မြန်မာစစ်ခေါင်းဆောင်များက ဆက်ဒမ်ဟူစိန်နှင့် ကဒါဖီတို့လိုပဲ ကြမ္မာငင်ရလိမ့်မည်ဟု ဒေါက်တာ ဆာဆာ သတိပေး 

မြန်မာစစ်ခေါင်းဆောင်များက ဆက်ဒမ်ဟူစိန်နှင့် ကဒါဖီတို့လိုပဲ ကြမ္မာငင်ရလိမ့်မည်ဟု ဒေါက်တာ ဆာဆာ သတိပေး 

မတ် ၁၆ ၊၂၀၂၁

မြန်မာနိုင်ငံတွင် ‘အကြီးမားဆုံး ပြည်တွင်းစစ်မီး’ တောက်လောင်လာနိုင်သည်ဟု စိုးရိမ်ပူပန်မှုများ ရှိနေချိန် စစ်ခေါင်းဆောင်များသည် ဆက်ဒမ်ဟူစိန် နှင့် မွမ်မာကဒါဖီတို့ လမ်းစဉ်လိုက်ကာ ကြမ္မာငင်ရလိမ့်မည် သတိပေးခံရသည်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ ပစ်ခတ်သတ်ဖြတ်ခံရသည့် ဆန္ဒပြသူပေါင်း ၁၃၈ ဦး ရှိကြောင်း ကုလသမဂ္ဂက ပြောပြီး မတ် ၁၄ ရက်နေ့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုးဆုံးသော သွေးမြေကျသည့်နေ့အဖြစ် တစ်ရက်တည်း အနည်းဆုံး လူပေါင်း ၃၉ သေဆုံးခဲ့သည်။ 

CRPH ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာက Sky News သို့ ပြောရာ၌ နိုင်ငံတကာအသိုင်းအဝန်းထံမှ ပြင်းပြင်းထန်ထန် အရေးယူမှု မရှိဘဲ သေကျေပျက်စီးမှုများ ဆက်ဖြစ်ပွားနေမည်ဆိုလျှင် နိုင်ငံတွင်းက ပြည်သူများအနေဖြင့် ကိုယ်ကိုကို ခုခံကာကွယ်ရတော့မည် ဖြစ်သည်ဟု ပြောသည်။ 

စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် အာဏာအား လက်လွှတ်ရန်၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ပြန်သွားရန်အတွက် သူက မေတ္တာရပ်ခံသည်။ 

ထိုသို့ မဟုတ်ခဲ့လျှင် စစ်ခေါင်းဆောင်များသည် မွမ်မာကဒါဖီ၊ ဆက်ဒမ်ဟူစိန်နှင့် အိုစမာဘင်လာဒင်တို့လို ဖမ်းဆီးခံရခြင်း သို့မဟုတ် သတ်ဖြတ်ခံရခြင်းများဖြင့် နိဂုံးသတ်လိမ့်မည်ဟု ၎င်းက ကြိုတင်ခန့်မှန်းပြောဆိုသည်။ 
ဗိုလ်မှူးကြီး ကဒါဖီသည် ၂၀၁၁ ခုနှစ်အတွင်းက ဖမ်းဆီးခံရကာ သတ်ဖြတ်ခံရပြီး ဆက်ဒမ်ဟူစိန်မှာ ၂၀၀၆ ခုနှစ်တွင် ဖမ်းဆီးကြိုးပေးခံရခြင်းဖြစ်ကာ အယ်ကိုင်ဒါခေါင်းဆောင် ဘင်လာဒင်မှာ ၂၀၁၁ ခုနှစ်၌ အမေရိကန်အထူးတပ်ဖွဲ့၏ စီးနင်းသုတ်သင်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ 

အာဏာကို ရယူထားသည့် စစ်ဗိုလ်ချုပ်ကြီးများအား ဖိအားပေးရန် အိန္ဒိယ၊ တရုတ်၊ အမေရိကန်၊ ဥရောပနှင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း ဒေါက်တာ ဆာဆာက ပြောသည်။ 

“မြန်မာ့အရေးမှာ ဖြစ်နိုင်သမျှ မြန်မြန် ဒီ ပူးပေါင်းဆောင်ရွက်မှုသာ ကျွန်တော်တို့ မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ ကြုံဖူးသမျှ အကြီးဆုံး ပြည်တွင်းစစ်ကြီး ထဖြစ်လာမှာကို ကျွန်တော် စိုးရိမ်တယ်”ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့အနေနဲ့ ထုတ်ပြန်ချက်တွေ မလိုအပ်တော့ဘူး၊ စကားလုံးတွေတွေ မလိုအပ်ဘူး၊ အရေးယူဆောင်ရွက်ချက်တွေပဲ လိုတယ်၊ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကနေ အရေးယူပေးပါလို့ ကျွန်တော်တို့ တောင်းဆိုနေတာ ဖြစ်တယ်”ဟု ဒေါက်တာ ဆာဆာက ပြောသည်။ 

“သံတမန်ရေးရယ်၊ စီးပွားရေးနဲ့ နိုင်ငံရေးတွေမှာ ပူးပေါင်းပြီး ပစ်မှတ်ထားတဲ့ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျွန်တော်တို့ ဆိုလိုတာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ၌ မဲလိမ်လည်မှုများ ရှိသည်ဆိုသော စွပ်စွဲချက်များကို တုံ့ပြန်ခြင်းအဖြစ် မြန်မာစစ်တပ်သည် ပြီးခဲ့သည့်လက အင်အားသုံး အာဏာသိမ်းယူခဲ့ပြီး အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာခဲ့သည်။ 

ထို အာဏာသိမ်းပြီးချိန်မှစ၍ ငြိမ်းချမ်းစွာ တော်လှန်ရေးဖြင့် ဆန္ဒပြမှုများ နိုင်ငံအနှံ့ ဖြစ်ပွားပေါ်ပေါက်နေသည်။ သို့သော် ပြင်ပမှ အကူအညီ ပေးလိမ့်မည်ဆိုသော မျှော်လင့်ချက်များ ပြည်သူတော်တော်များများတွင် ပျောက်ဆုံးလျက် ရှိနေပြီဟု ဒေါက်တာ ဆာဆာက ပြောသည်။ 

“ပြည်သူတွေက ပြောနေကြပါပြီ၊ စစ်တပ်ရဲ့ သတ်ဖြတ်ခံနေရတာတွေက လုံလောက်နေပြီ၊ ဘယ်လောက်ထိ အသေခံပေးရမလဲ၊ ဒီ အခြေအနေမှာ ကြားဝင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အလောင်းတွေ ဘယ်လောက်ထိ လိုဦးမှာလဲလို့ ပြောနေကြပြီ”ဟု ၎င်းက ပြောသည်။  

“ဒါကြောင့် အခု အခြေအနေကို ဆက်ပြီး အဖြစ်ခံနေမယ်ဆိုရင် ပြည်သူတွေကို ကိုယ်ကိုကို ကာကွယ်ဖို့အတွက် တွန်းအားပေးရတော့မှာပဲ ဖြစ်တယ်လို့ ကျွန်တော် အမှန်တကယ် ထင်မြင်တယ်”ဟု သူက ဆက်လက်ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအသင်း AAPP Burma အရ ကုန်လွန်ခဲ့သည့် သီတင်းခြောက်ပတ်အတွင်း စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်ခံရသူပေါင်း ၁၂၆ ဦးကျော်ထက်မနည်း ရှိပြီး ဖမ်းဆီးထားသူ၊ အမှုစွဲဆိုထားသူနှင့် ပြစ်ဒဏ်ချမှတ်ခံရသူပေါင်း ၂၁၅၆ ဦးဝန်းကျင် ရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly