ရုပ်ရှင်ရုံတွေပြန်ဖွင့်လျှင် ' အောင်ဆန်း' ရုပ်ရှင်နှင့် ပွဲထုတ်ရန် အစိုးရကို တင်ပြထား

 ရုပ်ရှင်ရုံတွေပြန်ဖွင့်လျှင် ' အောင်ဆန်း' ရုပ်ရှင်နှင့် ပွဲထုတ်ရန် အစိုးရကို တင်ပြထား
ဓာတ်ပုံ - အောင်ဆန်းရုပ်ရှင် (FB )

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရိုက်ကူးမှုပြီးစီးသွားပြီဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို COVID-19 ဂယက်ကြောင့် ပိတ်ထားခဲ့ရသည့် ရုပ်ရှင်ရုံများပြန်ဖွင့်တာနှင့် ပွဲထုတ်ပြသဖို့ အစိုးရကိုတင်ပြထားကြောင်း casting ဒါရိုက်တာအဖြစ်တာဝန်ယူထားသည့် ဒါရိုက်တာ ပန်းချီစိုးမိုးကပြောသည်။

လက်ရှိတွင် “အောင်ဆန်းရုပ်ရှင်” ရိုက်ကူးမှုကတော့ ၁၀၀ ရာနှုန်းပြည့်ပြီးစီးသွားခဲ့ပြီဖြစ်သော်လည်း ကွန်ပျူတာအထူးပြုလုပ်ချက်၊ အသံပိုင်းဆိုင်ရာကိစ္စ နှင့် video editing တည်းဖြတ်မှုတွေ ဆက်လုပ်နေဆဲဖြစ်သည်။

“ကျွန်တော်ထင်တယ်။ ဒီဘက်ကကိစ္စကအလွန်အကျွန် သုံးလပဲ။ မြန်ရင်တော့ နှစ်လဆို ဘာမှမကြာဘူးပြီးတယ်။ ပြသရေးကတော့ ကိုဗစ်ပေါ်မူတည်တယ်။  ပြဖို့ကတော့ ကျွန်တော် မောင်လူမင်းလည်းပြောထားတယ်။ ဝန်ကြီးလည်းကျွန်တော်ပြောထားတယ်။ ကျွန်တော့်အကြိုက်ကတော့ ကိုဗစ်ပြီးပြီးချင်း၊ ပြပြချင်း  ဗိုလ်ချုပ်ရုပ်ရှင်နဲ့စပြရင်တော့ ပိုစည်ကားသွားလိမ့်မယ်ထင်တယ်လေ။ လူတွေလည်းနည်းနည်း အဝင်/ အထွက်တွေပြန်ဖြစ်လာမယ်လို့မြင်တယ်လေ” ဟု ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောသည်။

ကွန်ပျူတာအထူးပြုလုပ်ချက်များအတွက် အိန္ဒိယနိုင်ငံမှ အဖွဲ့တစ်ဖွဲ့နှင့်လက်တွဲဆောင်ရွက်နေပြီး ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းတွင်ပြသနိုင်ရန် မျှော်လင့်နေသည်။

တည်းဖြတ်မှုများမပြီးစီးသေး၍ အတိအကျပြောမရသော်လည်း “အောင်ဆန်းရုပ်ရှင်” ၏ဇာတ်လမ်းအရှည်သည် သုံးနာရီဝန်းကျင်ရှိမည်ဖြစ်ပြီး အဓိကဇာတ်ကောင် ၄၀ ဦးဝန်းကျင်ခန့်ပါဝင်သရုပ်ဆောင်ထားကြောင်းလည်း ၎င်းကဆိုသည်။

ကိုဗစ်ကာလ ကန့်သတ်ချက်များရှိလာသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြန်လည်ရိုက်ကူးဖော်ပြမည့် " အောင်ဆန်းရုပ်ရှင်" ကို မြန်မာကျပ်ငွေ သိန်းတစ်သောင်းဝန်းကျင်အသုံးပြုပြီး တစ် နှစ်ခွဲကျော် ပြင်ဆင်ရိုက်ကူးခဲ့ရသည်။

“ ပထမ ၂၀၂၀ မှာရုံတင်ဖို့ကိုရည်ရွယ်ပြီးရိုက်တာပါဗျ။ ကိုဗစ်က ခုနှစ်လလောက်ဝင်သွားတော့ ကျွန်တော်တို့ တိုင်ပင်တွေအားလုံးအောက်သွားတာပါ ” ဟု ဒါရိုက်တာ လူမင်းကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော် လည်း ငါးနှစ်တာကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်း မရှိသောကြောင့် သာသနာရေးဝန်ကြီးဌာနက လွှဲပြောင်းရယူခဲ့သည်။ ထို့နောက် အကယ်ဒမီလူမင်းက ဒါရိုက်တာအဖြစ်တာဝန်ယူပြီး ရိုက်ကူးခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly