ဦးရဲမင်းဦး၏ လုပ်ငန်းကိစ္စ ငြိစွန်းမှု ရှိ၊ မရှိ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများမှ ဆုံးဖြတ်လိမ့်မည်ဟုဆို  

ဦးရဲမင်းဦး၏ လုပ်ငန်းကိစ္စ ငြိစွန်းမှု ရှိ၊ မရှိ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများမှ ဆုံးဖြတ်လိမ့်မည်ဟုဆို  

ရန်ကုန်၊ ဒီဇင်ဘာ ၂၃  

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ထင်ကြေးပေးနေကြသည့် လက်ရှိ ရန်ကုန်တိုင်း စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦး၏ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ငြိစွန်းမှု ရှိ၊ မရှိကို သက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာတို့မှ ဆုံးဖြတ်လိမ့်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောသည်။  

ဦးရဲမင်းဦးနှင့် ပတ်သက်သည့် အချက်အလက်များကို သတင်းဌာနများ မဖော်ပြမီကတည်းက အုပ်ချုပ်ရေးပိုင်းမှ သိရှိပြီးဖြစ်သည်ဟုလည်း NLD ပါတီ၏ တိုင်ကြားစာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်က ပြောသည်။   

“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့မှာ ဘယ်လောက် တာဝန်ရှိတယ်ဆိုတာက အခုထိ ထင်ထင်ရှားရှား ပေါ်ပေါက်ခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့က‌တော့ သက်ဆိုင်ရာဌာနတွေက အကယ်၍ တစ်စုံတစ်ရာ ငြိစွန်းမှုရှိတယ်ဆိုပြီး ဖော်ထုတ်လာခဲ့ရင်တော့ ဒါကို ထည့်သွင်းစဉ်းစားရမှာပါ။ အခုလို မီဒီယာမှာပါတဲ့ သတင်းလောက်နဲ့တော့ သူ့ကို အရေးယူဆောင်ရွက်လို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။  

သက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာဆိုသည်မှာ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့တို့ကို ဆိုလိုခြင်း ဖြစ်ကြောင်းလည်း ဒေါက်တာ မျိုးညွန့်က ပြောသည်။  

လက်ရှိ နေပြည်တော် ဒုတိယ မြို့တော်ဝန်လည်းဖြစ်၊ နေပြည်တော် စည်ပင်ဘဏ် ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း စီမံ၊ ဘဏ္ဍာဝန်ကြီးလည်းဖြစ်သူ ဦးရဲမင်းဦးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူလည်း ဖြစ်သည်။  

၎င်းသည် တောင်ကြီးမြို့ အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာ စီမံကိန်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်နှင့် အကျိုးတူ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရထံ ပေးသွင်းရန် ကျပ်သန်း ၂၄၀၀ ကျန် ရှိနေကြောင်း Myanmar Now သတင်းဌာနက ဖော်ပြခဲ့သည်။  

ထို့အပြင် NLD အမတ်များနှင့် နီးစပ်သူများ ပါဝင်သည့် ကမ်းသာယာကမ်းခြေ ဟိုတယ်ဇုန် စီမံကိန်း လုပ်ဆောင်ရန် ရခိုင်ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီကို ထူထောင်ခဲ့ခြင်းကြောင့် အကျိုးစီးပွား ပဋိပက္ခများ ဖြစ်လာနိုင်ကြောင်းလည်း Myanmar Now က ထပ်မံ ရေးသားဖော်ပြခဲ့သည်။ 

ယင်းကိစ္စများနှင့် ပတ်သက်၍ ဦးရဲမင်းဦးကို မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ် မရေသေးပေ။  

အကျိုးစီးပွား ပဋိပက္ခ ဖြစ်လာနိုင်သည် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာ မျိုးညွန့်က “လုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု ရှိရမှာပါ။ အဲ့ဒီ ပွင့်လင်းမြင်သာမှု ရှိဖို့ကိစ္စမှာ အခု မီဒီယာမှာ ပေါ်ပေါက်နေတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ အကျိုးစီးပွား ပဋိပက္ခ ဖြစ်လောက်တယ် ဆိုတာကို ထင်ရှားတဲ့ အထောက်အထားတော့ အခုထိ မတွေ့သေးပါဘူး” ဟု ပြောသည်။  

အကြောင်းမှာ ရခိုင်ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို ထူထောင်ခဲ့သည်မှာ မှန်သော်လည်း အထူးအခွင့်အရေး ယူခြင်းမျိုး မတွေ့ရသကဲ့သို့ လုပ်ငန်း မဆောင်ရွက်ရသေးသည့်အတွက် မှားယွင်းကြောင်း ပြော၍မရကြောင်း ဒေါက်တာ မျိုးညွန့်က ဆိုသည်။  

သို့သော်လည်း ဌာနဆိုင်ရာ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများဘက်မှ တစ်စုံတစ်ရာ ညှိစွန်းကြောင်း ပြောဆိုလာပါက ပါတီမှနေ၍ လိုအပ်သလို စုံစမ်းစစ်ဆေးမှု၊ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required