စစ်ကောင်စီကိုယ်စားလှယ်ကို အစည်းအဝေးတက်ရန် ဖိတ်ကြားမှုက အာဏာသိမ်းမှုကို ထောက်ခံခြင်း မဟုတ်ဟု သီရိလင်္ကာ ပြော

စစ်ကောင်စီကိုယ်စားလှယ်ကို အစည်းအဝေးတက်ရန် ဖိတ်ကြားမှုက အာဏာသိမ်းမှုကို ထောက်ခံခြင်း မဟုတ်ဟု သီရိလင်္ကာ ပြော

မတ် ၁၁

သီရိလင်္ကာနိုင်ငံသည် မကြာမီကျင်းပရန် ရှိသည့် ဒေသဆိုင်ရာ အစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် မြန်မာအာဏာသိမ်းစစ်အုပ်စု၏ ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ကြားထားခဲ့သော်လည်း ယင်းကဲ့သို့ ဖိတ်ကြားမှုက မြန်မာ စစ်အာဏာသိမ်းမှုကို ထောက်ခံလိုက်သည့် သဘောမဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ငြင်းချက်ထုတ် ရှင်းလင်းခဲ့သည်။

မတ်လကုန်တွင် အွန်လိုင်းကနေ ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ၏ အစည်းအဝေးကို တက်ရန် မြန်မာစစ်ကောင်စီ ခန့်ထားသော နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို သီရိလင်္ကာက ဖိတ်ကြားထားသည့် စာတစ်စောင် အွန်လိုင်းပေါ် ပေါက်ကြားခဲ့ပြီးနောက် မြန်မာရှိ အာဏာသိမ်းမှုဆန့်ကျင်သူများက “သီရိလင်္ကာကို ဆန့်ကျင်ဆန္ဒပြ” ဆိုပြီး တွစ်တာပေါ်တွင် ပြစ်တင်ရေးသားခဲ့ကြသည်။

ယင်းနှင့်ပတ်သက်၍ သီရိလင်္ကာ နိုင်ငံခြားရေး၀န်ကြီးဌာနမှ အတွင်း၀န် ဂျေယာနက်သ် ကိုလွန်ဘေ့ဂျ်က ရိုက်တာကို ဖုန်းဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး သီရိလင်္ကာနိုင်ငံအနေဖြင့် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ထားခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် BIMSTEC အဖွဲ့၀င်နိုင်ငံဖြစ်နေ၍ ဖြစ်ကြောင်းနှင့် ယင်းကို ဖယ်ရှား သို့မဟုတ် ဆိုင်းငံ့ထားခြင်း မရှိ၍ ဖြစ်ကြောင်း ပြောခဲ့သည်။

“ဒီလို ဖိတ်ကြားမှုက ကျွန်တော်တို့ဘက်က မြန်မာစစ်အစိုးရကို လက်ခံထားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။
BIMSTEC သည် ဘင်္ဂလား‌ဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ နှင့် ထိုင်းတို့ ပါ၀င်ဖွဲ့စည်းထားသော အဖွဲ့တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံရှိ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများသည် စစ်ခေါင်းဆောင်များကို အသိအမှတ်မပြုရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းထားပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့်သာ ဆက်ဆံပတ်သက်ရန် တိုက်တွန်းထားသည်။

“မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုက အပြီးမသတ်သေးဘူး၊ ဒါက အာဏာသိမ်းဖို့ ကြိုးပမ်းမှုပဲ ဖြစ်နေဆဲဖြစ်တယ်ဆိုတာကို ကမ္ဘာပေါ်က နိုင်ငံတိုင်း ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုပါတယ်” ဟု မြန်မာအခြေစိုက် တက်ကြွလှုပ်ရှားသူ မသ ဉ္ဇာရွှန်းလဲ့ရည်က ရိုက်တာကို ပြောသည်။

“ဒါကြောင့် မြန်မာစစ်အာဏာသိမ်းအုပ်စုကို မဖိတ်ကြားဖို့အတွက် သီရိလင်္ကာ အစိုးရအပေါ် ဖိအားပေးဖို့ သီရိလင်္ကာ တက်ကြွလှုပ်ရှားသူတွေကို ကျွန်မ တောင်းဆိုပါတယ်၊ ဘာလို့လဲဆိုတော့ မြန်မာအာဏာသိမ်းစစ်အုပ်စုက တရား၀င်မြန်မာအစိုးရ မဟုတ်လို့ပါ” ဟု သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly