အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟု တပ်မတော်ထုတ်ပြန် 

အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟု တပ်မတော်ထုတ်ပြန် 
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ ဇန်နဝါရီ ၃၀  

တပ်မတော်အနေဖြင့် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုကာကွယ်စောင့်ရှောက်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။  

လက်ရှိအခြေခံ ဥပဒေမှာ ပြည်သူများလိုလားတောင်းဆိုသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနေသော အခြေခံဥပဒေဖြစ်သော ကြောင့် တပ်မတော်အနေဖြင့်လည်း တည်ဆဲအခြေခံဥပဒေကို စောင့်ထိန်းလိုက်နာကာ ဥပဒေဘောင်တွင်းမှ ဆောင်ရွက်နေကြောင်းဆိုသည်။  

ပြီးခဲ့သည့်ရက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းအပြည့်အစုံအပေါ်လေးစားမှုမရှိဘဲ လိုရာဆွဲအဓိပ္ပာယ်ဖွင့်ဆိုကာ ထုတ်ပြန်ချက်များ သတင်းသုံးသပ်ချက်များပြုလုပ်သည်ကိုတွေ့ရကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ပြောကြားချက်သည် သင်တန်းသားအရာရှိများအား အခြေခံဥပဒေနားလည်စေရန် ဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်း တပ်မတော်ဘက်ကထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။  

ဆက်လက်၍ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အနေဖြင့် တစ်ပါတီစနစ်(ဆိုရှယ်လစ်စနစ်) ကိုကျင့်သုံးရန်ရည်ရွယ်ပြီး ပါလီမန်ဒီမိုကရေစီစနစ်အတွက် ရေးသားပြဌာန်းခဲ့သော ၁၉၄၇ ခုနှစ် အခြေခံဥပဒေကိုဆက်လက် ကျင့်သုံးရန် မဖြစ်နိုင်၍ ဖျက်သိမ်းခဲ့ရကြောင်းဆိုသည်။  

အလားတူ ၁၉၈၈ ခုနှစ်တွင်ပြည်သူတစ်ရပ်လုံးဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရန် ရည်ရွယ်ထား သဖြင့် တစ်ပါတီစနစ် အတွက်ရေးသားပြဌာန်းခဲ့သော ၁၉၇၄ အခြေခံဥပဒေကိုဆက်လက်ကျင့်သုံးရန်မဖြစ်နိုင်၍ ဖျက်သိမ်းခဲ့ရသည်ဟု တပ်မတော်ကထုတ်ပြန်သည်။  

သို့သော်လက်ရှိပြဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပါတီစုံဒီမိုကရေစီနစ်ကိုရည်ရွယ်ပြီး ပြည်သူလူထုအတွင်း အလွှာပေါင်း ရှစ်လွှာမှ ကိုယ်စားလှယ် ၇၀၀ ဦးခန့်မှ အချိန် ခုနစ် နှစ်ယူဆွေးနွေးကာ ရရှိလာသည့်အချက်များအပေါ်အခြေခံ၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။  

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုစောင့်ရှောက်လျက် ပြဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှသာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required