ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇဖရ်ရှား ဒါရ်ဂါ သို့သွားရောက်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇဖရ်ရှား ဒါရ်ဂါ သို့သွားရောက်
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

ဒီဇင်ဘာ ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ရွှေတိဂုံဘုရားအနီး ဒဂုံမြို့နယ်ထဲရှိ အစ္စလာမ်ဘာသာဝင်တို့၏ ဝတ်ပြုဆုတောင်းရာ ဇဖရ်ရှား ဒါရ်ဂါ သို့သွားရောက်လှူဒါန်းမှုများပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ဇဖရ်ရှား ဒါရ်ဂါ သို့ သွားရောက်လှူဒါန်းသည်မှာ ယခုတစ်ကြိမ်ပါဝင်ပါက သုံးကြိမ်တိတိရှိပြီဖြစ်ပြီး နောက်ဆုံးတစ်ကြိမ်မှာ ရွေးကောက်ပွဲမကျင်းပမီ စက်တင်ဘာ ၇ ရက်နေ့ဖြစ်သည်။

“ သခင်ကြီးကို ဂါဝရပြုတဲ့သဘောလည်းပါတာပေါ့။ သူနဲ့အတူ တပ်မတော် ကြည်း၊ ရေ၊ လေ ကအရာရှိကြီးတွေလဲပါလာပါတယ်။ ဗမာပြည်ဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေတဲ့အကြောင်းရယ်၊ စည်းလုံးခြင်းသည်အင်အားရှိသည်ဆိုတဲ့အကြောင်းရယ်၊ ဗုဒ္ဓဘာသာလူအများစုကိုးကွယ်ပေမယ့် ကျန်တဲ့ ဘာသာကြီးများရှိတယ်ဆိုတာအသိမှတ်ပြုပြီး အားလုံးကလည်းပဲ We  are Myanmar ဆိုတဲ့စိတ်နဲ့ အားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်လုပ်ကြဖို့။ အထူးသဖြင့် ကိုဗစ်ကိစ္စကိုပဲ အဓိကပြောတာပါ။ ရောဂါရော၊ စီးပွားရေး ဂယက်ရောတွန်းလှန်ကြရမယ်ဆိုပြီး အဲ့လိုပဲပြောပါတယ်” ဟု ဇဖရ်ရှား ဒါရ်ဂါ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်ကပြောသည်။

ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဇဖရ်ရှား ဒါရ်ဂါ တာဝန်ရှိသူများထံ COVID ကာကွယ်ရေး ပစ္စည်းများနှင့် အလှူငွေကျပ် သိန်း ၂၀၀ ကိုလှူဒါန်းခဲ့ကြောင်းလည်းသိရသည်။

ထိုသို့မသွားရောက်မီ တစ်ပတ်ခန့်အလိုက ရခိုင်ပြည်နယ်နေ့အတွက် တပ်ချုပ်၏သဝဏ်လွှာထဲတွင် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား (၇) မျိုးအနက် အစ္စလာမ်ဘာသာအများစုကိုးကွယ်ကြသည့် ကမန်တိုင်းရင်းသားများ၏ အမည်ကိုဖော်ပြရန် ကျန်ရှိခဲ့သည့်ကိစ္စကြောင့် ကမန်တို့က ဝေဖန်မှုနှင့် ကြုံခဲ့ရသေးသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီမှနေ၍ ကြေငြာချက်တစ်စောင်ထုတ်ပြန်ကာ တပ်ချုပ်နှင့်တွေ့ဆုံရှင်းပြခွင့်ရရရေး စာပို့တောင်းဆိုထားသည်။

တပ်ချုပ်သွားရောက်လှူဒါန်းခဲ့သည့် ဇဖရ်ရှား ဒါရ်ဂါ ဆိုသည်မှာ အိန္ဒိယ၏ နောက်ဆုံးဘုရင်ဖြစ်သည့် မဂိုဘုရင် ဇဖာရှားကိုအစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။

မြန်မာဘုရင်သီပေါမင်းကို အိန္ဒိယနိုင်ငံတွင် အကျယ်ချုပ်ထားရှိသကဲ့သို့ အိန္ဒိယ၏နောက်ဆုံးဘုရင်ဖြစ်သော ဇဖာရှားကိုလည်း ဗြတိသျှအစိုးရက မြန်မာနိုင်ငံတွင် မထင်မရှားအဖြစ် အကျယ်ချုပ်နေစေခဲ့သည်။

အူရဒူ ကဗျာ၊ သူတော်စင်အဖြစ်ကြည်ညိုသူများလည်းရှိခဲ့ပြီး ၁၈၆၂ ခုနှစ် သက်တော် ၈၇ နှစ်တွင် ရန်ကုန်၌ကံတော်ကုန်ခဲ့ကာ ၎င်း၏ သင်္ချိုင်းကို ၁၉၉ဝ ကျော်မှ ပြန်တွေ့ခဲ့ပြီးနောက် ဇဖရ်ရှား ဒါရ်ဂါ ဟူ၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဇဖရ်ရှား ဒါရ်ဂါ သို့မလာရောက်မီ တပ်ချုပ်အနေဖြင့် မဘသဉက္ကဋ္ဌဟောင်း အင်းစိန်ရွာမဆရာတော်နှင့် ရန်ကုန်ကတ်လစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘို ကျောင်းသို့လည်းသွားရောက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required