တပ်မတော်၏ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအပေါ် ကမန်အဖွဲ့အစည်းတချို့ မေးခွန်းထုတ် 

တပ်မတော်၏ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအပေါ် ကမန်အဖွဲ့အစည်းတချို့ မေးခွန်းထုတ် 
ဓာတ်ပုံ - ကမန်တိုင်းရင်းသား လူငယ်များ အစည်းအရုံး / Facebook

ရန်ကုန်၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၀ 

ရခိုင်ပြည်နယ်နေ့အတွက် ဒီဇင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဝဏ်လွှာထဲတွင် ကမန်တိုင်းရင်းသား အမည်ကို ဖော်ပြရန် ကျန်ရှိခဲ့သည့်အပေါ် ကမန်တိုင်းရင်းသား အဖွဲ့အစည်းတချို့က မေးခွန်းထုတ်လိုက်သည်။  

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်နေ့အတွက် တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား (၇) မျိုး ဖြစ်သည့် ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီ၊ ကမန်နှင့် မာရမာကြီး အနက် (၆) မျိုးကိုသာ ပါဝင်ခဲ့ပြီး ကမန်တိုင်းရင်းသားအမည် ကျန်ခဲ့ခြင်း ဖြစ်သည်။  

“ဒါက လူတစ်ယောက်ကို ရိုက်မှရယ် မဟုတ်ဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ချိုးနှိမ်တာလို့ ကျွန်တာ်မြင်တယ်။ ဒါမှမဟုတ် အသိအမှတ် မပြုတာလား။ မြန်မာနိုင်ငံထဲမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ လူမျိုးတစ်မျိုးကို တခြားအဖွဲ့အစည်းအနေနဲ့ တင်ပြရင် မပြောလိုဘူး။ လက်ရှိ မြန်မာနိုင်ငံ တပ်မတော်ဆိုတာ ကျွန်တော်တို့ပြည်သူ၊ တိုင်းရင်းသားတွေ အကုန်လုံးကို ကာကွယ်နေတဲ့ တပ်မတော်ကြီးတစ်ခု၊ အဲ့လို တပ်မတော်ကြီးတစ်ခုကနေ ဒီလို ထုတ်ပြန်တယ်ဆိုတာ မဖြစ်သင့်ဘူးထင်တယ်” ဟု ကမန်တိုင်းရင်းသား လူငယ်များ အစည်းအရုံး ပြောခွင့်ရသူ ကိုရန်နိုင်စိုးက ပြောသည်။  

ယခုကဲ့သို့ လူနည်းစု တိုင်းရင်းသားအမည်တစ်ခု ကျန်ရစ်ခဲ့ခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေ၍ ထုတ်ပြန်ချက်များကို တိတိကျကျ ရေးသားပြီး စစ်ဆေးသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။  

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ အကြံပေး၊ ကန့်ကွက်လွှာတစ်စောင် ပေးပို့ရန်ရှိနေပြီး ကမန်တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပါတီများနှင့် ဆွေးနွေးနေကြောင်းလည်း သိရသည်။  

“အကြီးအကဲတစ်ယောက် အနေနဲ့ မသိဘူးဆိုတာလည်း မဖြစ်နိုင်ဘူး။ တမင်ပဲ ချန်လှပ်ခဲ့တာလား။ မဟုတ်ဘဲနဲ့ တခြား ကျွန်တော်တို့လူမျိုးတွေ စိတ်မကောင်းဖြစ်ပြီး ဒီကိစ္စကို အဖွဲ့အစည်းတွေ ရှိတယ်ဗျာ၊ ကွန်ရက်တို့၊ လူငယ်အစည်းအရုံးတို့ သူတို့ကလည်း ထုတ်ပြန်ထားတာရှိတယ်။ ကျွန်တော်တို့ပါတီကလည်း စာထုတ်လည်း ထုတ်မယ်။ နောက်ပြီး စဉ်းစားထားက ဗိုလ်ချုပ်မှူးကြီးဆီလည်း စာတစ်စောင် ပို့မယ်ဗျ။ စာပေးဖို့ကတော့ ကျိန်းသေပါတယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်းပို့မှာပါ” ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုးက ပြောသည်။  

မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး တိုင်းရင်းသား အမည်နာမတစ်ခုကို ရည်ရွယ်ချက်ရှိသည် ဖြစ်စေ၊ ပေါ့ဆမှုကြောင့်ဖြစ်စေ ဖော်ပြရန် ကျန်ခဲ့ခြင်းက ခွဲခြားသည်ဟု ထင်မြင်မိသွားစေ၍ နောက်ပိုင်း၌ ပဋိပက္ခကို ဦးတည်သွားစေတတ်ကြောင်း ညီမျှခြင်း မြန်မာအဖွဲ့မှ ဦးအောင်မျိုးမင်းက သုံးသပ်သည်။  

“ပထမဆုံးတော့ လက်ရှိဖြစ်တဲ့ ပြဿနာကို ချက်ချင်းဖြေရှင်းနိုင်တာက ဒါက ရည်ရွယ်ချက် မဟုတ်ဘဲ ချန်လှပ်ခဲ့တယ်ဆိုတဲ့ အကြောင်း၊ ဒါက ခွဲခြားမှုပုံစံ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို အမှန်အတိုင်း ဝန်ခံဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ဘဲ တစ်ခုခု ရည်ရွယ်ချက်ကြောင့် လုပ်ဆောင်တာ ဆိုရင်လည်း ဒါမျိုး မလုပ်ဆောင်သင့်ဘူးဗျ” ဟု ၎င်းက ဆိုသည်။  

မြန်မာနိုင်ငံတွင်းရှိ စစ်ရေးပဋိပက္ခများမှာ တန်းတူအခွင့်အရေး၊ ခွဲခြားမှုမရှိရေးများကို ဦးတည်ကာ ဖြစ်ပွားနေသည့်အတွက် ယခုကဲ့သို့ မလုပ်ဆောင်သင့်ဘဲ အမြန်ဖြေရှင်းသင့်ကြောင်းကိုလည်း ဦးအောင်မျိုးမင်းက အကြံပြုသည်။  

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ကမန်တိုင်းရင်းသားအမည်ကို ပြန်လည်ပြင်ဆင် ပြည့်စုံစွာ ဖော်ပြပေးရန် ကမန်တိုင်းရင်းသား လူမှုကွန်ရက်ကလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့က သဘောထား ထုတ်ပြန်တောင်းဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required