AA အပါအဝင်မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရတို့ ဒီဇင်ဘာလကုန်ပိုင်းတွင်တွေ့ဆုံနိုင်ဟုဆို 

AA အပါအဝင်မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရတို့ ဒီဇင်ဘာလကုန်ပိုင်းတွင်တွေ့ဆုံနိုင်ဟုဆို 

ဒီဇင်ဘာ ၁၀ 

တပ်မတော်နှင့် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရခိုင့်တပ် (AA) အပါအဝင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့နှင့် အစိုးရတို့ လာမည့် ဒီဇင်ဘာလကုန်ပိုင်းတွင်တွေ့ဆုံဖွယ်ရှိကြောင်း မြောက်ပိုင်းလေးဖွဲ့ နှင့် အစိုးရအကြား ဆက်သွယ်ဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလမိုင်ဂွန်ဂျာက ပြောသည်။ 

 “အစိုးရဘက်ကအဆင်သင့်ဖြစ်လာတဲ့အချိန်ကျရင် ဘယ်နေရာဘယ်ဒေသမှာတွေ့မယ်ဆိုတာ အစိုးရဘက်က အကြောင်းကြားလာရင် ကျွန်တော်တို့လည်းပဲ သက်ဆိုင်ရာ သူတို့မြောက်ပိုင်း လေးဖွဲ့ ကိုပြန်တင်ပြပြီးတော့ ဆက်လုပ်သွားဖို့ရှိတယ်။ ဒီဇင်ဘာလအတောတွင်း (သို့မဟုတ်) ၂၀၂၁ ဇန်နဝါရီလမှာဖြစ်မလားတော့ မပြောတတ်ဘူးလေ။ အခုတော့ အားလုံးတာဆူနေတယ်ဆိုတော့ ဖြစ်တော့ဖြစ်လာလိမ့်မယ်လို့ထင်တယ် ” ဟု ၎င်းကပြောသည်။ 

ပြီးခဲ့သည့်နိုဝင်ဘာ ၂၅ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးခြင်းအစပျိုးမှုအနေဖြင့် တပ်မတော်နှင့် AA တို့ မိနစ် ၃၀ ခန့်ကြာသည့် အွန်လိုင်းအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ၎င်းဆွေးနွေးမှု၏ နောက်ဆက်တွဲအနေဖြင့် ဒီဇင်ဘာ ၉ ရက်နေ့တွင် “ဝ” ထိန်းချုပ်နယ်မြေရှိ ပန်ဆန်းတွင် နှစ်ဖက်ကိုယ်စားလှယ်များ တစ် နာရီကြာ ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

အဆိုပါကိစ္စရပ်နှင့်ပက်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။ 

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) မှာ အကြံပေးတစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကလည်း ဒီဇင်ဘာလဆန်းပိုင်းတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့မှ ကိုယ်စားလှယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော နေပြည်တော်တွင်ပြုလုပ်သည့်အစည်းအဝေးတွင် မြောက်ပိုင်းလေးဖွဲ့အပြင်၊ “ဝ”အဖွဲ့၊ မိုင်းလားအဖွဲ့တို့နှင့် တွေ့ဆုံနိုင်ရေးဆွေးနွေးဖြစ်ခဲ့ကြောင်းပြောသည်။ 

“ မြောက်ပိုင်းလေးဖွဲ့လို့ပြောတာက သူတို့က နဂိုတည်းကလေးဖွဲ့နဲ့မှတွေ့မယ်လို့ပြောတာကိုး။ ပြောတဲ့အတွက် ကျွန်တော်တို့ကလည်းလေးဖွဲ့အတွက် အပြင်အဆင်လုပ်ရတာပေါ့ဗျာ။ လုပ်ရင်းနဲ့မှ လိုအပ်လို့ တစ်ဖွဲ့ချင်းလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါကတော့ ကျွန်တော်လည်း အခုပြောလို့မရဘူးလေ ”  ဟု ဦးလှမောင်ရွှေက ရှင်းပြသည်။ 

အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့တို့အကြား ပြီးခဲ့သည့်နှစ်က ဆွေးနွေးမှုများပြုလုပ်နေခဲ့သော်လည်း သိသိသာသာတိုးတက်မှုမရရှိသေးဘဲ ရွေးကောက်ပွဲနှင့် COVID-19 ကိစ္စရပ်များကြောင့် ဆွေးနွေးမှုများရပ်ဆိုင်းခဲ့ရသည်။ 

 အစိုးရ၊ တပ်မတော်ဘက်ကသာမက တိုင်းရင်းသားလက်နက်ကိုင်များကပါ အမှန်တကယ်ငြိမ်းချမ်းရေး လိုချင်သည့်ဆန္ဒအမှန်ဖြင့်ဆွေးနွေးကြမှသာ တိုးတက်မှုရရှိလိမ့်မည်ဖြစ်ကြောင်း ဦးလမိုင်ဂွန်ဂျာက သုံးသပ်သည်။ 

“ ဆွေးနွေးခဲ့တာလည်းအတော်ကြာလာပြီလေ။ အဲ့တာကြောင့်မို့လို့ လုပ်တဲ့အပေါ်မှာ အောင်မြင်မှုရလား၊ မရဘူးလားဆိုတာ ဝေဖန်ဆန်းစစ်ပြီးတော့မှ မဖြစ်ရင်လည်း ဘာကြောင့်မဖြစ်ဘူးလည်းဆိုတာ အပြောင်းအလဲကအစပေါ့လေ။ လူပြောင်းလဲတာကစ၊ မူပြောင်းလဲတာကစ ပြောင်းလဲပြီးလုပ်သင့်တယ်လို့ ကျွန်တော်ကဒီလိုပဲမြင်တယ်ဗျ ” ဟုအဆိုပါပုဂ္ဂိုလ်က ပြောသည်။ 

ကချင်လွတ်လပ်ရေးတပ် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ရခိုင့်တပ် (AA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) စသည့် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့မှ မြောက်ပိုင်းလေးဖွဲ့အဖြစ် မဟာမိတ် ဖွဲ့ထားခြင်းဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly