မြန်မာဖက်မှ ဝင်ရောက် နိုင်ငံရေးခိုလှုံမည့်သူတွေအတွက် အသင့်ပြင်ဆင်ပေးထားကြောင်း ထိုင်းပြော

မြန်မာဖက်မှ ဝင်ရောက် နိုင်ငံရေးခိုလှုံမည့်သူတွေအတွက် အသင့်ပြင်ဆင်ပေးထားကြောင်း ထိုင်းပြော
Photo - AFP

မတ် ၁၁ 

မြန်မာနိုင်ငံအနေနဲ့ မတည်ငြိမ်မှုတွေကို အရှိန်လျှော့ချရန်နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာဖက်ကနေ ထိုင်းနိုင်ငံဖက်ဆီကို နိုင်ငံရေးခိုလှုံဖို့  ကြိုးစားချင်တဲ့ နေရပ်စွန့်ခွာလာမယ့်သူတွေအတွက် အဆင်သင့်ပြင်ဆင်ပေးထားပြီးဖြစ်ပေမယ့် ခုထိ ရောက်လာတဲ့သူတော့ မရှိသေးကြောင်း သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Thanee Saengrat က ပြောပါတယ်။

“ဥပမာအနေနဲ့ နယ်စပ်တစ်လျှောက်မှာ ပြည်နယ်အာဏာပိုင်တွေ၊ လုံခြုံရေးအေဂျင်စီတွေဟာ မြန်မာနဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်ဖြတ်ကျော်လာမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အတွေ့အကြုံတွေ ရှိထားပြီး ဖြစ်ပါတယ်။ ဒီအတွက် နယ်စပ်တစ်လျှောက်မှာ နေရာထိုင်ခင်း အဆောက်အအုံအချို့ကို ကြိုတင်ပြင်ဆင်ထားပြီးပါပြီ၊ ခုထိတော့ ထိုင်းနိုင်ငံမှာ နိုင်ငံရေးခိုလှုံဖို့ ကြိုးစားပြီး ရောက်လာသူ မရှိသေးပါဘူး”လို့ ၎င်းက ပြောပါတယ်။

“အာဆီယံ ထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတိုင်းကို အစွမ်းကုန် သည်းခံထိန်းချုပ်ဖို့နဲ့ ပြေပြေလည်လည် လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မြန်မာနိုင်ငံမှာ အခြေအနေတွေကို အရှိန်လျှော့ချပြီး ဖမ်းဆီးထားသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Thanee Saengrat က ဆိုပါတယ်။

“အခြားနိုင်ငံတွေလိုပါပဲ၊ ကျွန်တော်တို့ဟာလည်း မြန်မာနိုင်ငံမှာ အရှိန်မြင့်နေတြ့ အကြမ်းဖက်မှုတွေကြောင့် ပေးဆပ်လိုက်ရတဲ့ အသက်တွေနဲ့ ဘေးဒုက္ခအန္တရာယ်တွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်”လို့ သူက ဆက်လက်ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က မြန်မာစစ်တပ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီထိပ်တန်းတာဝန်ရှိသူတွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ချိန်ကစလို့ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ နေ့စဉ်ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေပါတယ်။

ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေမှာ လူသေဆုံးမှုတွေ ရှိခဲ့ပြီး ညပိုင်းစီးနင်းဖမ်းဆီးတာတွေပါ လုပ်ဆောင်တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly