ထိုင်းရဲက မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်မှု တရားရုံးတင်ရေး စောင့်ဆိုင်းနေရဆဲဖြစ်

ထိုင်းရဲက မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်မှု တရားရုံးတင်ရေး စောင့်ဆိုင်းနေရဆဲဖြစ်
Photo- AAC

ရန်ကုန်၊ ဇန်နဝါရီ ၂၁  

ထိုင်းနိုင်ငံ ကော့စမွေကျွန်း ဘိုဖွတ်ရဲစခန်းတွင် အချုပ်ကျစဉ်ကာလအတွင်း စခန်းရှိ ရဲတစ်ဦးက  အဓမ္မပြုကျင့်သည်ဆိုသောအမှုနှင့်ပတ်သက်၍ အမှုကို တရားရုံးတင်နိုင်ရေးလုပ်ဆောင်နေရာတွင် ဆေးစာကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်။  

ဇန်နဝါရီ ၁၈ ရက်နေ့က တရားလိုအမျိုးသမီးကို တရားရုံးမှ ကြိုတင်ထွက်ချက်ယူခဲ့ပြီး ၁၉ ရက်နေ့တွင် အဆိုပါ အမျိုးသမီးအား ဘိုဖွတ်ရဲစခန်းမှနေ၍ ဆူရတ်ဌာနီပြည်နယ်ရှိ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။  

“ ဆေးစစ်ထားတဲ့ဆေးစာ၊ DNA စစ်ထားတဲ့ဆေးစာက ဘန်ကောက်ကပြန်ရောက်လာမှ အမှုတွဲက တရားရုံးတင်လို့ရမှာလေ။ သူတို့ကို ကျွန်တော်မေးချက်အရက တစ်လအတွင်းမှာရောက်ပါမယ်လို့ပြောပါတယ်ဗျ။ ဆေးစစ်ချက်က။ အခုဟာက တနေ့ကစစ်တဲ့ကိစ္စက ကလေးမလေးကိုစစ်ဖို့ ကြိုတင်ထွက်ချက်ယူတဲ့သဘောပါပဲ” ဟု ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်။  

Photo- AAC

အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးရုံးတွင် ကျူးလွန်ခံရသူမိန်းကလေးကို အမှုရင်ဆိုင်ပြီးစီးသည် အထိထားရှိမည်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကုစားရေးများနှင့် လက်မှုပညာသင်ကြားရေးများကို ဆောင်ရွက်ပေးရန် ရှိကြောင်း ၎င်းကဆိုသည်။  

  ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကျူးလွန်သည်ဟုဆိုသော ဘိုဖွတ်ရဲစခန်းမှ ရဲဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် ဘတ် လေးသိန်းတန် အာမခံပေးခဲ့သည်။  
 
တရားခံကို ရဲတပ်ဖွဲ့မှထုတ်ပယ်ထားပြီး အဓမ္မပြုကျင့်မှု၊ တာဝန်ဝတ္တရားပျက်ကွက်မှု၊ အချုပ်ခန်းတံခါးအား အမိန့်မပါဘဲဖွင့်မှုများဖြင့် တရားစွဲထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။  

အဆိုပါကိစ္စနှင့်ပက်သက်၍ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ ဇန်နဝါရီ ၁၉ ရက်နေ့ကတွေ့ဆုံခဲ့ကြပြီး ကျူးလွန်သူကိုသာမက၊ အားပေးအားမြှောက်လုပ်သူများကိုပါ ဖော်ထုတ်ပြီးအရေးယူပေးရန် မြန်မာဘက်ကတောင်းဆိုခဲ့ကြောင်းသိရသည်။  

Photo- AAC

စွပ်စွဲခံရသူ ရဲ ဒုတပ်ကြပ်သည် ဇန်နဝါရီ ၁၃ ရက်နေ့က မြန်မာအမျိုးသမီးကို အချုပ်မှ ခေါ်ထုတ်သွားကာ နံနက်စောစောတွင် ပြန်ပို့ခဲ့ခြင်း ဖြစ်ကာ ယင်းဖြစ်စဉ်ကို ကျန်အချုပ်သားများမှ တွေ့မြင်ပြီးနောက် အဆိုပါ အမျိုး သမီးကို မေးမြန်းကာ နောက်တစ်နေ့ အချုပ်သို့ အထက်အရာရှိ လာရောက် စစ်ဆေးစဉ် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။  

ထို့နောက် အဆိုပါ အမျိုးသမီး၏ မိသားစုမှ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ တိုင်ကြားသဖြင့်၊ ယင်း ရဲ ဒုတပ်ကြပ်ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required