ဘိုကိုဟာရမ်တို့ ပြန်ပေးဆွဲသွားတဲ့ ကျောင်းသားတွေ ပြန်လွတ်လာဖို့ နိုင်ဂျီးရီးယားမိဘတွေ ဆုတောင်းနေ

ဘိုကိုဟာရမ်တို့ ပြန်ပေးဆွဲသွားတဲ့ ကျောင်းသားတွေ ပြန်လွတ်လာဖို့ နိုင်ဂျီးရီးယားမိဘတွေ ဆုတောင်းနေ

ဒီဇင်ဘာ ၁၆

နိုင်ဂျီးရီးယားနိုင်ငံ ကက်စီနာပြည်နယ်မှာ ရာနဲ့ချီ ရှိတဲ့ ကျောင်းသားကလေးငယ်တွေ  ကို သေနတ်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုအခါမှာ ကျောင်းသားမိဘတွေက ၎င်းတို့ရဲ့ ကလေးတွေ ပြန်လွတ်လာနိုင်ဖို့အတွက် စိတ်ပင်ပန်းကြီးစွာနဲ့ မျှော်ကိုးဆုတောင်းနေကြရပါတယ်။ 

ဂျီဟတ်ဒစ် အစွန်းရောက်အဖွဲ့ ဘိုကိုဟာရမ်က ကျောင်းသားတွေကို အဓမ္မခေါ်ဆောင်သွားမှုဟာ ၎င်းတို့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ 

ဘိုကိုဟာရမ်တို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်စုကျော်အကြာက ဂျီဟတ်ဒစ် ထကြွှမှုတစ်ခုကို စတင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဒီဖြစ်စဉ်ဟာ အဆိုပါဒေသမှာ ၎င်းတို့ရဲ့ ပထမဆုံး တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ 

“ဒီ စာသင်ကျောင်းမှာ ကျွန်တော့် ကလေး သုံးဦး တက်နေတာပါ၊ အကြီးဆုံးသားက ခြံစည်းရိုးကို ကုတ်ကတ်တက်ပြီး လွတ်သွားခဲ့ပါတယ်၊ ပြီးတော့ မြို့ထဲက ဒေသခံတစ်ဦးရဲ့ အိမ်က ဖုန်းနဲ့ ကျွန်တော့်ဆီ လှမ်းဆက်ခဲ့ပါတယ်၊ ကျောင်းမှာ ပြဿနာ ဖြစ်ခဲ့ပြီး မနေ့ညတုန်းက ဘယ်လိုဘယ်ပုံတွေ ဖြစ်ခဲ့တယ်ဆိုတာနဲ့ သူ့ညီ နှစ်ယောက်ကိုလည်း မတွေ့ရတော့တဲ့အကြောင်း ကျွန်တော့်ဆီ လှမ်းဆက်ပြောခဲ့တာပါ” လို့ ပြန်ပေးဆွဲခံ ကျောင်းသားတွေထဲမှာ သားနှစ်ဦး ပါသွားခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ အဘူဘက်ကာ လာဝမ်က ပြောပြပါတယ်။ 

“အရိုးသားဆုံး ပြောရရင် ကျွန်တော်ကတော့ ဘိုကိုဟာရမ်တို့ရဲ့ ပြောကြားမှုကို အယုံအကြည် မရှိပါဘူး၊ အဲဒါက အလိမ်အညာတစ်ခုပါပဲ၊ ဘာလို့လဲဆိုတော့ ဘိုကိုဟာရမ် ခေါင်းဆောင် ရှက်ကောင်းက လူတွေကို ဇဝေဇဝါဖြစ်အောင် ဒီလိုမျိုးအလိမ်အညာတွေကို လုပ်တတ်တဲ့သူတစ်ယောက်ဖြစ်နေလို့ပါ၊ ဒီအပေါ်မှာ ကျွန်တော် မယုံကြည်မိဘူး၊ အခြေအနေက သူပြောတဲ့အတိုင်း မဖြစ်နိုင်ပါဘူး” လို့လည်း ၎င်းက ပြောသွားပါတယ်။ 

“အာဏာပိုင်တွေကတော့ ဖမ်းဆီးခံကလေးတွေ ပြန်လွတ်ဖို့ ပြန်ရွေးငွေကိစ္စနဲ့ပတ်သက်လို့  ပြန်ပေးဆွဲသမားတွေနဲ့ စတင် ညှိနှိုင်းနေပါတယ်၊ ကျွန်တော်တို့ရဲ့ ကလေးတွေ အာဏာပိုင်တွေ လက်ထဲ ပြန်ရောက်လာဖို့ ကိုပဲ ကျွန်တော် ပိုလိုလားမိပါတယ်၊ ဘုရားသခင်ရဲ့ အလိုအတိုင်းအားဖြင့်ပဲ ကျွန်တော်တို့ကို ထိခိုက်နာကျင်မှုတွေ သက်သာရာ ရစေပါလိမ့်မယ်” လို့လည်း ၎င်းက ပြောသွားပါတယ်။ 

“ခုချိန်မှာ ကျွန်မတို့ဟာ ငိုပဲ ငိုနေမိတယ်၊ ကျွန်မတို့ရဲ့ စိတ်နှလုံးတွေဟာလည်း ဝမ်းနည်းကြေကွဲနေရတယ်၊ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိတော့ဘူး၊ ကျွန်မတို့ဟာ စကားပြောဖို့တောင် တော်တော်လေး ပင်ပန်းနေပါပြီ၊ ကျွန်မတို့ကို ကူညီပေးဖို့ အစိုးရကို မေတ္တာရပ်ခံထားပါတယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး မာဆာရီကိုလည်း အကူအညီတောင်းထားပါတယ်၊ အလ္လာဟ်အရှင်မြတ်ကိုလည်း ကျွန်မတို့ရဲ့ ကလေးတွေ ဒီလူတွေလက်ထဲကနေ ဘေးကင်းကင်းနဲ့ ပြန်လွတ်လာအောင် ကူညီပေးပါလို့ ဆုတောင်းထားပါတယ်” လို့ ပြန်ပေးဆွဲခံ ကျောင်းသားတစ်ဦးရဲ့ မိခင်ဖြစ်တဲ့ မာဂျာ ဂိုမာက ပြောသွားခဲ့ပါတယ်။ 

ရာနဲ့ချီတဲ့ ကျောင်းသားကလေးတွေကို ပြန်ပေးဆွဲထားတယ်လို့ နိုင်ဂျီးရီးယားရဲ့ ဘိုကိုဟာရမ် အဖွဲ့က ဒီဇင်ဘာ ၁၅ ရက်က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ယင်းအဖွဲ့ဟာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး အစ္စလမ္မစ် အဖွဲ့တစ်ခုအနေနဲ့ စတင် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဆယ်စုနှစ်နဲ့ချီ ယင်းအဖွဲ့ရဲ့ ထကြွသောင်းကျန်းမှုတွေကြောင့် နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းကို ဖွတ်ဖွတ်ညက်ညက် ကြေစေခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အသေခံ ဗုံးခွဲမှုတွေက အိမ်နီးချင်း ချတ်၊ နိုင်ဂျာ နဲ့ ကင်မရွန်းအထိပါ ကူးစက်ထားခဲ့ပါတယ်။ 

အဖွဲ့ရဲ့ တည်ထောင်သူ မိုဟာမက် ယူဆက်ဖ် သေဆုံးပြီးနောက်ပိုင်း ၎င်းရဲ့နေရာ ဆက်ခံခဲ့တဲ့ ခေါင်းဆောင် အဘူဘက်ကာ ရှက်ကောင်းဟာလည်း စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဗလီတွေနဲ့ ပြည်နယ် လုံခြုံရေးတပ်ဖွဲ့တွေအပေါ် လူသေဆုံးစေတဲ့ တိုက်ခိုက်မှု ကမ်ပိန်းတစ်ခုကို လုပ်ဆောင်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly