တပ်မတော်က နယ်မြေကျော်လာ၍ တိုက်ပွဲဖြစ်ရကြောင်း KNLA တုံ့ပြန်  

တပ်မတော်က နယ်မြေကျော်လာ၍ တိုက်ပွဲဖြစ်ရကြောင်း KNLA တုံ့ပြန်  
Photo: AFP

ဒီဇင်ဘာ ၁၆၊ ၂၀၂၀ ­­­ 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ မဲဝိုင်ဒေသအနီး ဒီဇင်ဘာ ၁၅ ရက်နေ့တိုက်ပွဲမှာ တပ်မတော်ဘက်မှ နယ်မြေကျော်လွန် စစ်ချီလာ၍ ဖြစ်ပွားရခြင်းဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ် KNLA ဘက်မှ တုံ့ပြန်ပြောဆိုလိုက်သည်။  

မဲဝိုင်ဒေသအနီး အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေသည့် တပ်မတော်သားများကို KNLA တပ်မဟာ (၅) မှ မိုင်းဆွဲတိုက်ခိုက်ကြောင်း တပ်မတော်က ဒီဇင်ဘာလ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။  

KNLA ပြောခွင့်ရ ဗိုလ်မှူးချုပ် ရှာထုဝေါင်က “မဲဝိုင်ဧရိယာမှာ တပ်မတော်ဘက်က အင်အား ထပ်တိုးလာတယ်ဗျ။ သူတို့ ကျွံလာတာပေါ့။ သူတို့က မဲဝိုင်ကိုလာပြီးတော့ တက်လာတာပေါ့။ တက်လာတဲ့ အခါကျတော့ အဲ့ဒီနယ်မြေခံတပ်တွေ စောင့်ထားတဲ့နေရာနဲ့ တိုးတာပေါ့လေ” ဟု ပြောသည်။ 

KNLA တုံ့ပြန်နှင့် ပက်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။ 

သို့သော် မဲဝိုင်အနီး တိုက်ပွဲနှင့် ပက်သက်၍ KNLA တပ်မဟာ (၅) အနေဖြင့် နယ်မြေကျော်လွန် တိုက်ခိုက်သည်ဟုဆိုကာ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) သို့ တိုင်ကြားထားကြောင်းလည်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။  

KNLA အနေဖြင့် JMC သို့ တိုင်ကြားမှု ရှိ၊ မရှိကို မသိရသေးဘဲ သက်ဆိုင်ရာ အဖွဲ့ဝင်များမှ ဆက်လက် လုပ်ဆောင်ရမည့်ကိစ္စဟုလည်း ဗိုလ်မှူးချုပ် ရှာထုဝေါင်က ပြောသည်။ ထို့အပြင် NCA ကို လေးစားလိုက်နာကြောင်းနှင့် တပ်မတော်၏ မဲဝိုင်တပ်စခန်းမှာ NCA စာချုပ်ချုပ်ဆိုပြီးမှ ချဲ့ထွင်လာသော စခန်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။  

တပ်မတော်နှင့် KNLA တို့ ၂၀၂၀ ပြည့်နှစ်အတွင်း ပစ်ခတ်မှု အကြိမ် ၃၀ ခန့်ရှိခဲ့ပြီး ဒီဇင်ဘာလ အရောက်တွင် နေ့တိုင်းလိုလို ပစ်ခတ်မှုများရှိခဲ့ပြီး ယခုတစ်ကြိမ်မှ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။  

“ဟိုဘက်မှာ တိုက်ပွဲက ရပ်ဆိုင်းထားပြီဆိုတော့ စစ်နားလို့ရတဲ့အခါ ဒီဘက်မှာလည်း ပြန်ပြီး ဦးလှည့်နိုင်စရာ ရှိတယ်လို့ ယူဆထားတာတော့ ရှိတာပေါ့။ ဒါက‌တော့ နှစ်ဦးနှစ်ဖက်အပေါ်၊ စေ့စပ်ကြောင်းလှမ်းတဲ့အပေါ် မူတည်တာပေါ့ဗျာ” ဟု ဗိုလ်မှူးချုပ် ရှာထုဝေါင်က သုံးသပ်သည်။  

ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဦးဆောင်ကာ တိုက်ပွဲများ ဆက်မဖြစ်စေရေး စေ့စပ်ဆွေးနွေးကြရန် လိုအပ်နေပြီဟုလည်း သူက ပြောသည်။  

ထို့အပြင် ကရင်ပြည်နယ်ရှိ ကျေးရွာများတွင် တပ်မတော်က တပ်စွဲထားသည့် စခန်းများကို ၂၀၂၀ ပြည့်နှစ် အကုန်တွင် အပြီးအပိုင် ရုတ်သိမ်းပေးရန်လည်း KNLA က ဒီဇင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန် တောင်းဆိုထားသည်။  

ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNLA ၏ မိခင်အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစောဆုံး လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly