလဲ ဆိုတဲ့ အထောက်အထားတွေ လိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထိုကဲ့သို့ သတင်းအချက်အလက်မျိုးကို ရထားသူများအနေဖြင့် လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေးလမ်းကြောင်းများကနေတဆင့် ကုလစုံစမ်းစစ်ဆေးသူများထံ ဆက်သွယ်သင့်ကြောင်း ၎င်းက Signal သို့မဟုတ် ProtonMail အ‌ကောင့်တို့ကဲ့သို့ အက်ပလီကေးရှင်းများကို ရည်ညွှန်းရင်း ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြသူများကို ကျည်အစစ်သုံး ပစ်ခတ်ဖြိုခွင်းမှုအပေါ် ပြီးခဲ့သည့် အင်္ဂါနေ့က ကုလ လူ့အခွင့်အရေးရုံးက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဆန္ဒပြသူများကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းကို ချက်ချင်းရပ်ဆိုင်းရန် စစ်တပ်ကို တောင်းဆိုကြောင်း ထုတ်ဖော်သွားခဲ့သည်။

ကုလ စုံစမ်းစစ်ဆေးသူများသည် လူအသက်သေစေသည့် အင်အားအသုံးပြုမှု၊ ဥပဒေနှင့်ဆန့်ကျင်သည့် ဖမ်းဆီးမှုများ၊ ညှင်းပန်းနှိပ်စက်မှု၊ မည်သည့်နေရာတွင် ရှိနေသည်ကို မိသားစုများအား အသိမပေးဘဲ လူများကို ဖမ်းဆီးထိန်းသိမ်းမှုများ၊ ဖမ်းဆီးခံရပြီး ပျောက်ကွယ်သွားခြင်းကဲ့သို့ လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် အထောက်အထားသက်သေများကို စုဆောင်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများ၊ အကြီးလေးဆုံး ပြစ်မှုများဆိုင်ရာ သက်သေအထောက်အထားများကို တစ်စုတည်းအဖြစ် စုစည်းရန်အတွက် ၂၀၁၈ စက်တင်ဘာတွင် ကုလ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအတွက် ဂျီနီဗာအခြေစိုက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကို ဖွဲ့စည်းထူ‌ထောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly