ဟုမ္မလင်းတွင် NLD ရပ်/ကျေး ဒု ဥက္ကဋ္ဌကို လက်နက်ကိုင်တစ်စုက ဖမ်းဆီး  

ဟုမ္မလင်းတွင် NLD ရပ်/ကျေး ဒု ဥက္ကဋ္ဌကို လက်နက်ကိုင်တစ်စုက ဖမ်းဆီး  

ရန်ကုန်၊ ဇန်နဝါရီ ၁၄  

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွေတွင်းကျေးရွာတွင် နေထိုင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရပ်ကွက်/ကျေးရွာအုပ်စု ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးလွင်မောင်ထွေးကို လက်နက်ကိုင်တစ်စုမှ ဖမ်းဆီးသွားကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။  

ဇန်နဝါရီ ၁၃ ရက်နေ့ ည ၇ နာရီမှ ၈ နာရီကြား အချိန်တွင် အရပ်ဝတ်ဖြင့် လက်နက် ကိုင်ဆောင်ထားသော လူ ၁၈ ဦးက နေအိမ်ပေါ်သို့တက်ကာ ဆွဲခေါ်သွားခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ဆိုသည်။  

“ဘာအကြောင်းအရာ ဆိုတာက သေသေချာချာကြီး မသိသေးဘူး။ စုံစမ်းနေတုန်း။ ဘယ်အဖွဲ့က ဆိုတာလည်း သေသေချာချာ မသိဘူး။ ဒီဘက်မှာက လှုပ်ရှားနယ်မြေက KIA အဖွဲ့ရှိတယ်။ SNA ရှမ်းနီအဖွဲ့ ရှိတယ်။ နောက် တပ် (တပ်မတော်) လည်း ရှိတယ်။ သုံးဖွဲ့ရှိတယ်” ဟု ဦးကျော်ဌေးလွင်က ရှင်းပြသည်။  

ထို့ကြောင့် ကချင်အဖွဲ့ KIA ရှမ်းနီအဖွဲ့ SNA တို့ထံ မဇ္ဈိမက ဆက်သွယ်သော်လည်း ဖုန်းစက် ပိတ်ထားကြသဖြင့် ဆက်သွယ်၍ မရခဲ့ပါ။ အဆိုပါကိစ္စနှင့် ပတ်သက်၍ NLD ဗဟိုမှ ပြောခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကမူ ၎င်းကြားသိချက်များအရ ဦးစိုင်းပန်၏ SNA အဖွဲ့က ဖမ်းဆီးသည်ဟု ဒေသခံများက ထင်ကြေးပေးနေကြသည်ဟု ဆိုသည်။   

“ကျွန်တော်တို့ကတော့ သူ့ကို ပြန်လွှတ်ဖို့၊ နောက် ဖမ်းဆီးခံထားရသူရဲ့ ကျန်းမာရေးနဲ့ အသက်အိုးအိမ် အာမခံဖို့ တောင်းဆိုတာပဲ လုပ်ချင်ပါတယ်။ ပါတီဝင်တွေကို သွားလာလှုပ်ရှားတဲ့အခါ နိုင်ငံရေးသတိနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ သူတို့အတွက် အခုလို ဖမ်းဆီးခံရတာမျိုး၊ တခြားသော ဘေးတွေ ကျရောက်နိုင်တဲ့ အန္တရာယ်တွေက ရှိနေလို့ပါ” ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။  

ယခု ဖမ်းဆီးခံရသူ NLD ရပ်/ကျေး ဒု ဥက္ကဋ္ဌ ဦးလွင်မောင်ထွေးသည် ရပ်/ကျေး ဥက္ကဋ္ဌဖြစ်သူနှင့် မကြေလည်မှု ရှိထားသော်လည်း အခြားသော ပြဿနာများ မရှိကြောင်းလည်း ဒေါက်တာ မျိုးညွန့်ထံမှ သိရသည်။  

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရပ်ကျေး ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ခရီးလွန်နေကြောင်းနှင့် ဖမ်းဆီးခံရသည့် သတင်းကို ဖုန်းမှတစ်ဆင့်သာ ကြားသိထားရသေးကြောင်း ပြောသည်။  

NLD ပါတီဝင်များထဲမှ ဦးဝှေ့တင်း အပြင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ကိုယ်စားလှယ်လောင်းများဖြစ်သော ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော တို့သည်လည်း ရခိုင့်တပ် AA အဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် မကြာသေးမီက ပြန်လည် လွတ်မြောက်လာခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly