နိုင်ဂျီးရီးယား ဂျီဟတ်ဒစ်တွေက စစ်သား ၅ ဦးကို သတ်ပြီး အရပ်သား ၃၅ ယောက်ကို ပြန်ပေးဆွဲသွား 

နိုင်ဂျီးရီးယား ဂျီဟတ်ဒစ်တွေက စစ်သား ၅ ဦးကို သတ်ပြီး အရပ်သား ၃၅ ယောက်ကို ပြန်ပေးဆွဲသွား 
Photo - AFP

ဒီဇင်ဘာ ၂၁

အိုင်အက်စ်နဲ့ မဟာမိတ်ပြုထားတဲ့ ဂျီဟတ်ဒစ်တွေက စစ်ယာဉ်တန်းတစ်ခုကို ခြံခိုတိုက်ခိုက်ခဲ့လို့ နိုင်ဂျီးရီးယားစစ်သား ငါးဦး ကျဆုံးခဲ့ပြီး အခြား တိုက်ခိုက်မှုတစ်ခုမှာလည်း အရပ်သား ၃၀ ကျော် ပြန်ပေးဆွဲခံလိုက်ရတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က နိုင်ငံအရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ စစ်ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံခဲ့ရတာဖြစ်သလို စစ်သွေးကြွတွေဟာ ယင်းနေ့မတိုင်မီကလည်း အလားတူ ဒေသမှာပဲ သယ်ယူပို့ဆောင်ရေးယာဉ်တန်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီး လူ ၃၅ ဦးကို ပြန်ပေးဆွဲကာ အမျိုးသမီးတစ်ဦးကို သတ်ခဲ့တယ်လို့ သိရပါတယ်။ 

နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်အဖွဲ့နဲ့ သင်းကွဲဂိုဏ်းတစ်ခုဖြစ်တဲ့ အိုင်အက်စ်နဲ့ ဆက်နွယ်တဲ့ အစ္စလမ္မစ်နိုင်ငံတော် အနောက်အာဖရိကပြည်နယ် (ISWAP) တို့ဟာ ဆယ်စုနှစ်ချီကြာ တိုက်ခိုက်မှုတွေအတွင်း လူ ၃၆,၀၀၀ ကို သတ်ခဲ့ပြီး လူနှစ်သန်းဝန်းကျင်ကို နေရပ်စွန့်ခွာထွက်ပြေးထားစေခဲ့ပါတယ်။ 

စနေနေ့က စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့မှုကတော့ ပြည်နယ်မြို့တော် မိုင်ဒူဂူရီရဲ့ မြောက်ဘက် ၂၇ မိုင် (၄၄ ကီလိုမီတာ) အကွာ မာဖာမြို့ရဲ့ ပြင်ပမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

“အကြမ်းဖက်သမားတွေက စစ်ယာဉ်တန်းကို အာရ်ပီဂျီနဲ့ ပစ်ခဲ့တာပါ၊ အဲဒီမှာ ယာဉ်တစ်စီး ထိမှန်လို့ ယာဉ်ပေါ်ပါ စစ်သားငါးဦးစလုံး သေဆုံးခဲ့ပါတယ်” လို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

သောင်းကျန်းသူတွေဟာ တိုက်ခိုက်မှုမှာ ယာဉ်နှစ်စီးကို သိမ်းယူသွားခဲ့ကြောင်း အလားတူအတိုင်း သေဆုံးမှုကိန်းဂဏန်းကို ပြောခဲ့တဲ့ ဒုတိယသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။ 

ISWAP အဖွဲ့ဟာ အဓိကအဖွဲ့ဖြစ်တဲ့ ဘိုကိုဟာရမ်ကနေ လွန်ခဲ့တဲ့ ခြောက်နှစ်အကြာက သီးခြားခွဲထွက်ခဲ့ပြီး ယင်းနောက် အင်အားကြီးတဲ့ အဖွဲ့တစ်ခု ဖြစ်လာခဲ့ပါတယ်။ 

ဂျီဟတ်ဒစ်အဖွဲ့ဟာ စစ်ဘက်ပစ်မှတ်တွေကို အာရုံစိုက်ပြီး စစ်အခြေစိုက်စခန်းတွေကို ဝင်စီးတာ၊ စစ်သည်တွေကို ခြုံခိုတိုက်ခိုက်တာ၊ လမ်းတွေပေါ်မှာ မိုင်းထောင်တာ တို့ကို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်တုန်းက ၎င်းတို့ဟာ အရပ်သားတွေကိုပါ တိုက်ခိုက် ပြန်ပေးဆွဲတာတွေ လုပ်ထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ မိုင်ဒူဂူရီကနေ ၂၅ ကီလိုမီတာအကွာ ဂျာကာနာမြို့ ပြင်ပ ဂါရင် ကက်တူရူ ရွာက အတုအယောင် စစ်ဆေးရေးဂိတ်တစ်ခုမှာ ISWAP စစ်သွေးကြွတွေက လူ ၃၅ ဦးထက်မနည်းကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ 

“အိုင်အက်စ်ဒဗလျူအေပီ အဖွဲ့က စစ်ယူနီဖောင်းတွေ ဝတ်ထားပြီး ကားတွေကို ရပ်ခိုင်းခဲ့ပါတယ်၊ အဲဒီမှာ ခရီးသည်တစ်ချို့က ခြုံတွေထဲ ထွက်ပြေးခဲ့ကြပြီး ၃၅ ယောက်ကတော့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်” လို့ အစိုးရ ထောက်ခံတဲ့ ပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ခြုံတွေထဲ ထွက်ပြေးသူတွေကို စစ်သွေးကြွတွေက ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး လူတချို့ ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ၎င်းက ပြောပါတယ်။ 

မိုင်ဒူဂူရီနဲ့ အနီးအနား ယိုဘီပြည်နယ်ရဲ့ မြို့တော် ဒါမာတူရူကို ချိတ်ဆက်ထားတဲ့ ကီလိုမီတာ ၁၂၀ ရှိ အဝေးပြေးလမ်းမတစ်လျှောက်မှာ တည်ရှိတဲ့ ဂျာကာနာကတော့ ISWAP ရဲ့ အမာခံနယ်မြေတစ်ခုဖြစ်ပါတယ်။ 

အဆိုပါ ဧရိယာမှာ ဂျီဟတ်ဒစ်တွေက အရပ်သားတွေကို ပြန်ပေးဆွဲမှုဖြစ်စဉ်တွေ မြင့်တက်ထားခဲ့လို့ စစ်ဘက် တပ်ဖြန့်မှုတွေ တိုးမြှင့်ထားခဲ့ပေမယ့် ပြန်ပေးဆွဲမှုတွေကိုတော့ တားဆီးနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly