နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်ဂျီဟတ်တွေ တိုက်ခိုက်မှုအတွင်း လူ ၁၀ ဦး သေဆုံး

နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်ဂျီဟတ်တွေ တိုက်ခိုက်မှုအတွင်း လူ ၁၀ ဦး သေဆုံး
Photo - AFP

ဒီဇင်ဘာ ၂၈ ၊ ၂၀၂၀

ဂျီဟတ်ဝါဒီအုပ်စုဖြစ်တဲ့ ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းက ကျေးရွာသုံးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး လုံခြုံရေးဝန်ထမ်း လေးဦးအပါအဝင် လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဌာနေတွေနဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက အေအက်ဖ်ပီကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စနေနေ့က ထရပ်ကား ခြောက်စီးနဲ့ ရောက်လာတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ဘော်နိုပြည်နယ်က ရှာဖာ၊ အဇာရီနဲ့ တာရှန်းကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး အိမ်တွေနဲ့ အစိုးရအဆောက်အအုံတွေကို မီးရှို့ကြတာဖြစ်ပါတယ်။

“သူတို့တွေဟာ လူဆယ်ဦးကို သတ်ဖြတ်သွားတယ်။ အိမ်တွေ၊ ဆိုင်တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကိုလည်း မီးရှို့ကြတယ်။”လို့ ဂျီဟတ်ဝါဒီများ ဆန့်ကျင်ရေး ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဆာနီမိုဟာမတ်က ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ တစ်ရွာပြီး တစ်ရွာ ဝင်စီးတာဖြစ်ပြီး အဇာရီရွာမှာ ရဲစခန်းကို မီးရှို့ကြပြီး ရဲနှစ်ဦးနဲ့ အရပ်ဖက်ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးရယ်၊ စေတနာ့ဝန် ကင်းသမားတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တာပါလို့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘူလက်ဂျိမ်းစ်က ပြောပါတယ်။

ဒီ တိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ စစ်သွေးကြွတွေရဲ့ ပစ်ခတ်နေတဲ့ကြားကပဲ ချုံပုတ်တွေဆီ ထွက်ပြေးပုန်းအောင်းကြပါတယ်။

“ချုံပုတ်တွေထဲကနေ သေနတ်မှန် သေဆုံးတဲ့ ရုပ်အလောင်း ငါးလောင်းကို တွေ့ရှိပြီး အမျိုးသမီး ခြောက်ဦးလည်း သေနတ်ထိမှန်ထားပါတယ်။”လို့ ဂျိမ်းစ်က ပြောပါတယ်။

“သူတို့တွေ အလွတ်ပြေးဖို့ ကြိုးစားနေချိန်မှာ အားလုံး ပစ်ခတ်ခံရပြီး ထိမှန်တာပဲ ဖြစ်တယ်။”လို့ သူက ထပ်ပြောပါတယ်။

တာရှန်ကျေးရွာမှာတော့ တိုက်ခိုက်ရေးသမားတွေ မရောက်လာခင် ကျေးရွာအပေါ်မှာ မိုးပြီး ရှိနေတဲ့ တောင်ကုန်းတွေဆီ ဒေသခံတွေက ထွက်ပြေးကြကြောင်း ဒေသခံတစ်ဦးဖြစ်တဲ့ လူကာမူဆာက ပြောပါတယ်။

“သူတို့တွေ ရောက်လာချိန်မှာတော့ ထင်ရာစိုင်းတော့တာပဲ၊ စိတ်ကြိုက် မီးရှို့ကြတယ်။ ဘုရားကျောင်း သုံးကျောင်း၊ အိမ်သုံးအိမ်နဲ့ ဆေးဆိုင်တစ်ဆိုင် မီးရှို့ခံရတယ်။”လို့ မူဆာက ဆိုပါတယ်။

ဘိုကိုဟာရမ်တွေဟာ မကြာသေးတဲ့ ရက်တွေမှာ တိုက်ခိုက်မှုတွေ ဆင်နွှဲလာတာပါ။

စနေနေ့က ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ ခရစ္စမတ်အကြိုနေ့မှာ ကျေးရွာတစ်ရွာကို တိုက်ခိုက်ခဲ့ပြီး လူ ၁၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အဲဒီ ဂျီဟတ်အုပ်စုက အတည်ပြုပြောပြီး ခရစ်ယာန်ဘုန်းကြီးတစ်ပါးကိုလည်း ပြန်ပေးဆွဲလာတာကို ဗီဒီယိုမှာ ပြသခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က စတင်ပြီး ဘိုကိုဟာရမ်နဲ့ ကွဲထွက်အုပ်စုဖြစ်တဲ့ ISWAP အုပ်စုတွေဟာ နိုင်ငံအရှေ့မြောက်ပိုင်းမှာ လူပေါင်း ၃၆၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ ဘေးလွတ်ရာထွက်ပြေးခိုလှုံသူဦးရေဟာ နှစ်သန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required