လာမည့် အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်မည်ဟုဆို 

လာမည့် အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်မည်ဟုဆို 

ရန်ကုန်၊ ဇန်နဝါရီ ၁  

လာမည့် အစိုးရသက်တမ်း ငါးနှစ်တာ ကာလအတွင်း ပြည်သူများအပါအဝင် အဓိက အင်အားစုများ ပါဝင်နိုင်မည့် “၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှုအသစ်” ကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။  

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ် ပြောကြားသည့် မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။  

“ပင်လုံစာချုပ် လက်မှတ်ရေးထိုးမှု နှစ်ပေါင်း (၇၅) နှစ်ပြည့်မြောက်မယ့် စိန်ရတုနှစ် ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ ပြည်ထောင်စုရဲ့ပန်းတိုင်ကို အတူတကွ ဆက်ပြီးလျှောက်လှမ်းသွားမယ့်လမ်းကြောင်းတွေ ခိုင်ခိုင်မာမာ ထင်ထင်ရှားရှား လှမ်းမြင်နေရတဲ့ အားတက်ဖွယ်ရာ အခြေအနေတစ်ရပ်ကို ရောက်ရှိလာဖို့ ရည်မှန်းချက်ထားပြီး ၂၀၂၀ အလွန်ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်းကဆိုသည်။  

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကိုချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပြီး ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချဉ်းကပ်မှုပုံစံအသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။  

  ၂၁ရာစု ပင်လုံအစည်းအဝေးများတွင် သဘောတူခဲ့သည့် အချက်များကို ပြောင်းလဲခြင်းမပြုနိုင်သော်လည်း ဝေဖန်မှုများရှိနေသည့် လက်ရှိ NRPC ၏ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းမှုအချို့လုပ်နိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။  

  “ဒီရဲ့လုပ်ငန်းတွေကိုက အရင် ဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်တဲ့သူတွေရဲ့ လှုပ်ရှားတဲ့အခြေအနေမျိုးကိုမရောက်ရှိဘူးပေါ့ဗျာ။ အဲ့တာကြောင့် နေရာအပြောင်းအလဲတွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာအပြောင်းအလဲတွေ၊ နောက်ပြီး လုပ်ငန်း၊ လုပ်ထုံးလုပ်နည်းစနစ်တွေအပြောင်းအလဲတွေရှိလာမယ်လို့ကျွန်တော်ထင်ပါတယ်” ဟု ၎င်းကပြောသည်။

၂၀၂၀ နောက်ပိုင်း NRPC အတွင်းအပြောင်းအလဲများဖြစ်ပေါ်လာပါက လာမည့် ၅ နှစ်တာအစိုးရကာလအတွင်း တိတိပပ ပြောမရသည့်ရခိုင်ပြည်နယ်မှအပ ကျန်နေရာများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ တိုက်ပွဲများရပ်ဆိုင်းသွားမည်မျှော်လင့်ကြောင်း ဦးသန်းစိုးနိုင်က ပြောသည်။ 

NCA ထိုးထားသောအဖွဲ့မျာ’အပြင် NCA မထိုးရသေးသောအဖွဲ့များပါ အစိုးရနှင့်ပူးပေါင်းပါဝင်လာစေရေးအတွက် ချဉ်းကပ်မှုအသစ်များဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်၏ ဦးတည်ချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပေါ်ထွန်းရေးအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးပင်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required