“ဝ” ဒေသကို ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် “ဝ”အမျိုးသားပါတီ (WNP)က NLD ထံတောင်းဆို  

“ဝ” ဒေသကို ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် “ဝ”အမျိုးသားပါတီ (WNP)က NLD ထံတောင်းဆို  
Photo: Ye Aung Thu/AFP

ရန်ကုန်၊ ဇန်နဝါရီ ၁၆  

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ပေးရန် “ဝ” အမျိုးသားပါတီ (WNP) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် တောင်းဆိုခဲ့ကြောင်း WNP ပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်ကပြောသည်။  

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ NLD ရုံးတွင် ဇန်နဝါရီ ၁၅ ရက်နေ့ကတွေ့ဆုံစဉ် ဖက်ဒရယ်အရေးကိစ္စများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များပြောပြစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း WNP ပါတီ ဥက္ကဋ္ဌကပြောသည်။  

“ကျွန်တော်တို့ကို ပြည်နယ်ကိုတောင်းဆိုတယ်။ ဒီနေ့အထိလည်းတောင်းဆိုတယ်။ အနာဂတ်မှာလဲ တောင်းဆိုရမှာပဲ။ ဒါကဘာဖြစ်လို့လဲဆိုတော့ “ဝ” လူမျိုးတို့ရဲ့ သီးခြားမြေသားပထဝီအနေအထားအရ ရှိနေတဲ့အတွက် အုပ်ချုပ်ရေးသဘောအရ ရောနှောပြီးဆောင်ရွက်တဲ့ ကိစ္စလေးတွေလည်းမဖြစ်နိုင်ဘူး။ သီးခြားဆောင်ရွက်ပေးမှသာလျင် ရပ်တည်မှုကပိုမိုပြီး ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်မယ် ဆိုတဲ့အနေအထားကြောင့်ပါ” ဟု ဦးဆိုင်ပေါင်းနပ်ကပြောသည်။  

ထို့အပြင် “ဝ” လူမျိုးများအနေဖြင့် သီးခြားရပ်တည် ဂုဏ်ယူချင်၍ ယခုကဲ့သို့ ပြည်နယ်အဆင့် ထပ်တိုးတောင်းဆို ခြင်းမဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။  

“ဝ” ဒေသသည် အချို့သောတိုင်းရင်းသားဒေသများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုနောက်ကျနေပြီး စာပေတတ်မြောက်မှုနှုန်းလည်း နည်းပါးသည့်အတွက် ပြည်နယ်အဆင့်သတ်မှတ်ပေးပါက ယခုထက်ပိုမိုထိရောက်စွာ လုပ်ငန်းဆောင်ရွက်နိုင်မည်ဟုလည်း ဦးဆိုင်ပေါင်းနပ်က ပြောသည်။  

“ဝ” အမျိုးသားပါတီ အနေဖြင့်  ပြည်နယ်သတ်မှတ်ပေးရေးကိစ္စအပြင် NLD ရွေးကောက်ပွဲအနိုင်ရမှုကိုကြိုဆိုပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ပါဝင်ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် NLDပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်ကပြောသည်။  

“အဲ့တာတွေက အမြဲတမ်းကျွန်တော်တို့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုပြောနေကြပါ။ တင်ပြမယ့်ဟာတွေအကုန်လုံး လွတ်လွတ်လပ်လပ်တင်ပြပါ။ ကျွန်တော်တို့ကတော့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အထက် CEC ဘက်ကို ကျွန်တော်တို့ အကုန်လုံးတင်ပြပေးပါ့မယ်။ ဒါပဲ။ သူတို့ပြောကြားချက်ကို တင်ပြပေးတာပဲရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ အဖြေပေးတာ ဘာမှမရှိပါဘူး” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။  

အကယ်၍ “ဝ” ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြတ်သတ်မှတ်မည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များကို ပြင်ဆင်ရမည်လည်းဖြစ်သည်။  

“ဝ” တပ်ဖွဲ့ (UWSA) ကလည်း ၂၀၁၃ ခုနှစ်တွင်တစ်ကြိမ် "ဝ" ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့်သည့် ၂၀၁၉ ခုနှစ်တွင်တစ်ကြိမ် ပြည်နယ်အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုခဲ့ဖူးသည်။  

ဝဒေသကို ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ မြို့နယ် ခြောက်မြို့နယ်၊ ခရိုင်နှစ်ခုပါဝင်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required