အာဏာထိန်းသိမ်းတာကို လက်မခံဘဲဆန့်ကျင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့ကြောင်း ဦးဝင်းထိန်ပြော  

အာဏာထိန်းသိမ်းတာကို လက်မခံဘဲဆန့်ကျင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့ကြောင်း ဦးဝင်းထိန်ပြော  
Photo - AFP

ရန်ကုန်၊ ဖေဖော်ဝါရီ ၁   

ဖေဖော်ဝါရီ ၁၊ ၂၀၂၁ 

တပ်မတော်ကနေ အာဏာထိန်းသိမ်းတာကို ပြည်သူတွေအနေနဲ့ လုံးဝလက်မခံဘဲ ဆန့်ကျင်တုံ့ပြန်ကြဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ ပန်ကြားချက်ကနေတစ်ဆင့် မှာကြားခဲ့ကြောင်း ဦးဝင်းထိန်က အတည်ပြုပြောပါတယ်။  

အဲ့ဒီပြည်သူသို့ ပန်ကြားချက်စာကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Chair NLD မှတစ်ဆင့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။  

ဒီစာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဘော်အစစ်ဖြစ်ကြောင်းကိုလည်း NLD နာယဖြစ်တဲ့ ဦးဝင်းထိန်က အသက်နဲ့ရင်းပြီး သစ္စာဆိုကြောင်း လက်ရေးနဲ့ရေးသားထားတဲ့စာလည်းပါဝင်ပါတယ်။   

ဒီစာဟာ အစစ်အမှန်ဖြစ်ကြောင်း NLD နာယက ဦးဝင်းထိန်ကလည်းပြောဆိုခဲ့ပြီး သူ့ကိုယ်တိုင်လည်းဖမ်းဆီးခံရတော့မယ့် အခြေအနေရှိတယ်လို့ နေ့ခင်း ၁ နာရီလောက်မှာ ဆိုပါတယ်။  

Chair NLD ပေ့ချ်က ထုတ်နေပြန်ချက်အရ ဒီပန်ကြားချက်စာကို ဖတ်ရူ့ရချိန်မှာ တပ်မတော်ဟာ သူတို့ကိုယ်တိုင် ရေးသားအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှု ပစ်ပယ်ပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီးအချိန်ဖြစ်မယ်လို့လည်း ရေးသားခဲ့ပါတယ်။  

ဒီအပြင် ပန်ကြားချက်ထဲမှာ တပ်မတော်ရဲ့ စွပ်စွဲချက်တွေကို တုံ့ပြန်လိုက်ပြီး NLD အနေနဲ့ အထွေထွေ ရွေးကောက်ပွဲကို ဥပဒေဘောင်ထဲကနေ အနိုင်ရခဲ့တာလို့လည်း ပြောပါတယ်။   

ဒီပန်ကြားစာဟာ “အာဏာသိမ်းနိုင်တယ်” ဆိုတဲ့ အရေးကို မျှော်တွေးပြီး သူ့နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တချို့နဲ့ တိုင်ပင်ပြီး ပြည်သူလူထုကို ပြန်ကြားချက် ရေးသားခဲ့တာလို့လည်း သိရပါတယ်။  

နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း မြဝတီအသံလွှင့်ဌာနက ယာယီ သမ္မတ ဦးမြင့်ဆွေ အမိန့်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မနက်မှာ ထုတ်ပြန်ခဲ့တာပါ။  

နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုလည်း ထိမ်းသိမ်းထားပြီး တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် တချို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့ကိုလည်း ထိမ်းသိန်းထားပါတယ်။  

မဲစာရင်း အမှားအယွင်းတွေကို စစ်ဆေးမယ့် ကိစ္စရပ် အပါအဝင် လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို တပ်မတော်က တစ်နှစ်အာဏာ ထိန်းသိမ်းလိုက်တာလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly