မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်မည် 

မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်မည် 
Photo - DW

ဖေဖော်ဝါရီ ၂ 

အမေရိကန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုကို မြန်မြန်ဆန်ဆန်နှင့်ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချလိုက်သော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မည်သို့ ပြုမူဆောင်ရွက်မည်ကိုမူ စောင့်ကြည့်ရပေဦးမည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ်  တိုးတက်ဖြစ်ပေါ်မှုများနှင့် နိုင်ငံတကာ၏တုံ့ပြန်မှုအလားအလာများကို ဆွေးနွေးရန် အင်္ဂါနေ့တွင် အစည်းအဝေးကျင်းပမည်ဖြစ်သည်။

မြန်မာစစ်တပ်သည် တနင်္လာနေ့မနက်အစောပိုင်းက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ထိန်းသိမ်းကာ အာဏာသိမ်းယူခဲ့သည်။

ဖေဖော်ဝါရီလ၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော ယူကေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Barbara Woodward က "တတ်နိုင်သမျှ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတစ်ခုပြုလုပ်ဖို့ မျှော်လင့်ပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေထုတ်ဖော်ခဲ့တဲ့ ဆန္ဒကို လေးစားပြီး အရပ်ဘက်ခေါင်းဆောင်တွေကို လွှတ်ပေးစေလိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နိုင်တဲ့အတိုင်းအတာတွေကို ဆွေးနွေးသွားမှာဖြစ်တယ်။ ကျွန်မတို့ကို အဆုံးထိ ဦးတည်လုပ်ဆောင်သွားစေနိုင်မယ့် စီမံချက်တွေကို စဉ်းစားသွားချင်ပါတယ်" ဟု သတင်းထောက်များကို ပြောခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က "နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အာဏာသိမ်းတဲ့စစ်ဘက်အရာရှိတွေ နားလည်နိုင်မယ့် စကားရပ်အသုံးအနှုံးတွေနဲ့ ပြုမူလုပ်ဆောင်ရပါမယ်" ဟု  DW သတင်းဌာနကိုပြောသည်။ 

Andrew က "သူတို့ဟာ စီးပွားရေးအရေးယူဒဏ်ခတ်မှုဆိုတဲ့ စကားရပ်ကို သဘောပေါက်တယ်ဆိုတာ ကျွန်တော်တို့ အတွေ့အကြုံအရသိပါတယ်။ ဖွံ့ဖြိုးစ ဒီမိုကရေစီကို ဖြိုဖျက်လို့မရပါဘူး။ ပြည်သူတစ်ရပ်လုံးကို စစ်အာဏာသိမ်းမှုနဲ့ ခြိမ်းခြောက်တိုက်ခိုက်လို့မရပါဘူး။ ဒီမိုကရေစီကို ယုံကြည်တဲ့ လူ့အခွင့်အရေးကို တိုးတက်အောင်လုပ်နေကြတဲ့ ပြည်သူတွေကို စနစ်တကျ ပိတ်ဆို့လိုက်တာပါပဲ" ဟု ဆိုသည်။

"အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အာရုဏ်ဦးအချိန်မှာ ထိန်းသိမ်းလိုက်တာ၊ တစ်နိုင်ငံလုံး ဆက်သွယ်ရေးတွေ ဖြတ်တောက်ပစ်တာနဲ့ လမ်းပေါ်မှာ အတိုက်အခံဆန္ဒပြမှုတွေ လုပ်လာစေနိုင်တဲ့ ခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်တာဟာ စစ်အာဏာသိမ်းမှု အစစ်အမှန်ပါပဲ ။ နိုင်ငံကို ပိတ်ဆို့ကန့်သတ်လိုက်တာပါ" ဟု Andrew က ပြောသည်။

အမေရိကန်က ဘယ်လို တုံ့ပြန်ခဲ့သလဲ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စစ်အာဏာသိမ်းမှုအား တခြားသောကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ပြစ်တင်ဝေဖန်လိုက်ပြီး မြန်မာနိုင်ငံအပေါ်  အရေးယူဒဏ်ခတ်မှုအသစ်များလုပ်ဆောင်သွားမည်ဟု တနင်္လာနေ့က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ဘိုင်ဒင်က စစ်တပ်အာဏာသိမ်းမှုသည် နိုင်ငံ၏ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ချေမှုန်းခြင်းဖြစ်သည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

ဘိုင်ဒင်က "တိုးတက်မှုကို ပြောင်းပြန်လုပ်လိုက်တဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာဥပဒေတွေနဲ့ အမိန့်အာဏာတွေကို သုံးသပ်ဖို့ လိုအပ်လာပြီး နောက်ပိုင်းမှာ သင့်တော်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ဘယ်လိုတိုက်ခိုက်မှုတွေပဲကြုံနေရပါစေ အမေရိကန်အနေနဲ့ ဒီမိုကရေစီအတွက် ထောက်ခံပေးသွားမှာဖြစ်ပါတယ်" ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဘာတွေကို စောင့်ကြည့်ရမလဲ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တရုတ်နှင့်ရုရှားနိုင်ငံမှ ကောင်စီဝင်များ မည်သို့ ပြုမူမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်က စစ်တပ်၏နယ်မြေရှင်းလင်းမှုကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာမွတ်စလင်များ (မူရင်းဖော်ပြချက်) ၇၀၀ ၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် တရုတ်နှင့်ရုရှား အင်အားကြီးနှစ်နိုင်ငံသည် မြန်မာနိုင်ငံအား လုံခြုံရေးကောင်စီမှအရေးယူခြင်းကို အကြီးအကျယ်ကာကွယ်ပေးခဲ့ကြသည်။

ရုရှားနှင့်တရုတ်တို့သည် ပြင်သစ်၊ ယူကေနှင့်အမေရိကန်တို့နှင့်အတူ လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာ ဆုပ်ကိုင်ထားသူများဖြစ်သည်။ 

တရုတ်သည် အာဏာသိမ်းမှုကို ဝေဖန်ရန် ငြင်းဆိုခဲ့ပြီး ကွဲပြားခြားနားချက်များကို ဖြေရှင်းရန် နှစ်ဖက်စလုံးအား တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ

မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသော ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ထားသော အရပ်သားခေါင်းဆောင်များကို ဖမ်းဆီးကာ သွေးမြေမကျသောအာဏာသိမ်းမှုဖြင့် နိုင်ငံ့အာဏာအား သိမ်းယူခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်သည် အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာပြီး နိုင်ငံတကာအား ဒေါသထွက်စေခဲ့ခြင်းဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သော နိုဝင်ဘာရွေးကောက်ပွဲ၌ မဲမသမာမှုများရှိသည်ဟု စွပ်စွဲကာ စစ်တပ်အကြီးအကဲများက အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ 

ရွေးကောက်ခံအမတ်များ၏ လွှတ်တော်သစ်မစမီ နာရီပိုင်းအလို၌ စစ်တပ်၏လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

ကုလသမဂ္ဂနှင့်တခြားသော ကမ္ဘာ့ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့်ခေါင်းဆောင်များကို ဖမ်းဆီးခြင်းအတွက် အကြီးအကျယ် စိုးရိမ်မိကြောင်းပြောဆိုခဲ့ကြပြီး ရွေးကောက်ပွဲရလဒ်များကို လေးစားလိုက်နာရန် စစ်တပ်အား တောင်းဆိုလိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly