ရုရှားတပ်မတော်ကပေးသည့် ကိုဗစ်ကာကွယ်ဆေးများအား တပ်မတော်ဆေးသုတေသနတွင် စမ်းသပ်နေဟုဆို  

ရုရှားတပ်မတော်ကပေးသည့် ကိုဗစ်ကာကွယ်ဆေးများအား တပ်မတော်ဆေးသုတေသနတွင် စမ်းသပ်နေဟုဆို  

ရန်ကုန်၊ ဇန်နဝါရီ ၂၆ 

ရုရှားတပ်မတော်ကပေးသည့် COVID-19 ကာကွယ်ဆေးများကို တပ်မတော်၏ ဆေးသုတေသနတွင် စမ်းသပ်စစ်ဆေးအသုံးပြုနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။ 

ရုရှားနိုင်ငံထုတ် Sputnik-V ကာကွယ်ဆေးအလုံးရေရာဂဏန်းခန့်ကို ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း တပ်မတော်ကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ 

“ ကျွန်တော်တို့ဆီမှာဆေးသုတေသနလုပ်ဖို့ စမ်းသပ်ဖို့ပဲလုပ်ဆောင်သွားတာဖြစ်ပါတယ်။ ထောင်ဂဏန်းဆိုတာ ရာဂဏန်းတစ်ဝက်တောင် မရှိပါဘူး။ ဒီလောက်ပဲ ကျွန်တော်တို့ စမ်းသပ်စစ်ဆေးဖို့ သုတေသနလုပ်ဖို့ပဲ လက်ခံထားရှိတာမျိုးဖြစ်ပါတယ် ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။ 

ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရုရှားမှကာကွယ်ဆေးလှူဒါန်းခဲ့သော်လည်း လက်ရှိအချိန်အထိ တပ်မတော်အတွင်းတွင်  ထိုးနှံထားသူ မရှိကြောင်းနှင့် အရေးကြီးတာဝန်ကြောင့် COVID လူနာများနှင့် မဖြစ်မနေတိုက်ရိုက်ထိတွေ့ရမည့်သူများကို ကာကွယ်ဆေးထိုးနှံပေးရန် အစီအစဉ်ရှိကြောင်း ၎င်းကဆိုသည်။ 

အစိုးရအစီစဉ်ဖြင့် တပ်မတော်သားများ COVID ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းနှင့်ပတ်သက်၍ တိတိကျကျမပြောနိုင်သေးကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။ 

ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ကာကွယ်ဆေးရရှိသည့် အရေအတွက်အပေါ်မူတည်ပြီး တပ်မတော်သားများအပြင် တစ်နိုင်ငံလုံးရှိ ပြည်သူများကိုထိုးနှံပေးသွားမည်ဟု အဆိုပါ ဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးကပြောသည်။ 

“ အစပိုင်းကကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေ ပြီးတဲ့အခါ အစိုးရအဖွဲ့ဝင်တွေပေါ့နော်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အသက်အရွယ်ကြီးတဲ့သူတွေ ပြီးတဲ့အခါကျ နိုင်ငံ့ဝန်ထမ်းတွေပေါ့နော်။ နိုင်ငံ့ဝန်ထမ်းတွေထဲမှာ အခုနပြောတဲ့ တပ်မတော်လည်းအကျုံးဝင်တာပေါ့ ” ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။ 

နိုင်ငံ့ဝန်ထမ်းသည် ကာကွယ်ဆေးထိုးပေးမည့် ဦးစားပေးနံပါတ်စဉ် (၃) တွင်ရှိနေသည်။  

အိန္ဒိယအစိုးရက ပေးပို့သည့် Covishield အမည်ရ ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်နေ့တွင်စတင်ထိုးနှံမည်ဟု အစိုးရကကြေငြာထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required