ဆွီဒင်ဖက်ရှင်ကုမ္ပဏီ H&M က မြန်မာနိုင်ငံမှ အ၀တ်အထည်အော်ဒါသစ် မှာယူမှုကို ရပ်ဆိုင်း

ဆွီဒင်ဖက်ရှင်ကုမ္ပဏီ H&M က မြန်မာနိုင်ငံမှ အ၀တ်အထည်အော်ဒါသစ် မှာယူမှုကို ရပ်ဆိုင်း

မတ် ၉

မြန်မာနိုင်ငံတွင် ဆန္ဒပြသူများကို လူအသက်သေစေသည်အထိ အင်အားသုံး ဖြိုခွင်းမှုများအပေါ် တုန်လှုပ်ထိတ်လန့်ကြောင်း ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီအရောင်းလုပ်ငန်းကြီးဖြစ်သည့် ဆွီဒင်အခြေစိုက် H&M ကုမ္ပဏီက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး တစ်ဆက်တည်းမှာပင် မြန်မာနိုင်ငံမှ အ၀တ်အထည်ချုပ်လုပ်မှု အော်ဒါသစ် မှာယူမှုများကို ရပ်ဆိုင်းထားလိုက်ပြီဟု ယင်းက ပြောကြားသွားခဲ့သည်။

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရဲနှင့် စစ်တပ်က နှိမ်နင်းဖြိုခွင်းခဲ့ရာ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြီးခဲ့သည့်အပတ်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် H&M အတွက် အ၀တ်အထည်များကို တိုက်ရိုက်အမှာစာယူချုပ်လုပ်ပေးသွင်းသည့် လုပ်ငန်း ၄၅ ခုခန့် ရှိကြောင်းနှင့် နိုင်ငံတွင် ခုနစ်နှစ်ကြာ အော်ဒါမှာယူလုပ်ကိုင်ထားခဲ့ကြောင်း H&M ၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

“နိုင်ငံမှာ ကျွန်တော်တို့ရဲ့ ရေရှည်ရပ်တည်မှုနဲ့ပတ်သက်လို့ ချက်ချင်းလက်ငင်း ဆောင်ရွက်မှုတွေ ကျွန်တော်တို့ လုပ်ဦးမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော်တို့ဆီ အော်ဒါချုပ်လုပ်ပေးသွင်းနေသူတွေဆီကနေ အမှာစာသစ် မှာယူမှုတွေကို ရပ်ဆိုင်းထားလိုက်ပါပြီ” ဟု H&M ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေမန်နေဂျာ ဆာကန် တန်ကာက အီးမေးလ်ကနေတဆင့် ပြောခဲ့သည်။

“လက်တွေ့ဖြစ်နေတဲ့ အခက်အခဲတွေကြောင့် ခုလို လုပ်ရတာပါ၊ ဒီနိုင်ငံမှာ ကျွန်တော်တို့ရဲ့ လည်ပတ်လုပ်ဆောင်နိုင်မှုအပေါ်မှာ ခန့်မှန်းလို့မရနိုင်တဲ့ အခြေအနေတစ်ရပ်က အကန့်အသတ်ဖြစ်စေပါတယ်၊ ကုန်ထုတ်လုပ်မှု၊ အခြေခံအဆောက်အအုံ၊ ကုန်ကြမ်းတင်သွင်းမှုတွေနဲ့ ကုန်ချောပို့ဆောင်မှုတွေနဲ့ သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေ အပါအ၀င်‌ပေါ့” ဟု ၎င်းက ပြောခဲ့သည်။

H&M အနေဖြင့် မြန်မာနိုင်ငံရှိ အခြေအနေနှင့်ပတ်သက်၍ အလွန် စိုးရိမ်ပူပန်ကြောင်းနှင့် ကုလ အေဂျင်စီများ၊ သံတမန် ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်များ၊ ကုန်သွယ်ရေး သမဂ္ဂများနှင့် အခြားသော နိုင်ငံစုံအခြေစိုက် ကုမ္ပဏီများနှင့်လည်း ဆွေးနွေးခဲ့ကြောင်း တန်ကာက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly