AA ကိုအကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးဖို့ ရခိုင်လွှတ်တော်တွင်အဆိုတင်  

 AA ကိုအကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးဖို့ ရခိုင်လွှတ်တော်တွင်အဆိုတင်  

ဇန်နဝါရီ ၁၁ ရက် 

ရန်ကုန်။     ။ လူထုမှတောင်းဆို၍ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်ဟုဆိုကာ ရခိုင့်တပ် (AA) ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့်အဆိုကို ဇန်နဝါရီ ၁၁ ရက်က ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။  

မြောက်ဦးမဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုကိုလွှတ်တော်တွင်ဆက်ဆွေးနွေးရန် ဇန်နဝါရီ ၁၃ ရက်နောက်ဆုံးထား အမည်စာရင်းတင်သွင်းဖို့ လွှတ်တော်ဉက္ကဋ္ဌကကြေညာခဲ့သည်။  

 “နှစ်ဖက်မြေပြင်မှာ အသက်နဲ့လုပြီးတိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေတောင်နားလည်မှုရပြီးတော့မှတော့ အစိုးရကအဲ့တာကို ဘာကြောင့် ဒီပုဒ်မကိုမပယ်ဖျက်နိုင်ရမှာလဲ။ အစိုးရကလည်းပဲ ငြိမ်းချမ်းရေးကိုလိုလားတဲ့အစိုးရ။ ထာဝရငြိမ်းချမ်းရေးကိုသွားမယ်လို့ ကြေငြာထားတဲ့အစိုးရဆိုတော့ အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားရင်တော့ အဟန့်အတားဖြစ်နေတဲ့ ပုဒ်မတွေ၊ အတားအဆီးဖြစ်နေတဲ့ အမည်နာမတွေကိုတော့ ဖြုတ်ချရမှာပဲ” ဟု ဦးထွန်းသာစိန်ကပြောသည်။  

AA အဖွဲ့ကိုအကြမ်းဖက်အဖြစ်သတ်မှတ်ထား၍ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အတားအဆီးဖြစ်ရုံသာမက AA နှင့်ဆွေးနွေးသည့်တပ်မတော်သည်လည်း ဉပဒေအရဆိုပါကလည်း မညီကြောင်း၎င်းကဆိုသည်။  

သို့သော် ဉပဒေအရဆိုပါက ရခိုင်လွှတ်တော်တွင် အဆိုတင်အောင်မြင်ခဲ့ပါကလည်းထိရောက်မှုရှိဦးမည်မဟုတ်ဘဲ ပြည်ထောင်စုအဆင့်ကို တင်ပြရဦးမည်ဖြစ်ကြောင်း ဉပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။  

လက်ရှိတွင် လွှတ်တော်အသစ်စတင်ရမည့်ကာလရောက်ရှိနေ၍ နောက်လွှတ်တော်သက်တမ်းကျမှ ယခုအဆိုကို အတည်ပြု ဆုံးဖြတ်၍ရနိုင်မည်ဟုလည်း ၎င်းကသုံးသပ်သည်။  
 
“အဲ့ဉပဒေကြီးမဖျက်ဘဲနဲ့ဆိုရင်တော့ အစိုးရရော၊ တပ်မတော်ရော အကြမ်းဖက်သမားကိုအားပေးတဲ့သူတွေဖြစ်ကုန်မယ်။ သူတို့ကိုယ်တိုင်ကပေါ့နော်။ အဲ့ဉပဒေကြီးရှိနေလို့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်းတက်လို့မရဘူး” ဟု ဦးကြီးမြင့်က ပြောသည်။  

ထို့အပြင် ဉပဒေကြောင်းအရဆိုပါက AA ကို ၂၀၂၀ ခုနှစ် မတ်လအတွင်း အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီးနောက်ပိုင်း AA နှင့်ပက်သက်ပြီး စွဲဆိုထားသောအမှုများမှာလည်း ပျက်ပျယ်သွားမည်မဟုတ်သေးကြောင်းလည်း ဦးကြီးမြင့်ကရှင်းပြသည်။  

၂၀၁၉ ခုနှစ် မေလမှတင်ကာ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်တွင်း  အကြမ်းဖက်ဉပဒေနှင့် စွဲဆိုသည့်အမှု ၉၃ မှု မှ ၂၆၇ဦး  ရှိပြီး AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်မသတ်မှတ်မီထဲက တိုက်ပွဲဖြစ်ပွားဒေသမှ လူများစွဲဆိုခံခဲ့ရကြောင်း စစ်တွေအခြေစိုက် Thazin Legal Institute အဖွဲ့မှသိရသည်။

သို့သော် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာပြီးသည့်နောက်ပိုင်း အကြမ်းဖက်ဉပဒေဖြင့် စွဲဆိုမှုပိုမိုများပြားလာခဲ့သည်။

လူငယ် အသက်၂၀ ကျော်ဝန်းကျင်အများစုစွဲဆိုခံရပြီး အများသောအားဖြင့် AA တပ်ဖွဲ့ဝင်ဟု ယူဆရသူ၊ သို့တည်းမဟုတ် AA နှင့်ပက်သက်ဆက်နွယ်သည်ဟုသံသယဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။

ယခင်က AA ကိုအကြမ်းဖက်အဖွဲ့မှပယ်ဖျက်ပေးရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ တအာဝ်းအဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ကတောင်းဆိုခဲ့ဖူးသော်လည်း အစိုးရမှတုံ့ပြန်ခြင်းမရှိခဲ့ပေ။  

သို့သော် အထက်ပါလေးဖွဲ့ပါဝင်သော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ ၂၀၁၉ နိုဝင်ဘာအထိဆိုပါက ခုနှစ်ကြိမ်ထက်မနည်းတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။  

ထိုသို့တွေ့ဆုံပြီး တစ်နှစ်ကျော်အကြာ ဇန်နဝါရီလအတွင်းတွင် မြောက်ပိုင်း (၄) ဖွဲ့နှင့်တွေ့ဆုံရန် အစိုးရမှ ကမ်းလှမ်းထား၍ အဆိုပါဆွေးနွေးပွဲတွင် AA ကိုအကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးရေးကိစ္စပါ ထဲ့သွင်းဆွေးနွေးဖွယ်လည်းရှိနေပြန်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly