NLD ၏ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ကယားပြည်နယ်သို့ သွားမည်

NLD ၏ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ကယားပြည်နယ်သို့ သွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၀၊ ၂၀၂၁ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဆွေးနွေးရေး ကိုယ်စားလှယ်များသည် ကယားပြည်နယ်ရှိ အနိုင်ရပါတီအချို့နှင့် ဆွေးနွေးရန် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့သို့ ထွက်ခွာကြမည်ဖြစ်ကြောင်း ကိုယ်စားလှယ်အဖွဲ့ဝင် ဦးအင်ထုံခါးနော်ဆန်က မဇ္ဈိမသို့ ပြောသည်။  

NLD အနေဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအပြီး တိုင်းရင်းပါတီ ၄၈ ပါတီကို ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီးနောက် လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။  

“လောလောဆယ်ကတော့ ကျွန်တော် ကြုံခဲ့တဲ့ဟာ ကချင်ပေါ့နော်။ မွန်မှာတော့ မဖြစ်လိုက်ဘူးလေ။ အဲဒီ အနေအထားအရဆိုရင် နိုင်တဲ့ပါတီတွေကိုပဲ တွေ့တဲ့သဘော။ နိုင်တဲ့ပါတီထဲက နိုင်တဲ့ကိုယ်စားလှယ်ပေါ့။ မနေ့က ဒေါက်တာ အောင်မိုးညိုကိုတော့ ကျွန်တော် အသေးစိတ် မမေးလိုက်ဘူး။ ကယားဘက်သွားဖို့ အစီစဉ်ရှိတယ်ဆိုတာလေးပဲ သူပြောတာ။ မနက်ဖြန် သွားမယ်တဲ့” ဟု ဦးအင်ထုံခါးနော်ဆန်က ပြောပြသည်။  

ထို့ကြောင့် တိတိကျကျသိရရန် ဒေါက်တာ အောင်မိုးညိုထံ ဖုန်းဖြင့်ဆက်သွယ်သော်လည်း လတ်တလော ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။  

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ် အနိုင်ရပါတီတစ်ခုဖြစ်သည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) သို့ မေးမြန်းရာ NLD ဘက်မှ မည်သည့်နေ့၊ မည်သည့်နေရာတွင် တွေ့ဆုံမည်ကို အကြောင်းမကြားသေးဟု ဆိုသည်။  

သို့သော်လည်း တွေ့ဆုံမည့်ကိစ္စကို လွန်ခဲ့သည့်တစ်ပတ်အကြာက ဖုန်းဖြင့် အကြမ်းဖျဉ်း ပြောဆိုထား၍ ကိုယ်စားလှယ် ငါးဦးနှင့် ဆွေးနွေးမည့် အချက် ခြောက်ချက်ကို စီစဉ်ထားရှိပြီးကြောင်းလည်း ပြောသည်။  

“ပြည်ထောင်စုအစိုးရ မဟုတ်လည်း ပြည်နယ်အစိုးရဖွဲ့ရာမှာ NLD အနေနဲ့ ဘယ်လိုမျိုး ဖွဲ့သင့်တဲ့အကြောင်း၊ တိုင်းရင်းသားတွေနဲ့ ဘယ်လိုမျိုး တိုင်ပင်ပြီးမှ ဖွဲ့သင့်သလဲ အကြောင်းက နံပါတ် (၁) ပေါ့။ နောက်တစ်ခုက အစိုးရနဲ့ ပြည်နယ်လွှတ်တော် ကိစ္စပေါ့နော်။ နောက်တစ်ခုက မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး၊ နောက်တစ်ချက်က ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေး။ နောက်ဆုံး တစ်ခုကတော့ အနာဂတ် ဖက်ဒရယ်ပုံစံကို ကျွန်တော်တို့ အတူတကွ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားမလဲ ဆိုတာမျိုးတွေပါ” ဟု ရှားတောမြို့မှ ပြည်နယ်အမှတ် (၁) အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ခူးဘိုးရယ်က ပြောသည်။  

NLD ကိုယ်စားလှယ်အဖွဲ့သည့် ကယားပြည်နယ်သို့ မသွားရောက်မီ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) နှင့်တွေ့ဆုံခဲ့ပြီး မွန်ညီညွတ်ရေးပါတီ (MUP) နှင့် တွေ့ဆုံရေးတွင်မူ နေရာကိစ္စကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့သည်။  

အဆိုပါအချက်နှင့် ပက်သက်၍ ကယားပြည်နယ် NLD ရုံးချုပ်တွင်သာ တွေ့ဆုံကြရန် ပြောဆိုလာပါက တွေ့ဆုံရန် ဖြစ်နိုင်ခြေ နည်းသွားနိုင်သည်ဟုလည်း KySDP က ပြောသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly