၇၆ နှစ်မြောက်တပ်မတော်နေ့ကို ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပမည် 

၇၆ နှစ်မြောက်တပ်မတော်နေ့ကို ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပမည် 
Photo - AFP

ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ပျံ့နှံ့မှုများကြောင့် ၇၅ နှစ်မြောက်တပ်မတော်နေ့ကိုဆိုင်းငံ့ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင်ကျရောက်မည့် ၇၆ နှစ်မြောက်တပ်မတော်နေ့ကိုမူ ကိုဗစ်စည်းကမ်းနှင့်အညီကျင်းပသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှသိရသည်။ 

ကြည်၊ ရေ၊ လေတပ်ဖွဲ့ဝင်များ၏ စစ်ရေးပြအခမ်းအနားများပါဝင်သော ၇၆ နှစ်မြောက်တပ်မတော်နေ့ကို လာမည့် မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရန်စီစဉ်နေခြင်းလည်းဖြစ်သည်။ 

“၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာကျရောက်မယ့်  ၇၆ နှစ်မြောက်တပ်မတော်နေ့ကိုတော့ ကျွန်တော်တို့ ၇၅ နှစ်မြောက်တပ်မတော်နေ့နဲ့ပေါင်းပြီးစီစဉ်ဖို့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ အဲ့လိုဆောင်ရွက်တဲ့အခါမှာလည်း COVID-19 ဖြစ်ပေါ်နေတဲ့အခြေအနေတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီဆောင်ရွက်သွားမှာဖြစ်တယ် ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။ 

အသေးစိတ်အစီအစဉ်များကို ဆွေးနွေးနေကြစဲဖြစ်ကာ ခေတ်အဆက်ဆက်မှ တပ်မတော်၏ သမိုင်းကိုပေါ်လွင်စေရန်ပြသနိုင်ဖို့ ဆောင်ရွက်နေကြောင်းလည်းပြောသည်။ 

၇၅  နှစ်မြောက် တပ်မတော်နေ့ စိန်ရတုအခမ်းအနားသို့ NLD နာယက ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးနှင့် ဗိုလ်ချုပ် စမစ်ဒွန်း မိသားစုအပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ အားလုံးကိုဖိတ်ကြားမည်ဟုပြောဆိုခဲ့ဖူးသည်။ 

အခမ်းအနားအစီစဉ်နှင့်ပက်သက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အသေးစိတ်ကတော့ ကျွန်တော်တို့ဆွေးနွေးနေစဲပဲရှိပါသေးတယ်။ လုပ်ဖြစ်မှာကတော့သေချာပါတယ်” ဟု ဆိုသည်။ 

၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းက မြန်မာတပ်မတော်၏ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်စမစ်ဒွန်း(ကွယ်လွန်)၏ မိသားစုများရှိရာ ကလောမြို့ နေအိမ်သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ပြီးနောက် ဗိုလ်ချုပ်စမစ်ဒွန်း၏ အုတ်ဂူကိုလည်း သွားရောက် ဂါရဝပြုခဲ့သေးသည်။ 

NLD ပါတီ နာယက တဦးဖြစ်သည့် သူရ ဦးတင်ဦးသည် ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်အား ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သို့သော် ၎င်း၏ကျန်းမာရေးအခြေအနေအရ တပ်မတော်နေ့ စိန်ရတုအခမ်းအနားသို့တက်ရောက်ရန်မသေချာကြောင်း NLD ဘက်မှ ထိုစဉ်ကပြောဆိုခဲ့သည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများမှာ ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီးတင်ဦး၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဖြစ်သည်။ 

သို့သော်လည်း မြန်မာနိုင်ငံတွင်းသို့ပါ လျှင်လျှင်မြန်မြန်ကူးစက်လာခဲ့သည့် COVID-19 ကပ်ရောဂါကြောင့် စိန်ရတုအခမ်းအနားကို ခေတ္တဆိုင်းငံ့ခဲ့ရ၍ ယခုတစ်ကြိမ်တွင်လည်း ကာကွယ်ရေးဦးစီးချုပ်ဟောင်းများကိုထပ်မံဖိတ်ကကြားဖွယ်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly