မြန်မာတွင် စစ်တပ်အာဏာသိမ်းမှုအပေါ် ဂျီ-၇ အုပ်စု ရှုတ်ချ

မြန်မာတွင် စစ်တပ်အာဏာသိမ်းမှုအပေါ် ဂျီ-၇ အုပ်စု ရှုတ်ချ

ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုအပေါ် စက်မှုထိပ်သီးနိုင်ငံများအုပ်စု (ဂျီ-၇) က ဖေဖော်ဝါရီ ၃ ရက်တွင် ရှုတ်ချလိုက်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်များ၏ ကံကြမ္မာနှင့်ပတ်သက်၍လည်း အလွန်အမင်း ပူပန်နေကြောင်း အဆိုပါ အုပ်စုက ပြောသည်။

“ကျွန်တော်တို့ ဂျီ-၇ အဖွဲ့၀င်တွေဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေ၊ အမေရိကန်တို့ရဲ့ နိုင်ငံခြားရေး၀န်ကြီးတွေနဲ့ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့ဟာ မြန်မာနိုင်ငံက အာဏာသိမ်းမှုအပေါ် တညီတညွတ်တည်း ရှုတ်ချပါတယ်” ဟု ၎င်းတို့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောကြားခဲ့သည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတွေ ထိန်းသိမ်းခံထားရတဲ့အပေါ်နဲ့ မီဒီယာကို ပစ်မှတ်ထားနေတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ အလွန်တရာပဲ စိုးရိမ်ပူပန်နေရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အရေးပေါ် အခြေအနေ အဆုံးသတ်ရန်နှင့် ခုခံနိုင်စွမ်း အနည်းဆုံး အခြေအနေရှိသူများကို ကူညီပံ့ပိုးရန် လူသားချင်းစာနာမှုဆိုင်ရာ ၀င်ရောက်မှုကို အကန့်အသတ်မဲ့ ခွင့်ပြုရန် ဂျီ-၇ နိုင်ငံခြားရေး၀န်ကြီးများက မြန်မာစစ်တပ်ကို မေတ္တာရပ်ခံခဲ့သည်။ “ အရေးပေါ် အခြေအနေကို ချက်ချင်း အဆုံးသတ်ဖို့၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကို အာဏာပြန်လွှဲဖို့၊ မတော်မတရား ဖမ်းဆီးထိန်းသိမ်းခံထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာဖို့ ကျွန်တော်တို့ဘက်က မြန်မာစစ်တပ်ကို ပန်ကြားပါတယ်” ဟု ဂျီ-၇ အုပ်စုက ပြောသည်။

“နို၀င်ဘာ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားအသိအမှတ်ပြုရမှာ ဖြစ်ပြီး ပါလီမန်ကိုလည်း အဆောလျင်ဆုံးအချိန်အခါတစ်ခုမှာ ခေါ်ယူကျင်းပသင့်ပါတယ်” ဟုလည်း ယင်းက ထုတ်ပြန်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly