MUP နှင့် ထပ်မံတွေ့ဆုံရေး ဒီချုပ် CEC အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် မူတည်ဟု ဒေါက်တာ အောင်မိုးညိုပြော 

MUP နှင့် ထပ်မံတွေ့ဆုံရေး ဒီချုပ် CEC အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် မူတည်ဟု ဒေါက်တာ အောင်မိုးညိုပြော 

ရန်ကုန်၊ ဇန်နဝါရီ ၄၊ ၂၀၂၁ 

တွေ့ဆုံဆွေးနွေးမည့် နေရာကိစ္စကြောင့် ဆွေးနွေးပွဲ မဖြစ်မြောက်ခဲ့သည့် အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့အကြား ထပ်မံတွေ့ဆုံရေးသည် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ၏ အဆုံးအဖြတ်ပေါ် မူတည်ကြောင်း ဆွေးနွေးရေးအဖွဲ့ကို ဦးဆောင်သည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောဆိုလိုက်သည်။  

NLD ကိုယ်စားလှယ်အဖွဲ့သည် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံရန် မော်လမြိုင် ကမ်းနားလမ်းရှိ ပြည်နယ် NLD ရုံးကို ရွေးချယ်ထားပြီး မွန်ညီညွတ်ရေးပါတီက နှစ်ဖက်ပါတီ ရုံးမဟုတ်သည့် တတိယနေရာ တစ်ခုတွင် တွေ့ဆုံကြရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။  

“ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ပြန်တင်ပြမှာပဲ။ တင်ပြလို့ ဗဟို အလုပ်အမှုဆောင်က ပြန်ပြီးတော့သွားပါ၊ သူတို့ကြိုက်တဲ့နေရာ ဆွေးနွေးပါဆို ဆွေးနွေးရုံပေါ့။ အဲ့လိုမှ မဟုတ်ဘဲနဲ့ ဘာမှထပ်ပြီး မညွန်ကြားရင်တော့ ကျွန်တော်တို့က ဒီအတိုင်းပဲ နေရမှာပေါ့။ အခု မြစ်ကြီးနားက လာတာလေ။ နေပြည်တော်မှာ အိပ်တယ်။ မနက်စာ စားပြီးတာနဲ့ မော်လမြိုင်ကို ဆက်ထွက်လာတာ။ ဒီကပြန်ရင်လည်း ဒီအစီရင်ခံစာတွေ တင်ပြီးတော့ ကျန်တာ တိုင်းရင်းနိုင်ငံရေး ပါတီနဲ့တွေ့ဖို့ ဘာညွှန်ကြားဦးမလဲ မသိဘူး။ အဲဒီ ဆက်သွားရဦးမှာ” ဟု NLD ကိုယ်စားလှယ်အဖွဲ့ဝင်၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက မဇ္ဈိမကို ပြောသည်။  

MUP ပါတီဘက်မှ တတိယ နေရာမဟုတ်ပါက မလာနိုင်ဟု ကြိုတင် အကြောင်းကြားထားသော်လည်း NLD ကိုယ်စားလှယ်များက ပြည်နယ်ရုံးတွင် နံနက် ၉ နာရီမှ ၁၀ နာရီအထိ တစ်နာရီကြာ စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။  

NLD အနေဖြင့် MUP ပါတီအား လေးစား ဂုဏ်ပြုသည့်အနေဖြင့် ပြည်နယ်ပါတီရုံးတွင် တွေ့ဆုံရန် CEC အဖွဲ့မှ ညွှန်ကြားခြင်းဖြစ်ကြောင်းလည်း ဒေါက်တာ အောင်မိုးညိုက ပြောသည်။ သို့သော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန်ညီညွတ်ရေးပါတီဘက်မှလည်း သီးခြား အမြင်တစ်မျိုး ရှိနေသည်။  

“ကျွန်တော်တို့ တွက်တာက ဒီမှာ တခြားပါတီတွေနဲ့လည်း ဆွေးနွေးပွဲ လုပ်ခဲ့ဖူးတာ ရှိတယ်လေ။ ဥပမာ USDP (ပြည်ခိုင်ဖြိုးပါတီ ဥကဋ္ဌ) ဦးသန်းဌေး ကိုယ်တိုင်လာတာတောင် သူတို့ပါတီရုံးက ဒီလောက်ကောင်းတာကို မဖိတခေါ်ဘူး။ တခြားနေရာတစ်ခုကို ဖိတ်ခေါ်တယ်။ အဲ့ဒါကြောင့် ပါတီတစ်ခုနဲ့ တစ်ခုအပေါ် လေးစားမှုပေါ့ဗျာနော်။ အသိမှတ်ပြုမှုပေါ့၊ ကျွန်တော်တို့ ပြောတာ” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။  

အလားတူ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီ တို့မှ လာရောက်တွေ့ဆုံသည့် အခါတွင်လည်း တတိယနေရာတွင်သာ တွေ့ကြရန် MUP အနေဖြင့် တောင်းဆိုလေ့ရှိကြောင်းလည်း ၎င်းက ပြောသည်။  

MUP အနေဖြင့် NLD ကို ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ ဖွဲ့စည်းရေးတွင် တိုင်းရင်းသားပါတီများကို မည်ကဲ့သို့ ထည့်သွင်း စဉ်းစားသင့်ကြောင်း ပါဝင်သည့် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရေး စာတမ်းတစ်စောင် ပေးအပ်အကြံပြုရန် အဖွဲ့ဝင် ငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းထားခဲ့ကြောင်းလည်း သိရသည်။  

သို့သော် တတိယနေရာတွင် တွေ့ဆုံကြရန် NLD ဘက်မှ မလိုက်လျောနိုင်သည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အစိုးရ လွတ်တော်တွင်း တိုင်းရင်းသားများအား နေရာပေးမည်ဟု ပြောဆိုချက်များအပေါ် စဉ်းစားစရာ ဖြစ်လာကြောင်းလည်း နိုင်စံတင်က ပြောသည်။  

NLD ပါတီအနေဖြင့် တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် ဘုံသဘောတူညီချက် ရရေးအတွက် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန် တို့ကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly