တပ်မတော်က ကန့်ကွက်သော်လည်း စီစဉ်ထားသည့်နေရာတွင် တော်လှန်ရေးနေ့ ကျင်းပမည်ဟု KNLA ဆို  

တပ်မတော်က ကန့်ကွက်သော်လည်း စီစဉ်ထားသည့်နေရာတွင် တော်လှန်ရေးနေ့ ကျင်းပမည်ဟု KNLA ဆို  
Photo - Mutraw Information (FB)

ရန်ကုန်၊ ဇန်နဝါရီ  ၂၄၊ ၂၀၂၁  

ကရင့်တော်လှန်ရေးနေ့ ကျင်းပမည့်နေရာကို တပ်မတော်က ကန့်ကွက်သော်လည်း နေရာမပြောင်းဘဲ မူလစီစဉ်ထားသည့် နေရာတွင် ဆက်လုပ်မည်ဟု ကရင်လက်နက်ကိုင်အဖွဲ့ KNLA တပ်မဟာ (၅) ပြောခွင့်ရ ပဒိုမန်းမန်းက ပြောသည်။  

KNLA တပ်မဟာ (၅) က ကျင်းပမည့် (၇၂) ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့နှင့် စစ်ရေးပြ အခမ်းအနားကို မူလစီစဉ်ရာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ထီးလော်သီထာ ကျေးရွာတွင် မပြုလုပ်ဘဲ ဌာနချုပ် ဒေးပူနိုတွင်သာ ကျင်းပရန် တပ်မတော်က စာပို့အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

သို့သော် KNLA တပ်မဟာ (၅) က လက်မခံဘဲ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါ အခမ်းအနားအတွက် အကြို အားကစားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေဆဲ ဖြစ်သည်။  

“ကျွန်တော်တို့ အလုပ်ကတော့ ကျွန်တော်တို့ လုပ်ရမှာပဲလေ။ ကျန်တဲ့ သူတို့တားတဲ့ ကိစ္စကတော့ ဘာမှ ပြောစရာ အကြောင်းမရှိဘူး သူတို့ကိုလည်း၊ ဒီဟာနဲ့ ပတ်သက်တာကတော့ သူတို့ရဲ့ အုပ်ချုပ်နယ်မြေ အတွင်းမှာ လုပ်ရမယ့် အလုပ်တွေတော့လည်း ဆက်လုပ်သွားမှာပဲ” ဟု ပဒိုမန်းမန်းက ပြောသည်။  

၂၀၂၀ ပြည့်နှစ် (၇၁) ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ကို KNLA တပ်မဟာ (၅) ဌာနချုပ် ဒေးပူနိုတွင်သာ ကျင်းပခဲ့၍ ယခုအကြိမ်ကိုလည်း အဆိုပါနေရာတွင် ဆက်လက် ကျင်းပရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဇန်နဝါရီလ  ၂၂ ရက်နေ့တွင် KNU သို့ စာပို့ခဲ့ခြင်းလည်း ဖြစ်သည်။  

အဆိုပါကိစ္စနှင့် ပတ်သက်၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မောင်မောင်လတ်ကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ မန္တလေးဘက် ရောက်နေ၍ မြေပြင်အခြေအနေကို မသိရသေးကြောင်း ဖြေကြားသည်။  

ကရင်အမျိုးသားအစည်းအရုံး (KNU/ KNLA) ၏ တပ်မဟာ (၅) နယ်မြေသည် တပ်မတော်နှင့် စစ်ရေးတင်းမာနေပြီး ထိတွေ့မှု ရှိနေသည့် ဒေသလည်းဖြစ်သည်။ ထို့ကြောင့် တပ်မတော်နှင့် KNU ထိပ်တန်းအရာရှိတို့ တွေ့ဆုံရန် ပြောကြားနေကြသော်လည်း ဆွေးနွေးပွဲမှာ အထမမြောက်သေးပေ။   

“ငါးနှစ်တာကာလ ဆွေးနွေးလာတာ ဆက်လက် ဆွေးနွေးရန်၊ ဆက်လက်ဆွေးနွေးရန်နဲ့ပဲ သဘောထား တက်လာတဲ့အခါကျတော့ ကျွန်တော်လည်း အဲဒီအပေါ်မှာလည်း သိပ်မျှော်လင့်လို့ မရဘူး ပြောရမှာပေါ့နော်၊ ဆွေးနွေးပွဲ ရှိသည့်တိုင်အောင်တော့” ဟု ပဒိုမန်းမန်းက ဆိုသည်။  

အကြောင်းအရင်းမှာ KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်း ပစ်ခတ်မှုများ လုပ်နေသည်ဟု တပ်မတော်ဘက်မှ ထုတ်ပြန်နေပြီး KNLA ဘက်မှလည်း တပ်မတော်က နယ်မြေကျော်လွန်လာခြင်းကြောင့် တိုက်ပွဲဖြစ်ရသည်ဟု တုံ့ပြန်နေကြသည်။   

မည်သို့ပင် ဆိုစေကာမူ စစ်ရေးတင်းမာမှုများ၏ နောက်ဆက်တွဲ အနေဖြင့် ဒေသခံ ထောင်နှင့်ချီကာ မိမိတို့၏ နေရပ်များမှ စွန့်ခွာထွက်ပြေးနေကြရသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly